ထီးမိုးပေးခြင်းအနုပညာ

ထီးမိုးပေးခြင်းအနုပညာ
Published 17 December 2016
နန္ဒဝင် (ဆေး-၁)

မြို့ပြဆင်ခြေဖုံးနှင့် ကျေးလက်က နင်းပြားတွေရဲ့ ဘဝတွေဟာ ပင်ပန်းလှပါတယ်။ လူမှုကာကွယ်မှု ဘာဆိုဘာမှ မပြည့်စုံတဲ့ သူတို့ဘဝတွေဟာ ပူပန်မှုတွေနှင့် ပြည့်နှက်နေပါတယ်။ တစ်နေ့စာ တစ်နေ့ မှန်မှန်စားရဖို့အရေး မိသားတစ်စု နေစရာတစ်ခု ရရှိနေရဖို့ အရေးဟာ အမြဲပူပန်မှုတွေနှင့်ပါပဲ။ စားရဖို့အရေးကလည်း ညနေဘက်ဆို ငါးပိချက်နှင့် ထမင်းပဲ စားရတာပါ။ အရန်ဟင်းအဖြစ်တို့က  နန်းဆိတ်ကနန်းစားရမယ့် ငါးပိချက်ကို အဓိကဟင်းအဖြစ် စားရတဲ့ဘဝတွေ။ ငါးပိချက်တောင် ကောင်းကောင်းမဟုတ် ငါးပိဗျစ်ကို ရေနွေးဖြော အချိုမှုန့်ဖြူးစားရတဲ့ဘဝတွေပါ။ ဆင်းရဲတယ်။ ပင်ပန်းတယ်။ အာဟာရမဖြစ်ဘူး။ ဘဝမှာ ဖျော်ဖြေမှုမရှိဘူး။ ဗီဒီယိုကြည့်မယ်။ အရက်သောက်မယ်။ ရောဂါတွေတိုးလာတယ်။ ကာမဂုဏ်တပ်မက်မှုတွေ များပြီး အမှားတွေ ရာဇဝတ်မှုတွေ ပိုလာပါတော့တယ်။
သူတို့တွေအလုပ်ကနေ ပင်ပင်ပန်းပန်း ပြန်လာချိန်မှာ ညစာအဖြစ် ဟင်းကောင်းကောင်း မြိန်မြိန်စားလိုက်ရင် သူတို့မိသားစု ထမင်းဝိုင်းလေးတွေ ပျော်ရွှင်စရာဖြစ်သွားမယ်။ သူတို့ နေအိမ်ကလေးလည်း သီရိဂေဟာလေး ဖြစ်သွားမယ်လို့ ယုံကြည်ခဲ့မိပါတယ်။ ဒါကြောင့် တန်ဖိုးသင့်ညစာကို စတင်ရောင်းချပေးတဲ့ အချိန်ကတည်းက ဆောင်ပုဒ်အနေနဲ့ “အပန်းပြေစေရန် ညနေခင်းများအတွက် အရသာရှိသော တန်ဖိုးသင့်ညစာ” ဆိုပြီး ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်က ဆရာဝန်ဆိုတော့ ကျွန်တော်နီးစပ်ရာ ဆေးရုံကဝန်ထမ်းတွေရဲ့ မိသားစုတွေကို အကူအညီတောင်း စည်းရုံးပြီး ငွေနှစ်သိန်းနှင့်စ အရင်းပြုတ်တဲ့နေ့ ရပ်တဲ့နေ့ကွာဆိုပြီး စခဲ့တဲ့ တန်ဖိုးသင့် ညစာကလေးဟာ ယနေ့အထိ အရှိန်အဟုန်ပြင်းစွာ ဆက်လက်လည်ပတ်နေခဲ့ပါတော့တယ်။
