ဖိလစ်ပိုင်သမ္မတ ဒူတာတေးက လူသုံးဦးသတ်ခဲ့ကြောင်း ထပ်မံဝန်ခံပြောကြား

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက လူသုံးဦးသတ်ခဲ့ကြောင်း ထပ်မံဝန်ခံပြောကြား
Published 17 December 2016

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သော မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဟု ကြွေးကြော်ခဲ့ပြီး ရာဇဝတ်သားများကို သုံးဦးအထိ သတ်ခဲ့ကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် စင်ကာပူ၌ ထပ်မံဝန်ခံပြောကြားခဲ့သည်။
စင်ကာပူရှိ ဖိလစ်ပိုင်များကို တစ်နာရီကြာ ပြောကြားခဲ့သောမိန့်ခွန်း၌ ဒူတာတေးက တောင်ပိုင်းတွင် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် ရဲများအတွက် စံနမူနာပြအဖြစ် ရာဇဝတ်သားများကို သတ်ဖြတ်ခဲ့ကြောင်း ယခုသီတင်းပတ်တွင် ပြောကြားခဲ့မှုအား နိုင်ငံတကာသတင်းများက ဖော်ပြမှုကို ရည်ညွှန်း၍ လူသတ်ခဲ့သည့်အကြောင်း ထပ်မံပြောကြားခဲ့သည်။
“ဒူတာတေးက လူသတ်တယ်လို့ ဝန်ခံခဲ့တယ်။ ရာဇဝတ်သားတွေကို သတ်ခဲ့တယ်လို့ မနေ့ကစပြီး CNN မှာ၊ BBC မှာ ပြနေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ခင်ဗျားတို့ ကသိကအောက် ဖြစ်မနေဖို့ ကျွန်တော်ပြောပါမယ်။ အဲဒါတွေက မှားပြီးပြောနေကြတာ မဟုတ်ပါဘူး” ဟု ဒူတာတေးက  ပြောကြားခဲ့သည်။
လူ ၆၅၀၀ ခန့်ရှိသော ဟောပြောပွဲတွင် ဒူတာတေးက သူ၏ထုံးစံဖြစ်သော ရင့်သီးသည့် စကားသုံးစွဲမှုများဖြင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို ဆက်လက်ဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။
“ပြည့်တန်ဆာသားတွေကို ကျွန်တော်တကယ် သတ်မှာပါ” ဟု သူက ပြောကြားခဲ့သည်။ ဒူတာတေးက လည်လှီးသည့်ပုံစံကို လုပ်ပြခဲ့ပြီး မူးယစ်ရာဇဝတ်သားတိုင်းကို ခြောက်နှစ် သမ္မတသက်တမ်းကုန်သည်အထိ မူးယစ်တိုက်ဖျက်ရေး စစ်ပွဲဆင်နွှဲသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လူ့အဖွဲ့အစည်းတွင် မူးယစ်ဆေးဝါး၏ အန္တရာယ်ကို အမြစ်ဖြတ်နှိမ်နင်းမည်ဟု ကတိပြုခဲ့ပြီးနောက် မေလ၌ ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် ဒူတာတေးက အပြတ်အသတ် အနိုင်ရရှိခဲ့သည်။
ဇွန်လနှောင်းပိုင်းတွင် သမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့ပြီးနောက် ဒူတာတေး၏ လက်ထက်တွင် မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲ၌ လူ ၅၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။
ဒါဗာအိုမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကိုယ်တိုင်လူသတ်ခဲ့ကြောင်း ဒူတာတေးက ယခုတစ်ပတ်အတွင်း ပြောကြားခဲ့ရာ လူ့အခွင့်အရေး အဖွဲ့များထံမှ ကန့်ကွက်မှုများ ပေါ်ထွက်လာခဲ့သည်။ ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စားလှယ် အက်နက်စ်ကာလာမက်က မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲအား စုံစမ်းစစ်ဆေးရန် ဖိလစ်ပိုင်သို့ သွားရောက်ရန် ကြိုးပမ်းမှုသည် ပယ်ချခံထားရကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင် တရားရေးဝန်ကြီး ဗီတာလီယာနိုအာဂူရေက ဒူတာတေးသည် မည်သည့် ဥပဒေကိုမှ မချိုးဖောက်ခဲ့ကြောင်း ခုခံပြောကြားခဲ့သည်။
သမ္မတသည် သူပေးလိုသော သတင်းအား ချဲ့ကားလေ့ရှိကြောင်း ထိုအတွက် အလွန်အကျွံ တင်စားပြောကြားမှုများကို အသုံးပြုလေ့ရှိကြောင်း အာဂူရေက ပြောကြားထားသည်။
“တရားခံက တကယ်လို့ ပြန်တိုက်ခိုက်ခဲ့ရင် သူကသတ်ရမှာပါပဲ” ဟု အာဂူရေက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားထားသည်။ သို့သော်လည်း ဒူတာတေး၏ မူးယစ်ဆေး နှိမ်နင်းရေးစစ်ပွဲကို ဖိလစ်ပိုင်များက ထောက်ခံနေကြောင်း စစ်တမ်းများက ဖော်ပြထားသည်။ Ref ; AFP                       

Most Read

Most Recent