အိမ်

အိမ်
Published 16 December 2016
ဆောင်းေ၀ (နတ်မောက်)

‘အိမ်’ ဟုကြားလိုက်လျှင် ကျွန်တော့်စိတ်ထဲ ထူးခြားတဲ့ စိတ်ခံစားမှုတွေ ဖြစ်လေ့ရှိပါသည်။ သီချင်းတွေ၊ ကဗျာတွေနှင့် ပန်းချီကားတွေထဲမှာ အိမ်နဲ့ပတ်သက်လို့ မြင်ရဖတ်ရ ကြားရလျှင်လည်း အိမ်လွမ်းစိတ်က မကြာခဏ ပေါ်လာတတ်ပါသည်။ အခုတစ်လော ကျွန်တော့်စိတ်ထဲ မကြာခဏဖြစ်တတ်တဲ့ စိတ်ခံစားမှုက အိမ်ပြန်လိုခြင်းပင် ဖြစ်ပါသည်။ မိဘအိမ်မှာနေရတဲ့အခါတုန်းက မသိသာပေမယ့် မိသားစုရဲ့အဝေးမှာ ရောက်နေတဲ့အချိန်မှာ အိမ်ရဲ့တန်ဖိုးကို ပို၍နားလည်လာမိပါသည်။ ကျွန်တော့်အတွက်တော့ အိမ်ပြန်ချင်တဲ့စိတ်က အများအားဖြင့်တော့ လွမ်းဆွတ် သတိရတဲ့အခါမျိုးမှာ ပေါ်တာများပါသည်။ အိမ်ပြန်ရောက်တဲ့အခါ အမေနဲ့အဖေကို ကိုယ့်အတွေ့အကြုံတွေနဲ့ အခက်အခဲတွေအကြောင်း ဘယ်လိုပြောပြမည်၊ ညီအစ်ကိုမောင်နှမတွေကို ဘာစကားတွေပြောမည်၊ ဘယ်နေရာသွားမည် စသဖြင့် စဉ်းစားတွေးတောနေရတာလည်း တစ်နည်းအားဖြင့်တော့ စိတ်ချမ်းသာဖို့ ကောင်းပါသည်။
ငယ်ငယ်တုန်းကတော့ ကျောင်းဆင်းချိန်ဆို ဘယ်ကိုမှမသွားတတ်ဘဲ အိမ်ကိုချက်ချင်း ပြန်ပြေးတတ်တာကိုလည်း သတိရမိပါသည်။ ရပ်ဝေးရှိ ဆွေမျိုးတွေရှိရာဆီ မိဘတွေနဲ့ သွားရောက် လည်ပတ်လေ့ရှိတဲ့အခါမှာလည်း အိမ်မြန်မြန်ပြန်ဖို့ပဲ လူကြီးတွေကို အမြဲပူဆာမိတတ်ပါသည်။ အိမ်ရောက်ရင် ဘာအလုပ်မှ အထွေအထူး မရှိတတ်ပေမယ့် အိမ်မှာနေရတာ ပြီးပြည့်စုံသလို ခံစားရပါသည်။ အိမ်မှာ ခေတ်မီအသုံးအဆောင် ပစ္စည်းတွေ ဘာမှမရှိပေမယ့် ကိုယ့်အိမ်ဆိုတဲ့စိတ်နဲ့ နောက်ထပ် ဘာမှမလိုအပ်သလို စိတ်ထဲခံစားရလေ့ ရှိပါသည်။
နောက်ပိုင်း အရွယ်ရောက်လာလို့ အိမ်ကထွက်လာပြီး တကယ့်ဘဝလမ်းခရီး လျှောက်လှမ်းရတဲ့အခါမှာတော့ အိမ်ကိုအရင်လို အမြဲတမ်း မပြန်နိုင်တော့ဘဲ တစ်နှစ်တစ်ခါလောက်ပဲ ပြန်ဖြစ်ပါတော့သည်။ လူတိုင်းဟာ ဘယ်နေရာပဲ ရောက်ရောက် အိမ်ကိုယ်စီ အဆောက်အအုံကိုယ်စီနဲ့ နေထိုင်နေကြလေ့ ရှိကြတယ်ဆိုပေမယ့် ကျွန်တော်ကတော့ ကိုယ့်ကိုမွေးဖွားခဲ့တဲ့ ချက်မြှုပ်အိမ်ကိုပဲ စိတ်ထဲမှာ နွေးထွေးမှု၊ ပြည့်စုံမှု၊ လုံခြုံမှု အပေးဆုံးနေရာဟု ထင်မြင်မိပါသည်။
