ပြင်သစ်သမ္မတ ကိုယ်စားလှယ်လောင်း လီပင်းက ရွှေ့ပြောင်းအခြေချသူတို့၏ ကလေးများကို ကျောင်းနေခွင့် မပြုသင့်ဟု ပြောကြား

ပြင်သစ်သမ္မတ ကိုယ်စားလှယ်လောင်း လီပင်းက ရွှေ့ပြောင်းအခြေချသူတို့၏ ကလေးများကို ကျောင်းနေခွင့် မပြုသင့်ဟု ပြောကြား
Published 9 December 2016

ပြင်သစ် လက်ယာစွန်းဝါဒီခေါင်းဆောင် မာရင်းလီပင်းက နိုင်ငံခြားသားများအတွက် အစိုးရဝန်ဆောင်မှုများကို ကန့်သတ်သင့်သည်ဟူသော ပြင်းထန်သည့် အဆိုများ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် တရားမဝင် ရွှေ့ပြောင်း အခြေချသူများ၏ ကလေးများကို အစိုးရကျောင်းများ၌ လက်မခံသင့်ဟု ဒီဇင်ဘာ ၈ ရက်က ပြောကြားခဲ့သည်။
“နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး ဘာမှဆန့်ကျင် မပြောလိုပါဘူး။ ဒါပေမဲ့ ပြောရမှာတစ်ခုက သင်တို့တတွေ ကျွန်မတို့ နိုင်ငံကိုလာရင် ဂရုစိုက်ခံရမယ်၊ ကျန်းမာရေး စောင့်ရှောက်မှုတွေရမယ်၊ ကလေးတွေလည်း အခမဲ့ ပညာသင်ခွင့်တွေ ရမယ်လို့တော့ မျှော်လင့်လို့ရမှာ မဟုတ်ဘူး” ဟု လီပင်းက ပါရီတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။ ထိုသတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည့် လီပင်း၏ မှတ်ချက်များကို ဆိုရှယ်လစ် အစိုးရက ဝေဖန်ခဲ့သည်။
လူထုသဘောထား စစ်တမ်းများအရ လာမည့်နှစ်တွင် ကျင်းပမည့် ပြင်သစ်သမ္မတ ရွေးကောက်ပွဲ၌ အမျိုးသားတပ်ဦးပါတီ (FN) ၏ ခေါင်းဆောင်လီပင်းသည် လက်ယာယိမ်း ရီပက်ဘလီကင်ပါတီ ကိုယ်စားလှယ်လောင်း ဖရန်ဆွာဖီလွန်နှင့် ယှဉ်ပြိုင်ရာ၌ ဒုတိယအကျော့ ထပ်မံယှဉ်ပြိုင်ရလိမ့်မည်ဟု ညွှန်ပြခဲ့ကြသည်။ သို့သော် အမေရိကန် ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အနိုင်ရသွားပြီးနောက် လီပင်းအတွက် မျှော်လင့်ချက် အသစ်ထပ်မံ ထွက်ပေါ်လာသည်။
အသက် ၄၈ နှစ်အရွယ် လီပင်းက ၎င်းသည် ပြင်သစ်နိုင်ငံထဲရှိ နိုင်ငံခြားသားများ အားလုံးကို ပညာရေးကို ပိတ်ပင်လိုခြင်း မဟုတ်ဘဲ ရွှေ့ပြောင်း အခြေချသူများ၏ ပညာရေးကိုသာ ရည်ညွှန်းကြောင်း သတင်းစာ ရှင်းလင်းပွဲပြီးနောက် အေအက်ဖ်ပီ သတင်းဌာနသို့ ရှင်းလင်းပြောကြားခဲ့သည်။ ကလေးများအားလုံး ကျောင်းနေခွင့်ရမည်ဟု အာမခံပေးထားသော ပြင်သစ်နိုင်ငံတွင် လီပင်း၏ အဆိုပြုချက်သည် လက်ရှိပြင်သစ် ဥပဒေကို ချိုးဖောက်ရာ ရောက်မည်ဖြစ်သည်။
ထို့ပြင် လီပင်းက ပြင်သစ်နိုင်ငံထဲတွင် အခွန်မဆောင်ဘဲ အစိုးရ ပညာရေးစနစ်ကို အသုံးပြုနေသည့် မည်သည့် နိုင်ငံခြားသားမဆို ကျောင်းအတွက် ကျသင့်ငွေပေးရမည်ဟုလည်း ဆိုသည်။ ယင်းသည် ပြင်သစ်တွင် ယာယီအခြေချ နေထိုင်သော ဥရောပ အလုပ်သမားများ အပေါ်ပါ သက်ရောက်စေမည် ဖြစ်သည်။ “အခုအချိန်ကစပြီး ကျွန်မတို့ရဲ့ ကြိုးပမ်းမှုတွေ၊ အမျိုးသားရေး စည်းလုံးညီညွတ်မှုတွေကို ကိုယ့်အဝန်းအဝိုင်းထဲက အဆင်းရဲဆုံး၊ အချို့တဲ့ဆုံးသူတွေ အတွက်ထား ပါတော့မယ်” ဟု လီပင်းက ပြောကြားခဲ့သည်။
အမျိုးသားရေးဝါဒီ FN ပါတီ၏ ခေါင်းဆောင်များသည် နိုင်ငံခြားသားများ၏ လူမှုရေး လုံခြုံမှုစနစ်အတွက် ပြင်သစ်၏ ပိုလျှံသော ဘတ်ဂျက်နှင့် ပတ်သက်၍ ဝေဖန်မှုများ ပုံမှန်ပြုလုပ်နေကြကာ ချို့တဲ့သည့် ပြင်သစ်ပြည်သူများကို ဦးစားပေးသင့်သည်ဟု ထောက်ပြကြသည်။                 
လာမည့်နှစ် ရွေးကောက်ပွဲတွင် လီပင်းအနိုင်ရလိမ့်မည်ဟု ခန့်မှန်းသည့် လေ့လာသူ အနည်းငယ်သာ ရှိသော်လည်း ပြင်သစ်နိုင်ငံတွင် အားနည်းသော စီးပွားရေးနှင့် ရွေ့ပြောင်းအခြေချသူများ အရေးတို့က ထိပ်ဆုံးအကြောင်းအရာများ ဖြစ်နေကြသဖြင့် ကြိုတင်မခန့်မှန်းနိုင်ဖြစ်နေသည်။         
Ref : AFP