ဆေးရုံထဲက မိသားစုဝင်တွေနှင့်စခဲ့တဲ့ တန်ဖိုးသင့်ကနေ ဆေးရုံကို အလုပ်အကျွေး ပြန်ပြုပါလို့ ရှေ့အမြော်အမြင်ကြီးတဲ့ ဆရာများနှင့် အရာရှိကြီးများက အကြံပေးခဲ့တယ်။ ဆေးရုံတက် အတွင်းလူနာတိုင်းကို နေ့စဉ် အာဟာရကျွေးပါဆိုပြီး စီစဉ်ခိုင်းခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက်လည်း သူတို့ကိုယ်တိုင် ဆေးရုံအာဟာရကျွေးဖို့ အလှူငွေတွေ မတည်ပေးခဲ့တယ်။ အဲဒီလိုနှင့် စတင်လုပ်ခဲ့တဲ့ အင်္ဂပူမြို့နယ် ဆေးရုံလေးမှာ မနက်စောစောကို ကွေကာအုတ်၊ နေ့လယ်ကို ကြက်သားဆန်ပြုတ်၊ ညနေကို နို့ဆန်ပြုတ်နှင့် ကြက်ဥတို့ ကို တစ်နေ့တာအတွက် လူနာ ၅၀ စာကို နှစ်သောင်းနှင့် အလှူလက်ခံပြီး စတင်ခဲ့ပါတယ်။ ယနေ့အထိကို အလှူရှင်တွေ လှူရမယ့်ရက်ကို တန်းစီနေရလောက်အောင် အောင်မြင်ခဲ့ပါတယ်။
တန်ဖိုးသင့်က နေ့စဉ်လိုအပ်ချက်ရှိတဲ့ ပြည်သူတွေဆီအရောက် ဆိုက်ကားတစ်ဖက် ကားတစ်ဖက်နှင့် ရောင်းပေးတဲ့အပြင် နွမ်းပါးပြီး လိုအပ်ချက်ရှိတဲ့ ပြည်သူတွေကို အလှူရှင်တွေက တန်ဖိုးသင့် ဟင်းလျာတွေ လှူချင်လာရင်လည်း စီမံပေးခဲ့ပါတော့တယ်။ အမှန်တကယ် ဆင်းရဲနွမ်းပါးသူများ လိုအပ်ချက်ရှိ သူများစာရင်းကို ပြည်သူ့ဘဝတွေကို တည်းတည်းရင်းရင်းသိတဲ့ ပြည်သူ့ကျန်းမာရေးဝန် ထမ်းတွေက စာရင်းပြုစုလူစုပေးပြီး အလှူမပေးခင်မှာ ကျန်းမာရေးပညာပေးပြီး လှူဒါန်းမှုကို ကြီးကြပ်ခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေကို ပြည်သူတွေက ပိုမိုချစ်ခင် ရင်းနှီးလာပြီး တစ်ချက်ခုတ် နှစ်ချက်မကပြတ် ဆိုသလို ပြည်သူတွေလည်း အလှူရ၊ ကျန်းမာရေးဌာန အလုပ်တွေလည်း ပြီးခဲ့တယ်။
အဲဒီမှာ ပုံစံ (၃) ခုထွက်ပေါ်လာပါတော့တယ်။ (၁) တန်ဖိုးသင့် အရောင်း (၂) ဆေးရုံ အာဟာရ (၃) တန်ဖိုးသင့် အလှူဆိုပြီးတော့ ဖြစ်ပါတယ်။ အောင်မြင်ပြီး လိုက်ပါဆောင်ရွက်တဲ့သူတွေ အဖွဲ့တွေနေရာအနှံ့ ပေါ်ပေါက်လာခဲ့ပါတော့တယ်။ အပြစ်ရှာချင်သူတွေလည်း ပေါ်ပေါက်လာတော့တာပေါ့။ တန်ဖိုးသင့်က ပြည်သူ့ကျန်းမာရေးဝန်ထမ်းကို ချက်ခိုင်းပြီး ရောင်းခိုင်နေပါတယ်ဆိုပြီး လူကြီးတွေကို တိုင်ကြားတဲ့ ရွယ်တူမတိမ်းမယိမ်းထဲက ရာထူးရှိပုဂ္ဂိုလ်တွေ ပေါ်လာတယ်။ သက်သေအဖြစ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ ယူနီဖောင်းနှင့် ကျန်းမာရေးပညာပေးပြီး