အီးစီးကရက်က လူထုကျန်းမာရေးအတွက် ကြီးမားသည့် စိုးရိမ်မှုတစ်ခုဟု အမေရိကန် ပြည်သူ့ကျန်းမာရေးဌာန အကြီးအကဲက သတိပေး

အီးစီးကရက်က လူထုကျန်းမာရေးအတွက် ကြီးမားသည့် စိုးရိမ်မှုတစ်ခုဟု အမေရိကန် ပြည်သူ့ကျန်းမာရေးဌာန အကြီးအကဲက သတိပေး
Published 9 December 2016

အီးစီးကရက် သောက်သုံးမှုသည် လူငယ်ထုအကြား သိသိသာသာ မြင့်တက်လာနေပြီး ယခုအခါ ယင်းသည် လူထုကျန်းမာရေးအတွက် ကြီးမားသည့် စိုးရိမ်မှုတစ်ခု ဖြစ်လာသည်ဟု အမေရိကန် ပြည်သူ့ကျန်းမာရေး အကြီးအကဲ ဗီဗက်မာသီက ဒီဇင်ဘာ ၈ ရက်တွင် သတိပေးခဲ့သည်။ ဗြိတိန်ရှိ ကျွမ်းကျင်ပညာရှင်များက ယင်းအချက်ကို သဘောထား ကွဲလွဲခဲ့သည်။
ဓာတ်ခဲအသုံးပြုသည့် အီးစီးကရက်များသည် နီကိုတင်းဓာတ်ပါသည့် အရည်ကို အငွေ့ဖြစ်အောင် အပူပေးပြီး ရှူရှိုက်ရခြင်း ဖြစ်သည်။ အမေရိကန် အထက်တန်းကျောင်းသား ခြောက်ဦးတွင် တစ်ဦးခန့်က ပြီးခဲ့သည့်လတွင် အီးစီးကရက် အသုံးပြုခဲ့ကြသည်။
“အီးစီးကရက် အသုံးပြုမှုက ပြီးခဲ့တဲ့နှစ်တွေမှာ တော်တော်လေး မြင့်တက်လာပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း အထက်တန်းကျောင်းသားတွေ ကြားထဲမှာ ရာခိုင်နှုန်း ၉၀ လောက်အထိ အံ့အားသင့်ဖွယ် မြင့်တက်လာတယ်” ဟု ဗီဗက်မာသီက အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ယင်းပစ္စည်းများသည် ယခုအခါ အမေရိကန်ရှိ လူငယ်ထုအကြားတွင် ဆေးရွက်ကြီး ပုံစံမျိုး အသုံးပြုမှု အများဆုံးဖြစ်လာပြီး စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးရွက်ကြီးဝါးခြင်းနှင့် တမာကူများ အပါအဝင် သမားရိုးကျ ဆေးရွက်ကြီး ထုတ်ကုန်များကို ကျော်လွန်လာပြီဟု ၎င်းက ပြောကြားခဲ့သည်။
နီကိုတင်းဓာတ် ပါဝင်သည့် အီးစီးကရက်သည် စွဲလန်းမှုဖြစ်စေနိုင်ပြီး ဆယ်ကျော်သက်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို အန္တရာယ်ပေးနိုင်သည်ဟု မာသီက ပြောကြားခဲ့သည်။
လူငယ်များအတွက် မည်သည့်ပုံစံမျိုးနှင့်မဆို နီကိုတင်း အသုံးပြုမှုသည် အန္တရာယ်ရှိကြောင်း ကျွမ်းကျင်ပညာရှင် ၁၅၀ ကျော် ရေးသားသုံးသပ်သည့် အစီရင်ခံစာ တစ်ခုတွင် ဖော်ပြခဲ့သည်။ သို့သော်လည်း အီးစီကရက်၏ အန္တရာယ်များအတွက် သိပ္ပံဆိုင်ရာ အထောက်အထားတွင် ကွဲလွဲမှုများရှိသည်ဟု မာသီက ဝန်ခံခဲ့သည်။
ယင်းအစီရင်ခံစာတွင် သိပ္ပံဆိုင်ရာ သုတေသနအသစ်များ မပါဝင်သော်လည်း ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများ၊ မူဝါဒ ချမှတ်သူများနှင့် အခြားသူများအတွက် အရေးပါသည့် မှတ်တမ်းတစ်ခုအဖြစ် အထောက်အကူ ပြုနိုင်ကြောင်း နယူးယောက် Northwell Health ၏ ဆေးရွက်ကြီး ထိန်းချုပ်မှုဆိုင်ရာ စင်တာ၏ ဒါရိုက်တာ ပက်ထရစ်ရှာဖိုလန်က ပြောကြားခဲ့သည်။
သို့သော်လည်း ယခုနှစ်အစောပိုင်းက လန်ဒန်တက္ကသိုလ် ကောလိပ်မှ သုတေသီများ၏ အစီရင်ခံစာတွင် အီးစီးကရက်များသည် ပြီးခဲ့သည့်နှစ်က အင်္ဂလန်၌ ဆေးလိပ်သောက်သူ ၁၈,၀၀၀ ခန့်ကို ဆေးလိပ်ဖြတ်ရန် အကူအညီ ပေးခဲ့သည်ဟု ဆိုသည်။
ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်သောက်သုံးခြင်းကြောင့် တစ်နှစ်လျှင် လူခြောက်သန်းခန့် သေဆုံးနေဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆိုသည်။                                
Ref : AFP