၄၆ နှစ်ပြည့် လောကနတ် အလှပညာဆိုင်ခန်း

၄၆ နှစ်ပြည့် လောကနတ် အလှပညာဆိုင်ခန်း
Published 17 December 2016
ဝေယံအောင်

၁၉၀၆ ခုနှစ်တွင် ဘဂ္ဂဒက်မြို့မှ ပြောင်းရွှေ့လာသော ဂျူးလူမျိုးကုန်သည် အိုင်းဇက်ဆိုဖဲရ် ဒီဇိုင်းဆွဲ၍ ဗိသုကာပညာရှင် သောမတ်ဆွေးလ် တည်ဆောက်ခဲ့သည့် ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ အဆောက်အအုံကို ဆိုဖဲရ် အဆောက်အအုံဟု ခေါ်ခဲ့ကြသည်။ ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းတွင် ထိုအဆောက်အအုံကို အိန္ဒိယစူရတီ ကုန်သည်မိသားစုက ဝယ်ယူခဲ့ပြီး ရန်ဒါရီယား အဆောက်အအုံဟု ခေါ်ခဲ့ကြပြန်သည်။ ဒုတိယ ကမ္ဘာစစ်အပြီး အစိုးရ လွှဲပြောင်းရယူပြီး နောက်ဌာနများစွာ၏ရုံးများ အခြေစိုက်ရာ အဆောက်အအုံ ဖြစ်လာခဲ့သည်။
ကိုလိုနီခေတ် ဘားမားအက်ကလပ်၊  ဘုရင်ခံလာရောက်လေ့ ရှိသဖြင့် အထူးကုလားထိုင် စီစဉ်ထားရသော စမတ်အင်မူကာဒမ် စာအုပ်ဆိုင်တို့သည် မြန်မာပန်းချီပြခန်းတို့၏ ရှေ့ပြေးဟု ယူဆနိုင်ကောင်းမည် ဖြစ်သည်။ စမတ်အင်မူကာဒမ် စာအုပ်ဆိုင်တွင် ကိုလိုနီခေတ် မြန်မာပန်းချီ အကျော်အမော်များ၏ လက်ရာများသာမက၊ ပန်းချီပညာသင်ကြားဆဲ ပန်းချီကျောင်းသားများ၏ ပန်းချီလက်ရာများကိုပါ တွင်တွင်ချိတ်ဆွဲ ရောင်းချခဲ့လေသည်။ ၁၉၇၁ ခုနှစ် မတိုင်မီ ကာလတွင် မြန်မာနိုင်ငံ၏ အစောပိုင်း ပန်းချီပြခန်းဖြစ်လာမည့် Gallery Orient အကိုပန်းချီ ကိုရွှေအောင်သိမ်းနှင့် ပန်းချီပေါ်ဦးသက်တို့ ပူးပေါင်း၍ ကုန်သည်လမ်း၊ အိမ်အမှတ် ၅၅၅ တွင် ဖွင့်လှစ်ခဲ့ကြသည်။ ယင်းပန်းချီပြခန်းတွင် ပန်ချီကိုရွှေအောင်သိမ်း၊ ပန်းချီပေါ်ဦးသက်၊ ဒေါက်တာစန်းမြင့်တို့၏ ပန်းချီကားများကို ချိတ်ဆွဲရောင်းချခဲ့သည်။
ထိုစဉ်က ပန်းချီချစ်မြတ်နိုးသူ ရှေ့နေကြီး ဦးရဲထွန်း၏ အလုပ်ခန်းသည်လည်း ပန်းချီကိုရွှေအောင်သိမ်း၊ ပန်းချီပေါ်ဦးသက်၊ ပန်းချီဦးနန်းဝေ၊ ပန်းချီရှေ့သို့ လှကြည်တို့၏ ပန်းချီဆွဲရာနေရာ ဖြစ်ခဲ့သည်။ ဦးဘသန်းသည်လည်း ပန်းချီပြခန်းသို့လာ၍ ပန်းချီပေါ်ဦးသက် ဆွဲနေသော ၅၅၀ နိပါတ်တော် ပန်းချီကားများကို အမြဲလာကြည့်လေ့ ရှိသည်။
