ဆီးရီးယားသူပုန်များ ဆုတ်ခွာရေး သဘောတူညီချက်အရ အလက်ပိုမြို့ထဲမှ လူထောင်နှင့်ချီ ထွက်ခွာ

ဆီးရီးယားသူပုန်များ ဆုတ်ခွာရေး သဘောတူညီချက်အရ အလက်ပိုမြို့ထဲမှ လူထောင်နှင့်ချီ ထွက်ခွာ
Published 16 December 2016

ဆီးရီးယား အစိုးရက နှစ်နှင့်ချီ တိုက်ခိုက်လာခဲ့ပြီးနောက် အလက်ပိုမြို့အား အပြည့်အ၀ ထိန်းချုပ်ခွင့်ရမည့် သူပုန်များ ဆုတ်ခွာရေး သဘောတူညီချက်အရ ထောင်နှင့်ချီသော အရပ်သားများနှင့် သူပုန်များသည် ဒီဇင်ဘာ ၁၅ ရက်တွင် ယင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။ ယင်းမြို့ထဲတွင် အရပ်သား ထောင်ပေါင်းများစွာ ပိတ်မိနေချိန်၌ ဆရီဘရင်နီကာပုံစံ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု (၁၉၉၅ ခုနှစ် ဘော့စနီးယား စစ်ပွဲ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု) မှ ကြိုတင်ကာကွယ်ရန်အတွက် လုပ်ဆောင်ရန် လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သတိပေးခဲ့ချိန်တွင် ယင်းရွှေ့ပြောင်းမှုသည် ရက်နှင့်ချီ ကြာမြင့်နိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဒဏ်ရာရထားသော အရပ်သားများ၊ တိုက်ခိုက်ရေး သမားများနှင့် မိသားစုများ လိုက်ပါလာသော ယာဉ်တန်း သုံးခုသည် အလက်ပိုမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။ ကလေးများ အပါအဝင် ဒဏ်ရာရသူ ၄၀ ကျော်နှင့် အရပ်သား ၃၀၀၀ ခန့်သည် ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း ပထမယာဉ်တန်းနှစ်ခု ထွက်ခွာခဲ့ပြီးနောက် ယင်းကြက်ခြေနီ အဖွဲ့၏ ဆီးရီးယားဆိုင်ရာခေါင်းဆောင် မာရီယန်နီဂက်ဆာက ပြောကြားခဲ့သည်။
အလက်ပိုတစ်မြို့လုံးအား ပြန်လည်သိမ်းယူနိုင်ရေးအတွက် ဆီးရီးယား အစိုးရတပ်ဖွဲ့များက အဓိကထိုးစစ် ဆင်နွှဲခဲ့ပြီးနောက် တစ်လပြည့်ချိန်တွင် ယင်းကဲ့သို့ ရွှေ့ပြောင်းမှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အလက်ပိုမြို့ လွတ်မြောက်မှုသည် သမိုင်းထိုးနိုင်ခြင်းဖြစ်ကြောင်း ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်က ပြည်သူများထံ ဗီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။
အလက်ပိုမြို့ထဲတွင် အရပ်သား ၄၀၀၀၀ အပါအဝင် လူ ၅၀၀၀၀ ခန့် ပိတ်မိနေဆဲဖြစ်ကြောင်း ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂသံ အမတ်စတက်ဖန်ဒီမစ်တူရာက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ အလက်ပိုမြို့ထဲရှိ သူပုန်များ ထိန်းချုပ်ထားသော အပိုင်းများမှ အရပ်သားများနှင့် သူပုန်များ ထွက်ခွာရန် ကနဦး အစီအစဉ်သည် ဒီဇင်ဘာ ၁၄ ရက်တွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွား ခဲ့မှုကြောင့် ပျက်ပြားခဲ့ပြီးနောက် သဘောတူညီချက်သစ်ကို ဒီဇင်ဘာ ၁၅ ရက်တွင် ပြန်လည်ကြေညာခဲ့သည်။ လူနာတင်ယာဉ်များနှင့် ဘတ်စ်ကားများ ပါဝင်သော ယာဉ်တန်းသည် အလက်ပိုတောင်ပိုင်းရှိ အစိုးရ ထိန်းချုပ်ထားသော ခရိုင်တစ်ခုထဲသို့ ဖြတ်သန်းခဲ့ကြောင်း သိရသည်။ ပထမယာဉ်တန်းတွင် သူပုန်တိုက်ခိုက်ရေးသမား ၂၀၀ ခန့် အပြင် အရပ်သား အများစုအား တင်ဆောင်ခဲ့သည်ဟု ဆီးရီးယား စစ်ဘက်သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်။
ယင်းရွှေ့ပြောင်းမှုတွင် ပါဝင်သူ အများစုသည် ဆီးရီးယား အနောက်မြောက်ဘက်ရှိ သူပုန်များ၏ ခြေကုပ်ဖြစ်သော အီဒလစ်သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ဆီးရီးယား လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့ခေါင်းဆောင် ဂျန်အီလန်က ပြောခဲ့သည်။ ဆီးရီးယားတွင် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် မရရှိခဲ့လျှင် အီဒလစ်သည် နောက်ထပ် အလက်ပို ဖြစ်လာမည်ဟု ဒီမစ်တူရာက သတိပေးခဲ့သည်။
Ref : AFP

Most Read

Most Recent