ငယ်ငယ်တုန်းကတေ့ာ အိမ်ဆိုတာ လူနေထိုင်လို့ရသော အဆောက်အအုံဟုသာ အကြမ်းဖျင်း နားလည်ခဲ့ပေမယ့် ခုလိုတစ်နယ်တစ်ကျေးမှာ နေထိုင်နေရတဲ့ အချိန်မှာတော့ မိဘအိမ်ဆိုတာ မေတ္တာတရား၊ နားလည်မှု၊ အချင်းချင်းယုံကြည်မှုနဲ့ သစ္စာတရားတို့ တည်ရှိနေသောနေရာဟု ထမ်မံနားလည်လာမိပါသည်။ ကျွန်တော့်သူငယ်ချင်း အများစုမှာ မိဘတွေနဲ့ဝေးရာအရပ်မှာ ဘဝခရီးကို ဖြတ်သန်းနေကြရသူ အများစုဖြစ်ကြရာ သူတို့လည်း သူတို့အိမ်အကြောင်း၊ မိဘတွေရှိတဲ့အိမ်ကို လွမ်းဆွတ်ကြောင်း၊ ပြန်ချင်ကြကြောင်း ပြောဆိုကြတာ မကြာခဏ ကြားရတတ်ပါသည်။ လက်ရှိအခြေအနေမှာ ကိုယ့်မိသားစုနဲ့ကိုယ်၊ ကိုယ့်ဘဝနဲ့ကိုယ် ရပ်တည်နေထိုင်ကြသူတွေ ရှိပေမယ့် ကိုယ့်ကိုမွေးဖွားခဲ့တဲ့ မိဘတွေရှိတဲ့ အိမ်ကိုပိုပြီး လွမ်းဆွတ် သတိရတတ်ကြတာမျိုး ပြောဆိုကြတာမျိုးလည်း အများအပြား ကြားခဲ့ဖူးပါသည်။ ဒါကလည်း မိဘတွေဆီကရရှိခဲ့တဲ့ မေတ္တာတရားကြောင့် ဖြစ်နိုင်သလို ကိုယ့်ကိုယုံကြည်ပေးမှု၊ အကောင်းမြင်ပေးမှုတွေကို ကိုယ့်မိသားစုဆီ အပြည့်အဝရရှိခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါသည်။ ကိုယ့်အိမ်မှာ ကိုယ်ကြိုက်သလို နေလို့ရပေမယ့် ပတ်ဝန်းကျင်မှာ နေထိုင်ရတဲ့အခါ ကိုယ့်အပေါ် အပြစ်မမြင်အောင်၊ ပတ်ဝန်းကျင်နှင့် အဆင်ပြေအောင် အစစအရာရာ အရိပ်အကဲကြည့်ကာ နေထိုင်ကြရတာလည်း ရှိနိုင်ပါသည်။ ကိုယ့်အိမ်မှာ ကိုယ်ဘာပဲလုပ်လုပ် နားလည်ခွင့်လွှတ်ပေးမယ့် မိသားစုရှိပေမယ့် အခြားအရပ်မှာ သူစိမ်းတစ်ရံများနှင့် ဆက်ဆံရတဲ့အခါ ကိုယ့်လုပ်ရပ်များရဲ့ အမှန်နှင့်အမှားကို နားလည်ပေးဖို့ဆိုသည်မှာ မလွယ်ကူသောကိစ္စ ဖြစ်ပါသည်။
လူတိုင်းကတော့ နွေးထွေးလုံခြုံသောနေရာမှာ ရှင်သန်နေထိုင်လိုကြသည်ချည်း ဖြစ်မည်ထင်ပါသည်။ ငွေကြေးဥစ္စာ ပြည့်စုံချမ်းသာလို့ ခေတ်မီကောင်းမွန်သည့် မည်သည့်နေရာမှာ သွားရောက် တည်းခိုသည်ဖြစ်စေ ကိုယ့်အိမ်မှာသာ ရရှိနိုင်တဲ့ နွေးထွေးလုံခြုံသော ခံစားမှုမျိုးကတော့ မည်သည့်နေရာတွင်မျှ ရရှိနိုင်မည်မထင်ပါ။ တစ်ခါတစ်ရံ သတင်းမီဒီယာများပေါ်တွင် အိမ်တွေမီးရှို့ခံရတာ၊ ဖျက်ဆီးခံရတာ၊ သဘာဝဘေးအန္တရာယ် တစ်ခုခုကြောင့် ပျက်စီးသွားတာမျိုး ကြားသိရရင် စိတ်ထဲနာကျင်သလို ခံစားမိပါသည်။ အိမ်တွေ ဖျက်ဆီးခံရသူတွေရဲ့ စိတ်ထဲမှာ ဘယ်လောက်များ ဝမ်းနည်း ခံစားနေကြရမလဲဟုလည်း ကိုယ်စားခံစား နားလည်ကြည့်မိပါသည်။ ကိုယ်တိုင်သာဆို ဘယ်လိုနေမလဲမသိဘူး၊ အဲဒီလိုဒုက္ခမျိုးကို ခံစားနိုင်ပါ့မလားဟု တွေးမိကာ သူတို့အပေါ် သနားစိတ်ဖြစ်ရပါသည်။