ဟင်းလှူနေတဲ့ပုံတွေကို ဝန်ထမ်းတွေကိုဆွယ်ပြီး ရောင်းခိုင်းနေတယ်ဆိုကာ တင်ပြကြတယ်။ ပင်ပန်းတဲ့နေ့တွေပါပဲ။ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေကို ချက်ခိုင်းတာမဟုတ်ပါဘူး။ တန်ဖိုးသင့်က သီးသန့်ဝန်ထမ်းတွေရဲ့ မိသားစုဝင် စေတနာရှင်တွေက ချက်တာပါ။ မိသားစုဝင် သုံးလေးယောက်ကသာ ဒိုင်ခံချက်ပေးနေပြီး နောက်ထပ် မိသားစုဝင်သုံးလေးယောက်က အခြေခံပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေဆီကို ဟင်းအိုးတွေသယ်ကာ အရောက်သွားတာပါ။ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးပညာပေးကာ ဟင်းလှူချိန်မှာ အလှူရှင်ကိုယ် စားရပ်ပေးရုံပါ။ ပြည်သူတွေက ဆရာလေး၊ ဆရာမလေးရှိလို့ ငါတို့စားရတယ်ဆိုတာ ဖြစ်အောင်ကြံတာပါ။ သူတို့တွေ အလုပ်မပျက်ပါဘူး။ သူတို့အလုပ်တွေကိုတောင် တန်ဖိုးသင့်က အထောက်အကူပြုပါတယ်လို့ လူကြီးတွေကို ရှင်းပြခဲ့ရပါတယ်။ စိတ်၏ ပင်ပန်းမှုကို အတော့်ကိုခံခဲ့ရတဲ့ အချိန်ကာလတွေပါပဲ။
ရန်ကုန်ကဆေးရုံတွေမှာ လုပ်ချင်တဲ့ တန်ဖိုးသင့်အလှူအဖွဲ့တွေ ပေါ်လာခဲ့ပါတယ်။ အရမ်းကိုအောင်မြင်ပါတယ်။ ဒါပေမဲ့ ဆေးရုံမှာ ကျွန်တော်တို့နယ်က ဆေးရုံတွေမှာလုပ်ခဲ့သိလို နံနက်၊ နေလယ်၊ ည လုပ်နိုင်သူပေါ် မလာဘူး။ တစ်နေ့တစ်ကြိမ်ပဲ ထမင်း၊ ဟင်း၊ ဟင်းချို၊ ဟင်းရည် ဖွယ်ဖွယ်ရာရာ လှူနိုင်အောင် စီမံခဲ့ကြပါတယ်။ အလှူရှင်တွေကလည်း ဝက်ဝက်ကွဲ အောင်မြင်အောင် ကူညီကြပါတယ်။ တစ်နေ့တစ်နေ့ကို လူထောင်နှင့်ချီပြီး အလှူပေးနိုင်လောက်အေင် အောင်မြင်လာတဲ့ ဆေးရုံအခြေစိုက် တန်ဖိုးသင့်နေ့လယ်စာ၊ တန်ဖိုးသင့်ညစာ အလှူစီမံရေးအဖွဲ့တွေ ရှိလာခဲ့ပါတယ်။ ဒီလိုနှင့် ကျွန်တော့်စနက် နောက်မှာ အင်္ဂလန်နိုင်ငံ တော်ဝင်တက္ကသိုလ်က အထူးကုဘွဲ့ရပြီးမှ တန်ဖိုးသင့်အတွက် အချိန်ဖဲ့ပေးနေတဲ့ ဆရာဝန်တို့ သမားတော်တို့တွေ ရန်ကုန်မှာပေါ်လာခဲ့ပါတော့တယ်။ (ရန်ကုန်က အောင်မြင်နေတဲ့ တန်ဖိုးသင့် လုပ်ငန်းတွေဟာ အထူးကု သမာတော်ကြီးတွေက အဓိက ကြီးကြပ်စီမံကြတာပါ) ။ ဆရာဝန်ဆိုတာ လူနာအကြောင်း အသိဆုံးပါ။ လူနာတွေ စားရေးသောက်ရေး ဒုက္ခရောက်တာကို ရင်နှင့်ခံစားပြီး ထလုပ်ကြတာပေါ့။ ဆရာဝန်ဆိုတော့လည်း နောက်က ရံမယ့်သူပေါကြပါတယ်။ တကယ်တန်း စီးမံနိုင်သူတွေပီပီ သူတို့ရဲ့ ဆေးရုံအလုပ်ချိန်တွေ မပျက်ပေမယ့် သူတို့ နားချိန်၊ ဆေးခန်းထိုင်နေရမယ့်အချိန်၊ မိသားစုနှင့်အတူ နေရမယ့်အချိန်တွေမှာတော့ ဒီပရဟိတလုပ်ငန်းအတွက် အချိန်ပေးရပါသေးတယ်။ နယ်တုန်းက ပြည်သူ့ကျန်းမာရေးက ဝန်ထမ်းတွေကို လူစုခိုင်းပြီး အလှူမပေးမီ ကျန်းမာရေးပညာပေးတာနှင့် ဆေးရုံကလူနာစောင့်တွေစု၊ လူနာအတွက်လှူပေးတာ သဘာဝချင်းကွာခြားပါတယ်။ ပြည်သူကို စည်းရုံးပြီးဆောင်ရွက်ရတဲ့ ကာကွယ်ရေးကို အဓိကထား ပြည်သူ့အားကိုယူရတဲ့ ပြည်သူ့ ကျန်းမာရေးလုပ်ငန်းနှင့် ဆေးရုံဆိုတဲ့ ဘောင်အတွင်းကို ရောက်လာတဲ့ နာမကျန်းသူများကို ကုသပေးရတဲ့ ကုသရေးလုပ်ငန်းတွေဟာ မတူလှပါဘူး။
ကျွန်တော်ဟာ လက်ရှိပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှာ ဆေးပညာမဟာသိပ္ပံ (ဆေးရုံအုပ်ချုပ်မှုနှင့် ကျန်းမာရေးစီမံခန့်ခွဲမှု) ကို တက်ရောက်သင်ကြားနေခဲ့ပါတယ်။ ၂၀၁၆ ဒီဇင်ဘာလကုန်ဆိုရင် စာတမ်းအပြီး သတ်တင်ပြီး မဟာဘွဲ့ကို ရပါတော့မယ်။ အဲဒီဘွဲ့ရရင် ဘာလုပ်မှာလဲလို့ မေးကြပါတယ်။ စာတမ်းအတွက် စစ်တမ်းအကြမ်းကောက်တုန်းက နမူနာသွားကောက်တဲ့နေရာမှာ တွေ့ခဲ့တဲ့ အထူးကုညီမငယ်တစ်ယောက် မေးခဲ့သလိုပါပဲ။ ဆရာတို့ ဒီ MSC က ဘာသုံး လို့ရလဲလို့ မေးခဲ့သလို ညီမတို့ ကျန်းမာရေး ဝန်ထမ်းတွေအားလုံး အထူးကုတွေအားလုံး ဝန်ထမ်းတွေအားလုံး ဆရာဝန်နှင့် တူတူတန်တန် ပညာရှင်အနေနှင့် တူတူတန်တန် ကိုယ်ကျရာနေရာမှာ ဂုဏ်သိက္ခာရှိရှိနေနိုင်အောင် အေးအေးချမ်းချမ်း လူနာ၊ ရောဂါနှင့် ဆေးပညာအကြောင်းပဲ တွေးနိုင်အောင် စီမံပေးမယ့် အတတ်ပညာပေါ့ကွယ်လို့ ဖြေခဲ့ပါတယ်။ တကယ်တမ်း အဲဒီညီမ သမားတော်ကလေးကို ပြောခဲ့သလိုမှ မစီမံနိုင်ရင် စကားအဖတ်တင်ကာ အရှက်ရရပါတော့မယ်။ အခု တန်ဖိုးသင့် နေ့လယ်စာတွေ၊ ညစာတွေ စီစဉ်နေရတဲ့ ရန်ကုန်ရှိဆေးရုံကြီးတွေက သမားတော်ကြီးတွေ၊ ဆရာဝန်ကြီးတွေကို ထမင်းအိုးဘေးကနေ ထမင်းအိုးအတွေးကနေ ကိုယ်ပိုင်နာနေချိန် အနားယူချိန်တွေဆီ ဆေးပညာ၊ အတွေး တွေဆီ ပြန်လည်ဆွဲထုတ်ရပါဦးမယ်။ ဆေးရုံတိုင်းရဲ့ အတွင်းလူနာတိုင်းကို ထောက်ပံ့နိုင်မယ့် အာဟာရ လုပ်ငန်းတွေကို စဉ်စားကြည့်ရပါလိမ့်မယ်။