ထို့နောက် ဦးဘသန်းသည် နေရေးထိုင်ရေး ကျပ်တည်းလျက်ရှိသော ပန်းချီပေါ်ဦးသက်ကို အခန်းတစ်နေရာ စီစဉ်ပေးခဲ့သည်။ ပန်းချီပေါ်ဦးသက်က “ရန်ကုန်မှာ နေရာမရှိတော့ ဆောက်တည်ရာ မရဘူးပေါ့။ အဲဒီအဖြစ်မျိုး ရောက်နေတဲ့အချိန်မှာ  ဦးဘသန်းနဲ့ တွေ့တယ်။ သူကနေပြီးတော့ ကျွန်တော့်အတွက် နေရာတစ်ခုရမယ်။ ကျွန်တော်ရေးနေတာကို သူကလာလာကြည့်တယ်ဗျ။ ရန်ကုန်မှာ ချောင်လေးတစ်ချောင်ထဲ ကျွန်တော်ရေးနေတာကိုး၊ ကျွန်တော်လည်း သူဘယ်သူလဲပေါ့လေ မသိဘူးဗျ။ သူကတော့ ကျွန်တော့်ကို သိနေတယ်၊ ဒါပေမဲ့ ကျွန်တော်ကလည်း မစုံစမ်းဘူး၊ ကျွန်တော်ကတော့ ဝါသနာပါတဲ့ အဘိုးကြီးတစ်ယောက်ပဲပေါ့လေ” ဟု ဦးဘသန်းနှင့် ပတ်သက်၍ သူ၏ထင်မြင်ချက်ကို ပြောခဲ့သည်။
ဦးဘသန်း စီစဉ်ပေးခဲ့သော အခန်းကြီးမှာ ကျယ်လွန်းနေသဖြင့် ပန်းချီပေါ်ဦးသက်သည် စရိုက်တူ အနုပညာရှင်များကို စု၍ ပန်းချီပြခန်းဖွင့်လိုကြောင်း ဦးဘသန်းထံ တင်ပြခဲ့သည်။ အနုပညာမြတ်နိုးသူ ဦးဘသန်းကလည်း ခွင့်ပြုခဲ့သည့်အပြင် ပြခန်းအကျိုးဆောင် လူကြီးမင်းအဖြစ်လည်း ဆောင်ရွက်ပေးခဲ့သည်။
ပန်းချီပြခန်း၏ အမည်ကို မည်သို့ပေးမည်နည်းဟု စဉ်းစားကြရာ ပန်းချီပေါ်ဦး သက်က လောကနတ်အမည်ကို တင်ပြခဲ့သည်။ လောကနတ်၏ သမိုင်းကြောင်းကို ခိုင်မာစွာ တင်ပြနိုင်ရန်အတွက် ရွှေဘုံနိဒါန်း စာအုပ်ကိုဝယ်၍ လူကြီးများအား ပြခဲ့ရလေသည်။ လောကနတ် အလှပညာဆိုင်ခန်း၏ နိဒါန်းချိန်ခါများပင် ဖြစ်လေသည်။ ထိုသို့ လောကနတ်ကို ရွေးချယ်ရခြင်းမှာ အခွင့်အခါကြုံလျှင် လောကနတ်အား ပြန်လည်ဖော်ထုတ်ရန် အမြဲတိုက်တွန်းလေ့ရှိသော ဆရာတော် ရွှေကိုင်းသားကြောင့်ပင် ဖြစ်သည်။ လောကနတ် အနုပညာဆိုင်ခန်းအား တည်ထောင်သောအခါ  ဦးဘသန်း၊ ဦးရဲထွန်း၊ ဦးစံဝင်း၊ ဦးခင်စိန်တို့က အကျိုးဆောင်လူကြီးများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် လောကနတ်ဆိုင်ခန်း အဖွဲ့ဝင် အနုပညာသည် အဖွဲ့ကို ဖွဲ့စည်းရာတွင် (၁) ဦးလှရှိန်၊ (၂) ဦးစံဝင်း၊ (၃) ဦးအုန်းလွင်၊ (၄) ဦးခင်မောင် (ဘဏ်)၊ (၅) ဦးပေါ်ဦးသက်၊ (၆) ဦးကိုရွှေအောင်သိမ်း၊ (၇) ကိုစန်းမြင့်၊ (၈) ဦးဝင်းမြင့် (ပန်းပု)၊ (၉) ကိုဖေညွန့်ဝေတို့ ပါဝင်ခဲ့ကြသည်။