စစ်ပြေးဒုက္ခသည်တွေနှင့် ဒုက္ခသည်စခန်းတွေထဲက အိမ်ခြေရာမဲ့ဆိုသူတွေလည်း နွေးထွေးလုံခြုံတဲ့အိမ်မှာ နေထိုင်ရဖို့အတွက် သူတို့ရင်ထဲမှာ တောင့်တလိုအပ်နေကြမှာပဲ ဟုလည်း စိတ်ထဲခံစား နားလည်မိပါသည်။ မည်သူမဆို ကိုယ့်အိမ်မှာပဲ လုံခြုံပျော်ရွှင်စွာ နေထိုင်လိုကြသည်ချည်း ဖြစ်မည်ထင်ပါသည်။ ကိုယ့်အိမ်မှာပဲ လူကြီးမိဘတွေက အလုပ်လုပ်ကြသလို ကလေးတွေက ကျောင်းသွားကြမည် စသဖြင့် အလုပ်အကိုင်ကိုယ်စီဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ ဘဝကို ဖြတ်သန်းလိုကြမည် ထင်ပါသည်။ စီးပွားရေး၊ ပညာရေးကိစ္စများဖြင့် ရပ်ဝေးရောက်နေသူ အများစုက ကိစ္စရှိရင် အိမ်ပြန်လာလို့ ရနိုင်ကြပေမယ့် စစ်ပွဲများကြောင့် ထွက်ပြေးနေရသူများကတော့ အိမ်ကိုချက်ချင်းပြန်လာဖို့ လွယ်ကူလိမ့်မည်မထင်ပါ။ ကိုယ့်အိမ်ထက် အခြေအနေ ပိုမိုဆိုးရွားတဲ့ နေရာမျိုးဆိုရင်တေ့ာ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခနှင့်အတူ စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေပါ ပူးတွဲခံစားကြရပါလိမ့်မည်။ စစ်ပွဲတွေသာမရှိတော့ရင် စစ်ပြေးဒုက္ခသည်တွေလည်း ရှိနိုင်တော့မည် မဟုတ်ပါ။ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း မခံစားရနိုင်တေ့ာပါ။ စစ်ပွဲများသည် နေအိမ်များကို ဖျက်ဆီးနေကြရုံတင် မဟုတ်ဘဲ မိသားစုအသိုက်အမြုံများကိုပါ ဖျက်ဆီးနေကြခြင်း ဖြစ်ပါသည်။ စစ်ပွဲများသည် လူသတ်လက်နက်များလည်းဖြစ်သလို ကလေးပေါင်းမြောက်မြားစွာရဲ့ ဘဝအနာဂတ်တွေကို ပိတ်ပင်ဖျက်ဆီးနေကြတာလည်း ဖြစ်ပါသည်။ ပညာရှင် တစ်ယောက်ကတေ့ာ “စစ်ပွဲတွေမှာ အမှန်နဲ့အမှားမရှိဘူး၊ အနိုင်နဲ့ အရှုံးပဲရှိတယ်” ဟုပြောဆိုဖူးတာကိုလည်း စာအုပ်တွေထဲမှာ ဖတ်ခဲ့ဖူးပါသည်။ ထိုစကားမှန်တာ မှားတာ မပြောနိုင်ပေမယ့် စစ်ပွဲတွေ မရှိသင့်တာကတေ့ာ အမှန်ပင်ဖြစ်ပါသည်။
