တောင်ကိုရီးယား သမ္မတအား ရာထူးမှ အလျင်အမြန်ဖယ်ရှားရန် ဆန္ဒပြသူများ တောင်းဆိုဆန္ဒပြ

တောင်ကိုရီးယား သမ္မတအား ရာထူးမှ အလျင်အမြန်ဖယ်ရှားရန် ဆန္ဒပြသူများ တောင်းဆိုဆန္ဒပြ
Published 17 December 2016

တောင်ကိုရီးယားတွင် ဆန္ဒပြသူများက ဒီဇင်ဘာ ၁၇ ရက်တွင် မြို့တော်ဆိုးလ်၌ ရှစ်ပတ်ဆက်တိုက် စုဝေးခဲ့ကြပြီး စွပ်စွဲပြစ်တင်မှုအဆို တင်သွင်းခံထားရသော သမ္မတပက်ကွမ်ဟီးအား ရာထူးမှအပြီးတိုင် ထုတ်ပယ်မှုကို အလျင်အမြန်လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြသည်။ ပြီးခဲ့သော သီတင်းပတ်ကျော်က အမျိုးသားလွှတ်တော်တွင် သမ္မတပက်အား စွပ်စွဲပြစ်တင်မှုအဆို အတည်ပြုခဲ့မှုကို ကျိုးကြောင်းညီညွတ်မှု ရှိ၊ မရှိ ဆုံးဖြတ်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရားရုံးသို့ ဆန္ဒပြသူများက ချီတက်ကြမည်ဖြစ်ကြောင်း စီစဉ်သူများက ပြောကြားခဲ့ကြသည်။
ယင်းဆုံးဖြတ်ချက်ချမှတ်ရန် တရားရုံးက ရက်ပေါင်း ၁၈၀ အချိန်ရမည်ဖြစ်ပြီး ဆုံးဖြတ်ချက် အလျင်အမြန်ချမှတ်ရန် ဆန္ဒပြသူများက ဖိအားပေး တောင်းဆိုနေသည်။ ပက်သည် ၎င်း၏ အုပ်ချုပ်ခွင့်အာဏာ အများအပြားအား ဝန်ကြီးချုပ်ထံ လွဲှပြောင်းပေးခဲ့ရသော်လည်း သမ္မတရာထူး ဆက်လက်ရရှိထားပြီး သမ္မတအိမ်တော်တွင် နေထိုင်ခွင့်ရရှိထားဆဲဖြစ်ကြောင်း သိရသည်။ ပက်သည် ရာထူးမှ ချက်ချင်းနုတ်ထွက်သင့်ပြီး ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုအား ခံယူသင့်သည်ဟု ဆန္ဒပြသူများက ပြင်းပြင်းထန်ထန် တောင်းဆိုနေသည်။
သို့သော် ပက်၏ ကွယ်လွန်သူဖခင် စစ်အာဏာရှင် ပက်ချုံဟီးအား စွဲစွဲမြဲမြဲ ထောက်ခံနေဆဲဖြစ်သော သက်ကြီးပိုင်းအများစု ပါဝင်သူများက ပက်အား ထောက်ခံနေဆဲဖြစ်ကြောင်း သိရသည်။ ပက်အား သစ္စာခံသူ ထောင်နှင့်ချီကလည်း စွပ်စွဲပြစ်တင်မှုအဆိုအား ပြန်လည်ရုပ်သိမ်းပေးရန်အတွက် တောင်းဆိုရန် ဒီဇင်ဘာ ၁၇ ရက် အစောပိုင်းတွင် ယင်းတရားရုံးအနီး စုဝေးခဲ့ကြသည်။ နိုင်ငံအလံများ ဝှေ့ယမ်းပြီး နှင်းဆီနီများ ကိုင်ဆောင်လျက် ယင်းဆန္ဒပြသူများသည် ပက်အား ဆန့်ကျင်သူများအား ရှုတ်ချသည့်စာတန်းများ ကိုင်ဆောင်၍ စုဝေးခဲ့ကြသည်။
ပက်အား စွပ်စွဲပြစ်တင်မှု အဆိုအတည်ပြုမှုသည် ဥပဒေကြောင်းဆိုင်ရာ အကြောင်းရင်းမရှိဟု ဆိုကာ ၎င်း၏ ရှေ့နေများ အဖွဲ့က ဒီဇင်ဘာ ၁၆ ရက်တွင် စာမျက်နှာ ၂၄ မျက်နှာပါသည့် ကန့်ကွက်လွှာကို တရားရုံးချုပ်ထံ တရားဝင်တင်သွင်းခဲ့သည်။
ပက်အား စွပ်စွဲပြစ်တင်မှုအဆိုကို အတည်ပြုခဲ့ပြီးနောက် ရွေးကောက်ခံရာထူး ထမ်းဆောင်ခဲ့ဖူးခြင်းမရှိသည့် အစိုးရ ရှေ့နေဟောင်းဖြစ်သူ ဝန်ကြီးချုပ်ဝမ်ကျိုးအန်က ယာယီသမ္မတဖြစ်လာခဲ့သည်။ ဆန္ဒပြသူများက ယင်းဝန်ကြီးချုပ်ကိုလည်း ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ပြီး ဝမ်ကျိုးအန်သည် သမ္မတပက်က အာဏာကိုင်စွဲထားနိုင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်နေကြောင်း  စွပ်စွဲခဲ့ကြသည်။
လူတစ်သန်းကျော်အထိအား စည်းရုံးနိုင်ခဲ့သော ယင်းအပတ်စဉ် ဧရာမ ဆန္ဒပြမှုများသည် အလွန်အမင်း စိတ်ဓာတ်ပြင်းထန်နေသော်လည်း ရဲတပ်ဖွဲ့အင်အား အများအပြား ချထားသည့်ကြားမှ ယခုအချိန်အထိ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း မရှိသေးကြောင်း သိရသည်။  Ref; AFP

Most Read

Most Recent