တောင်တရုတ်ပင်လယ်တွင် အမေရိကန်၏ မောင်းသူမဲ့ ရေယာဉ်တစ်စင်းအား တရုတ်က သိမ်းယူ

တောင်တရုတ်ပင်လယ်တွင် အမေရိကန်၏ မောင်းသူမဲ့ ရေယာဉ်တစ်စင်းအား တရုတ်က သိမ်းယူ
Published 17 December 2016

တောင်တရုတ်ပင်လယ်ရှိ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ထဲတွင် တရုတ်သည် အမေရိကန်၏ ရေအောက်သွား မောင်းသူမဲ့ ယာဉ်ငယ်တစ်စင်းအား တရားမဝင် သိမ်းယူခဲ့ကြောင်း ပင်တဂွန်က ဒီဇင်ဘာ ၁၆ ရက် တွင် ထုတ်ပြန်ခဲ့ပြီး ယင်းသည် ပိုင်ဆိုင်မှု အငြင်းပွားနေရာတွင် တရုတ်စစ်ဘက်တည်ရှိမှုနှင့် ပတ်သက်၍ တင်းမာမှုအား သေချာပေါက် မြင့်တက်စေမည် ဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်၏ ဆူးဘစ်ဘေးအလွန် အနောက်မြောက်ဘက် ရေမိုင် ၅၀ (ကီလိုမီတာ ၉၀) ခန့်အကွာတွင် ယင်းရေယာဉ်ငယ်အား အကြမ်းဖက်မှု မပါဝင်သည့်ဖြစ်စဉ်တွင် သိမ်းယူခံခဲ့ရခြင်းဖြစ်ကြောင်း ပင်တဂွန်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ကြီးဂျက်ဒေးဗစ်က ပြောကြားခဲ့သည်။ ရေအပူချိန်၊ ဆားပါဝင်မှုနှုန်းနှင့် ရေမျက်နှာပြင် ကြည်လင်မှုဆိုင်ရာ အချက်အလက်များအား ပုံမှန်အတိုင်း စုဆောင်းသော ယင်းရေယာဉ်ငယ်နှစ်စင်းအား အရပ်သားများ မောင်းနှင်လာသည့် USNS Bowditch သင်္ဘောက ပြန်လည်ခေါ်ယူစဉ် ယင်းသိမ်းယူမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တရုတ်၏ Dalang class ကယ်ဆယ်ရေး ရေငုပ်သင်္ဘောတစ်စင်းက Bowditch သင်္ဘောနှင့် ကိုက် ၅၀၀ အတွင်း ရပ်နားခဲ့ပြီးနောက် ယင်းရေယာဉ်ငယ် နှစ်စင်းအနက် တစ်စင်းအား သိမ်းယူခဲ့ခြင်းဖြစ်ပြီး အမေရိကန် သင်္ဘောက ကျန်တစ်စင်းအား ပြန်လည်ခေါ်ယူနိုင်ခဲ့သည်။ တရားမဝင် သိမ်းယူထားသော ယင်းရေယာဉ်ငယ်အား တရုတ်က ချက်ချင်းပြန်ပေးရန်အတွက် ပင်တဂွန်က ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း ဒေးဗစ်က ပြောကြားခဲ့သည်။
 
ယင်းသိမ်းယူခဲ့သော ရေယာဉ်ငယ်အား ထားခဲ့ရန် အမေရိကန်သင်္ဘောက ရေဒီယိုမှတစ်ဆင့် တောင်းခံခဲ့ကြောင်း ဒေးဗစ်က ပြောကြားခဲ့သည်။ ယင်းတောင်းခံမှုအား လက်ခံရရှိကြောင်းသာ တရုတ်သင်္ဘောက မက်ဆေ့ချ် ပြန်ပို့ခဲ့မှုမှလွဲ၍ တုံ့ပြန်မှု မပြုခဲ့ပေ။ ၎င်းတို့သည် ပုံမှန်လုပ်ငန်းစဉ်များကို ပြန်လည်လုပ်ဆောင်နေကြောင်းသာ တရုတ်သင်္ဘောက အကြောင်းပြန်ခဲ့သည်ဟု ဒေးဗစ်က ပြောကြားခဲ့သည်။ ယင်းရေအောက်သွား မောင်းသူမဲ့ရေယာဉ် (UUV) သည် အမေရိကန်၏ အချုပ်အခြာအာဏာမှ ကာကွယ်မှုပေးထားသော ရေယာဉ်ဖြစ်ကြောင်း၊ ယင်းရေယာဉ်အား ချက်ချင်းပြန်ပေးရန်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ တာဝန်ဝတ္တရားများအား လိုက်နာရန် တရုတ်ကို တောင်းဆိုကြောင်း ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ပီတာကွတ်က ပြောကြားခဲ့သည်။
ယင်းသိမ်းယူခံခဲ့ရသော ရေယာဉ်ကို ဒေါ်လာ ၁၅၀၀၀၀ ဖြင့် ဝယ်ယူနိုင်ကြောင်း ဒေးဗစ်ကဆိုခဲ့သည်။ ယင်းရေယာဉ်မှ စုဆောင်းသော အချက်အလက်များသည် လျှို့ဝှက်ချက်မဟုတ်ဘဲ ညစ်ထေးသော ရေပြင်များထဲတွင် ရေငုပ်သင်္ဘောများက သွားလာနိုင်ရန်နှင့် အသံလှိုင်း အကွာအဝေးအား ဆုံးဖြတ်နိုင်ရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ USNS Bowditch သည် သုတေသနနှင့် စာရင်းပြုစုသည့် သင်္ဘောဖြစ်ပြီး စစ်သင်္ဘောတစ်စင်းနှင့် မတူကြောင်း သိရသည်။ တရုတ်သင်္ဘော ကိုယ်ထည်၏ နံပါတ်မှာ ASR-510 ဖြစ်ကြောင်း ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။
အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသော ဒေါ်နယ်ထရန့်က ထိုင်ဝမ်နှင့် ပတ်သက်၍ အမေရိကန်၏ ကာလရှည်ကြာ မူဝါဒအား မေးခွန်းထုတ်ခြင်း၊ တရုတ်သည် ငွေကြေးတန်ဖိုးအား ဈေးကစားနေသည်ဟု စွပ်စွဲခြင်းနှင့် တရုတ်၏ ပို့ကုန်များအား ဒဏ်ခတ်သည့်အနေဖြင့် အခွန်များစည်းကြပ်သွားမည်ဟု ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ခဲ့ပြီး တရုတ်အား ထပ်တလဲလဲ ဒေါသထွက်အောင် ပြုလုပ်ခဲ့ပြီးနောက် တရုတ်က ယခုကဲ့သို့ ရေယာဉ်အား သိမ်းယူမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Ref ; AFP

Most Read

Most Recent