အိမ်ပြန်ချင်ကြတဲ့ နေရာမှာလည်း အချို့က ဒုက္ခရောက်လို့၊ အဆင်မပြေလို့၊ အချို့က အောင်မြင်ဝမ်းမြောက်လို့၊ အချို့က လွမ်းဆွတ်သတိရလို့ စသဖြင့် ရည်ရွယ်ချက်ကိုယ်စီ ကွဲပြားနေကြသော်လည်း အိမ်ပြန်ချင်တဲ့ စိတ်ကတော့ တူညီနေကြမည် ထင်ပါသည်။ မြန်မာပြည်မှာ မွေးဖွားပြီး အမေရိကန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့တဲ့ ကဗျာဆရာကြီးတင်မိုး (၁၉၃၃-၂၀၀၇) ကတေ့ာ သူ၏ဧည့်သည် ဆိုသောကဗျာတွင်-
‘ဆေးလိပ်လည်းတို၊
နေလည်းညိုပြီ၊
ငါ့ကို ပြန်ပို့ကြပါလေ’
ဟု အိမ်ကို လွမ်းဆွတ်စွာ ဖွဲ့ဆိုသွားခဲ့ပါသည်။ ကဗျာဆရာဖွဲ့ဆိုခဲ့သော အိမ်ဆိုတာကတော့ သူ့မွေးရပ်ဇာတိမြေမှာရှိတဲ့ သူ့ကိုမွေးဖွားခဲ့တဲ့ အိမ်လည်း ဖြစ်နိုင်သလို သူ့ရဲ့မွေးရပ်နိုင်ငံကို ရည်ညွှန်းတာလည်း ဖြစ်နိုင်ပါသည်။ နိုင်ငံရပ်ခြား ရောက်နေတဲ့အချိန် ကိုယ့်နိုင်ငံ၊ ကိုယ့်ရေမြေသဘာဝနှင့် ကိုယ့်ယဉ်ကျေးမှုတို့ကို လွမ်းဆွတ်သတိရစိတ်နဲ့ ဖွဲ့ဆိုရေးစပ်ခဲ့တာ ဖြစ်မည်ဟုလည်း ခံစားနားလည်မိပါသည်။
ကျွန်တော်တို့အနေဖြင့် အိမ်ပြန်နေကြသူများကို မကြာခဏ တွေ့မြင်နိုင်ပါသည်။ ကိုယ့်မြို့ကိုယ့်ရွာမှာ နေထိုင်ကြသူများက အလုပ်ရှိရာ နေရာအသီးသီးဆီကနေ ညနေခင်းဆို အိမ်ပြန်ကြတာရှိသလို ရပ်ဝေးမှာနေထိုင်ကြသူများကလည်း အခါအခွင့်သင့်တဲ့အခါ အိမ်ပြန်ကြတာမျိုးလည်း ရှိကြပါသည်။ ကား၊ ရထား စသည်များပေါ်တွင် အိမ်ပြန်နေကြသူများကို မကြာခဏ တွေ့မြင်ရလေ့ရှိပါသည်။ စီးပွားရေး၊ ပညာရေးကိစ္စများကြောင့် မိသားစုနှင့် ခွဲခွာနေရသူများက အိမ်ပြန်ချင်ကြတာရှိသလို စစ်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူများကလည်း အိမ်ပြန်ချင်နေကြမှာပဲ ဖြစ်ပါသည်။ ကျွန်တော်ကတေ့ာ အိမ်ပြန်တဲ့အခါ စိတ်ထဲပျော်ရွှင် ဝမ်းသာကြည်နူးမှုများနဲ့သာ ပြန်လိုပါသည်။ ထို့အတူ အခြားအိမ်ပြန်ကြသူများကိုလည်း စိုးရိမ်ပူပန်မှုများ မပါသော ပျော်ရွှင်ဝမ်းသာမှုများဖြင့်သာ အိမ်ပြန်ကြတာ မြင်ချင်ကြားချင်ပါသည်။ အိမ်ဆိုသည်မှာ အဆောက်အအုံတစ်ခု ဟူသော အဓိပ္ပာယ်သာမကဘဲ မေတ္တာတရားနှင့်အတူ လုံခြုံငြိမ်းချမ်းသော နေရာတစ်ခုဟုလည်း ဆိုနိုင်လိမ့်မည်ထင်ပါသည်။

Most Read

Most Recent