ဆေးရုံတွေမှာ ဟိုးယခင်တစ်ခေတ်တုန်း ကလို အာဟာရကျွေးမွေးတဲ့ လုပ်ငန်းတွေ ပြန်စသင့်ပါပြီး။ အရင်ဆုံး ဆေးရုံတွေမှာ တက်ရောက်တဲ့ လူနာတိုင်းကို မနက်ကွေကာအုတ်၊ နေ့လယ် ကြက်သားဆန်ပြုတ်၊ ညနေ နို့ဆန်ပြုတ်။ အင်္ဂပူမှာတုန်းကလို လုပ်နိုင်အောင် စီမံသင့်ပါတယ်။ ကျွန်တော်ရောက်ခဲ့တဲ့ သူများနိုင်ငံမှာ ဓာတ်ပုံရိုက်မရလို့သာ ရိုက်မယူခဲ့ရတာပါ။ လူနာအတွက်ချက်တဲ့ နေရာက အားရဖွယ်ပါပဲ။ လူနာတိုင်း ဆေးရုံရောက်စမှာ ကြေညက်လွယ်တဲ့ အစားအစာ (Semisolid Diet) (ဆန်ပြုတ်၊ စွပ်ပြုတ်၊ မြူ စွမ်) စတာတွေပဲ ရပါတယ်။ နောက်ပိုင်း အာဟာရပညာရှင် (Nutritionist) က သတ်မှတ်ပေးတဲ့ အစာကို လိုအပ်ချက်အတိုင်း လိုအပ်ချက် ကယ်လိုရီအတိုင်း ပို့ပေးပါတယ်။ လတ်တလော အဲဒီလိုမဖြစ်နိုင်ပေမယ့် ဆိုခဲ့သလိုကွေကာ၊ ကြက်သားဆန်ပြုတ်၊ ကြက်ဥပြုတ်၊ နို့ဆန်ပြုတ်တွေတော့ တကယ်စီမံချင်ရင် လုပ်နိုင်ပါလိမ့်မယ်။
ထမင်းဟင်းဟာ လူတိုင်းအတွက် အဆင်မပြေသလို အလှူရှင်ရှိမှ ရတာဖြစ်တဲ့အတွက် အလေများပါတယ်။ လူနာတွေဟာ အလှူရှင်လာ၊ မလာ မသေချာတဲ့အတွက် ဆေးရုံတက်ရက်များအတွက် ထမင်းချိုင့် စတာကို ကြိုစီစဉ်ပြီးသားပါ။ သူတို့တွေကို အခုလို အလှူရတဲ့နေ့ပေး မရတဲ့နေ့မပေးတာမျိုးက အလေအလွင့်ရှိနိုင်ပါတယ်။ မကုန်တာသိမ်းရင် သိုးတာတွေ့ကြုံရတတ်ပါတယ်။ ကုန်ကျရကျိုး မနပ်လှပါဘူး။
ဆေးရုံတက် လူနာတိုင်းကို ဆေးရုံမှ အခမဲ့ကျွေးမယ်လို့ ကြေညာလိုပါတယ်။ အင်္ဂပူမှာလည်း ကြေညာနိုင်ခဲ့ပါတယ်။ အခုထိ အလှူရှင်များရဲ့ ကျေးဇူးနှင့် နေ့စဉ်ကျွေးနိုင်တုန်းပါပဲ။ လူတိုင်းဟာ ဆေးရုံတက်ရမယ်ဆို အာဟာရအတွက် စားရေးသောက်ရေးအတွက် ပူစရာမလိုတော့ပါဘူး။ အာဟာရ သည်ပင်လျှင် ရောဂါပျောက်ကင်းစေရေးအတွက် အဓိက ကုထုံးဖြစ်သည်ဆိုတာကိုပါ သက်သေပြရလည်း ရောက်ပါတယ်။ သေချာ စနစ်တကျလုပ်ပြီး နိုင်ငံတော်မှ ဘတ်ဂျက်ချမပေးနိုင်ရင်တောင် နေရာအနှံ့မှာ အလှူရှင်တွေကို ပါဝင်လာအောင် စီမံနိုင်ရင် ပိုမိုထိရောက်သော တန်ဖိုးသင့် ဆေးရုံအာဟာ ရတွေဖြစ်လာမှာပါ။ ချက်တဲ့အင်အားလည်း မကုန်ပါဘူး။ လူနာ ၅၀ ကို ကျွေးမယ်ဆို ချက်သမား အင်အား နှစ်ဦး၊ တစ်ရာဆို သုံးဦး၊ နှစ်ရာဆို ငါးဦးသာလိုပါတယ်။ ခုတင် ၂၀၀ ဆေးရုံတစ်ရုံအတွက် ချက်ပြုတ်ရေးဝန်ထမ်း ငါးဦးခွဲဝေချထားရေး သို့မဟုတ် ထပ်မံခန့်ထားရေးဟာ စီမံနိုင်တဲ့ အတိုင်းအတာထဲမှာပဲ ရှိပါတယ်။ တချို့တွေပူပန်နေကြတဲ့ စာရင်းဇယားပိုတွေ အစားအသောက် သန့်ရှင်းလတ်ဆက်မှုတွေ အလှူရှင်များနှင့် ဝန်ဆောင်မှုများကြား ပွတ်တိုက်မှုဖြစ်နိုင်တာတွေဟာ  သေချာစွာ တကယ်ကြပ်မတ် ဆောင်ရွက်မယ်ဆိုရင် အသာအယာ ကျော်ဖြတ်သွားနိုင်တဲ့ အတားအဆီးတွေဆိုတာ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံတွေအရ သိရှိလာခဲ့ပါပြီ။
ကျွန်တော်တို့လို ဆေးရုံစီမံခန့်ခွဲသူတွေ အလုပ်ပိုလုပ်ရပါမယ်။ သင်ကြားခဲ့တဲ့ ပြည်သူ့ဆက်ဆံရေး ပညာရပ်တွေကို အသုံးချပြီး အလှူရှင်တွေနှင့် ဆက်သွယ်ကာ ပြည်သူတွေရဲ့ သဒ္ဒါနှင့် ယုံကြည်မှုကို တည်ဆောက်ရပါမယ်။ တတ်မြောက်ခဲ့တဲ့ ဇီဝစာရင်းအင်း ပညာရပ်တွေကို အသုံးချပြီး အောင်မြင်မှုတွေကို အထောက်အထား ပြရပါတော့မယ်။ ထမင်းအိုး၊ ဟင်းအိုးတွေနားမှာ ရောက်နေတဲ့ အထူးကုတွေ၊ လူနာတွေ၊ စားရေးသောက်ရေး စိတ်မအေးနိုင်တဲ့ သမားတော်တွေကို ရတက်အေးရအောင် လူနာတွေကို ကုသမယ့်  အကြောင်း ပညာရပ်ဆိုင်ရာတိုးတက်မှု အကြောင်းတွေးနိုင်အောင် စိတ်ရောကိုယ်ပါ ဆောင်ရွက်နိုင်အောင် လုံခြုံမှုပေးရပါဦးမယ်။
တကယ်တော့ ဆေးရုံအုပ်ချုပ်မှု ပညာဆိုတာ ဆေးအတက်ပညာရှင်အားလုံး လူမှန် နေရာမှန် အင်တိုက်အားတိုက် ကိုယ်စွမ်း ဉာဏ်စရှိသမျှ လူနာတွေအပေါ် စေတနာထားကာ ကုသနိုင်ရန်နှင့် ဆေးကုသမှု ပတ်ဝန်းကျင်တစ်ခုလုံး လုံခြုံအန္တရာယ်ကင်းစွာ နေပြောက်မထိုး မိုးစက်မစင်ရလေအောင် အားလုံးရဲ့ အပေါ်ကနေ မိုးကာပေးထားတဲ့ ထီးတစ်လက်ပါပဲ။

Most Read

Most Recent