လောကနတ် အလှပညာဆိုင်ခန်းဆိုင်ရာ ပဋိညာဉ်စာတမ်းတွင် “ဦးဘသန်းနှင့် ဦးရဲထွန်းတို့သည် အလှပညာကို မြတ်နိုးကြသည်ဖြစ်၍ မိမိတို့အဖို့ အများအကျိုးဆောင်ခြင်းမှ ရရှိသော စိတ်ချမ်းသာခြင်း အကျိုးမှတစ်ပါး အခြားမည်သည့် ပစ္စပ္ပုန် အနာဂတ်အကျိုး တို့ကိုမျှ မမျှော်ကိုးကြဘဲ၊ မြန်မာနိုင်ငံအတွင်း လုပ်သားပြည်သူ အပေါင်းက မြန်မာ့အလှပညာကို အားပေးချီးမြှောက်နေကြရာ… မိမိတို့လည်း တတ်အားသမျှ ပါဝင်ဆောင်ရွက်လိုသည့် အားလျော်စွာ မိမိတို့ တရားဝင် ပိုင်ဆိုင်ကြသော ရန်ကုန်မြို့၊ ပန်းဆိုးတန်း၊ အမှတ် ၆၂၊ ပထမထပ်၊ အခန်း ၁၄-၁၅ ကို မိမိတို့ လေးစားအပ်၍ ရိုင်းပင်းကူညီထိုက်သည်ဟု ယူဆသော ပန်းချီ၊ ပန်းပုပညာရှင်များအတွက် (လောကနတ် အလှပညာဆိုင်ခန်း) The  Lokanat Galleries ဟု ခေါ်တွင်စေရမည်ဖြစ်သော (Naturalism) အစဉ်အလာရိုး ရာဝါဒ ပန်းချီပန်းပုနှင့် (Modern art) ခေတ်ပေါ်ဝါဒ ပန်းချီပန်းပု နှစ်မျိုးစလုံးကို အားပေး ချီးမြှောက်သော ပန်းချီပန်းပုရောင်းခန်းအဖြစ်ဖြင့် မည်သူကမျှ မည်သူ့အပေါ် အမြတ်ထုတ်မှု မရှိစေရဘဲ၊ စီမံတည်ထောင်ပေးလိုကြသည်က တစ်ကြောင်း” ဟူ၍  ပြခန်းရည်ရွယ်ချက်ကို ရေးသားဖော်ပြခဲ့သည်။ ပြခန်းအတွက် မန်နေဂျာ၊ ဘာသာငါးမျိုး တတ်ကျွမ်းသူ ဘာသာပြန် အမျိုးသမီးတစ်ဦး၊ ရုံးအကူ၊ သန့်ရှင်းရေးဝန်ထမ်း စသည်ဖြင့် ခန့်အပ်ထားရှိခဲ့သည်။
လောကနတ် အလှပညာဆိုင်ခန်း တည်ထောင်စဉ်က ပြခန်းလည်ပတ်နိုင်ရန် အဖွဲ့ဝင် ပန်းချီဆရာများသည် ဝင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၅၀၀ ပေးသွင်းကြရသည်။ ထိုခေတ်အခါတွင် ဝင်ကြေး ၅၀၀ မှာ မနည်းလှသဖြင့် ပန်းချီပေါ်ဦးသက်၊ ပန်းပုဦးဝင်းမြင့်၊ ပန်းချီဖေညွန့်ဝေနှင့် အခြားပန်ချီဆရာတစ်ဦးတို့အတွက် အဆင်မပြေခဲ့ပေ။ ထို့ကြောင့် ၎င်းပန်းချီ၊ ပန်းပုဆရာများအတွက် ဝင်ကြေးကို ရှေ့နေကြီး ဦးရဲထွန်းကပင် စိုက်ထုတ်ပေးခဲ့သည်။
ပန်းချီဖေညွန့်ဝေက “ဆရာဦးရဲထွန်းက ကျွန်တော်တို့ ပေးရမယ့် ဝင်ကြေးငွေ နှစ်ထောင်ကို သူစိုက်ဆောင်ပေးတယ်။ ပန်းချီကားရောင်းပြီးမှ ရောင်းရငွေထဲက သူ့ကိုပြန်ပေးခိုင်းတယ်။ အလွန်သဘောကောင်းတဲ့ ပုဂ္ဂိုလ်။ ကျွန်တော်ဆိုရင် အဲဒီတုန်းက ဆရာ ဦးရဲထွန်း စိုက်ပေးခဲ့တဲ့ ငွေငါးရာကို ပန်းချီကား လေးကားလောက် ရောင်းပြီးမှ ပြန်ပေးနိုင်တယ်” ဟု အမှတ်ရခဲ့သည်။ အဖွဲ့ဝင် ကိုးဦးထဲတွင် ပါဝင်သော တစ်ဦးတည်းသော ပါဝင်သော ပန်းပုဦးဝင်းမြင့်ကို “အဲဒီအချိန်က ရန်ကုန် မြန်မာ့ပန်းပုလောကမှာ မြန်မာမော်ဒန် ပန်းပုဆရာက သိပ်ရှားသေးတယ်။ ကျွန်တော်ထင်တာတော့ အဲဒီအချိန်တုန်းက ဈေးကွက်မှာ ရောင်းနေတဲ့ မြန်မာမော်ဒန်ပန်းပု ဆရာက ဒီပုဂ္ဂိုလ်တစ်ယောက်ပဲ ရှိဦးမယ်ထင်တယ်။ လက်ရာလည်း တော်တော်လေး ကောင်းတယ်။ သူ့ရဲ့ပန်းပုဟန်တွေက ကျွန်တော့် မျက်စိထဲမှာတော့ ကမ္ဘာကျော်ပညာရှင်ကြီးတွေဖြစ်တဲ့ ဟင်နရီမိုးတို့၊ ဘရန်ကူးတို့ ဟန်မျိုးပဲ။ သူတို့သြဇာ လွှမ်းမိုးနေသလိုပဲ” ဟု ပန်းချီဖေညွန့်ဝေက မှတ်ချပြုခဲ့သည်။
လောကနတ် အလှပညာဆိုင်ခန်း တည်ထောင်ကာစတွင် အဖွဲ့ဝင် ကိုးဦး၏ ပန်းချီကားများကိုသာ ချိတ်ဆွဲခွင့်ပြုခဲ့သည်။ နောက်ပိုင်းတွင် ဆိုင်ခန်းရန်ပုံငွေ တောင့်တင်းစေရန်နှင့် အဖွဲ့ဝင်သစ် ဖြစ်လိုသူများ၏ တောင်းဆိုမှုကြောင့် အဖွဲ့ဝင်သစ်များကို တိုးချဲ့ လက်ခံခဲ့သည်။ ထိုစဉ်က အဖွဲ့ဝင်သစ်ဖြစ်လာသူ ဗိဿနိုးဦးတင်ဝင်းက “ဦးဘသန်းက စည်းစနစ် သိပ်ကြီးတယ်။ ဆိုင်ခန်းဝင်ပြင်ဖို့ကို အဖွဲ့ဝင် ပန်းချီဆရာတစ်ယောက်က တင်သွင်းပေးရတယ်။ ပြီးရင် ပန်းချီဆရာတွေက လျှို့ဝှက်မဲနဲ့ ကန့်ကွက်မဲမရှိမှ လက်ခံတာ။ အဲဒီအချိန်က ပြခန်းမှာကိုက နှစ်ပိုင်းခွဲထားတယ်။ မော်ဒန်သဘောနဲ့ Traditional အပိုင်းနဲ့ နှစ်ပိုင်းရှိတယ်။ အဖွဲ့ဝင်တွေ အကုန်လုံးက တစ်လကို အနည်းဆုံး သုံးကားတင်ရတယ်။ စာအုပ်ဗီရိုနဲ့ စာကြည့်တိုက် သဘောမျိုးလေးလည်း ထားပေးတယ်။ တစ်လတစ်ခါ အစည်းအဝေးလုပ်တယ်။ လိုအပ်တဲ့ကိစ္စတွေ၊ ပန်းချီ အကြောင်းတွေ ပြောကြဆိုကြပေါ့၊ ဦးဘသန်းနဲ့ ဆက်နွှယ်ပြီး ဒေါ်ခင်မျိုးချစ်၊ ဆရာဦးခင်မောင်လတ်၊ စာရေးဆရာ မောင်သော်ကတို့ လာကြ ဝင်ကြထွက်ကြပေါ့” ဟု အမှတ်ရခဲ့သည်။
ပန်းချီမောင်ဒီကလည်း “ထိုပန်းချီ ဆိုင်ခန်းကြီးမှာ ကျွန်တော်နှင့် ကိုခင်ဝမ်းတို့ အေးအေးဆေးဆေး အနားယူခဲ့ကြရာ နေရာကြီးလည်း ဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့နှစ်ဦး ရောက်ရှိကြပြီဆိုလျှင် ပန်းချီကားများကို လျှောက်၍ကြည့်ဖြစ်ကြသည်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံ၏ ပထမဆုံးသော Impressionism အင်ပရက်ရှန်နစ်ဇင် ပန်းချီဆရာကြီး ဦးစံဝင်း၏ ပန်းချီကားများကို လေ့လာကြည့်ရှု ဖြစ်ကြသည်။ နောက်ထိုအချိန်က ကျွန်တော်တို့နိုင်ငံ၏ တစ်ဦးတည်းသော မော်ဒန် ပန်းပုဆရာကိုဝင်းမြင့်၏ မော်ဒန်ပန်းပုများကိုလည်း ကြည့်ရှုဝေဖန် ပြောဆိုဖြစ်ကြပါသည်” ဟု ဆိုခဲ့လေသည်။
လောကနတ် အလှပညာဆိုင်ခန်းတွင် ပြုလုပ်သော ပန်းချီပြပွဲများထဲတွင် ဝင်ကြေး တစ်ကျပ်ပေး၍ ကြည့်ရသော ပန်းချီခင်ဝမ်း၏ ပန်းချီပြပွဲသည် အလွန်ထူးခြားခဲ့လေသည်။ မြန်မာနိုင်ငံတွင်လည်း ယခုချိန်အထိ ပထမဆုံးပြပွဲပင် ဖြစ်သည်။ ထိုပွဲနှင့်ပတ်သက်၍ ပန်းချီပေါ်ဦးသက်က “ဝင်ကြေး တစ်ကျပ်မျှ ပေးကြည့်ရသဖြင့်လည်း ကြည့်ရှုသူ ပရိတ်သတ်တို့တွင် မထောင်းသာလှပါ။ ကျွန်တော်တို့သည် ရုပ်ရှင်တစ်ကား ကြည့်လိုပါက အောက်တန်း တစ်ကျပ်မှ ငါးကျပ်ထိပေး၍ ကြည့်ကြရပါသည်။
ပန်းချီကားတစ်ကားသည် ဇာတ်လမ်းတစ်ခုပင်ဖြစ်၍ ပြပွဲတစ်ခုတွင် ၁၀ ကား တင်ပြထားလျှင် ဇာတ်လမ်း ၁၀ ခု ကြည့်ရသည်ပင်ဖြစ်၏။ ထို့ကြောင့် ပန်းချီပြပွဲတစ်ခုကို ဝင်ကြေးဖြင့် ကြည့်ရခြင်းသည် ကြည့်ရှုရသူအဖို့ အရှုံးမရှိနိုင်ပါဟု ဆိုလိုက်ချင်ပါတော့သည်” ဟု ဆိုခဲ့သည်။ ယခုအခါ လောကနတ် အလှပညာဆိုင်ခန်းအား စတင်တည်ထောင်ခဲ့ကြသူများတွင် ဒေါက်တာစန်းမြင့်နှင့် ပန်းချီဖေညွန့်ဝေတို့မှလွဲ၍ ကျန်ပုဂ္ဂိုလ်ကြီးများမှာ ကွယ်လွန်ခဲ့ကြပြီ ဖြစ်သည်။ သို့သော် အနုပညာကို ချစ်မြတ်နိုးသူများနှင့်အတူ လောကနတ်သည် ၄၆ နှစ်တာ အနုပညာခရီးကို ဖြတ်သန်ခဲ့လေပြီ။ ရှေ့ဆက်မည့် အနုပညာခရီး အတွက်လည်း အားသစ်လောင်းလျက်...။
ရည်ညွန်း
- ပေါ်ဦးသက် POT
- ကျွန်တော်ပန်းချီကုန်သည် (ဦးလှဝင်း-လေသူရဲတစ်ဦး) စာရေးသူ၏မှတ်စုများ

Most Read

Most Recent