ကန့်ကွက်မှု ရှိနေသော်လည်း လုံခြုံရေးကောင်စီက မြောက်ကိုရီးယား၏ လူ့အခွင့်အရေး ချိုးဖောက်မှုအား ဆွေးနွေးမည်

ကန့်ကွက်မှု ရှိနေသော်လည်း လုံခြုံရေးကောင်စီက မြောက်ကိုရီးယား၏ လူ့အခွင့်အရေး ချိုးဖောက်မှုအား ဆွေးနွေးမည်
Published 8 December 2016
Ref:AFP

မြောက်ကိုရီးယား၏ မဟာမိတ် တရုတ်က ကန့်ကွက်နေသော်လည်း မြောက်ကိုရီးယားတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာ ၉ ရက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သံတမန်များက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနှင့် ပတ်သက်၍ ဆွေးနွေးမှုအား သုံးနှစ်ဆက်တိုက် ပိတ်ဆို့ရန် တရုတ်က လုပ်ထုံးလုပ်နည်းဆိုင်ရာ မဲခွဲမှုပြုလုပ်ရန် တောင်းဆိုမည်ဟု မျှော်လင့်ရသည်။
လုံခြုံရေးကောင်စီ အခြားအဖွဲ့ဝင်နိုင်ငံ ကိုးနိုင်ငံဖြစ်သော ဗြိတိန်၊ ပြင်သစ်၊ ဂျပန်၊ မလေးရှား၊ နယူးဇီလန်၊ စပိန်၊ ယူကရိန်း၊ အမေရိကန်နှင့် ဥရုဂွေးတို့က ယင်းဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ မြောက်ကိုရီးယားတွင် ဖြစ်ပေါ်နေသော အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ၎င်း၏ပါဝင်ပတ်သက်နေမှု နှင့်ဆိုင်သော သတင်းအချက်အလက်များ လိုအပ်ကြောင်း ယင်းနိုင်ငံများက ယခုသီတင်းပတ်တွင် စာတစ်စောင်၌ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ကမ္ဘာ့လုံခြုံရေးအတွက် အန္တရာယ်မပြုကြောင်း ရပ်တည်ချက်အား တရုတ်က ဆက်လက်ကိုင်စွဲခဲ့ပြီး ယင်းအကြောင်းအရာအား ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ဆွေးနွေးသင့်ကြောင်း တိုက်တွန်းခဲ့သည်။ ပြီးခဲ့သောနှစ်တွင် ယင်းကောင်စီ၏ ဆွေးနွေးမည့် အကြောင်းအရာများထဲမှ မြောက်ကိုရီးယား လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စအားဖယ်ထုတ်ရန် ရုရှား၊ အင်ဂိုလာနှင့် ဗင်နီဇွဲလားတို့က ထောက်ခံမှုပေးခဲ့သော်လည်း ယင်းနှစ်က ဆွေးနွေးမှုအား တရုတ်က မရပ်တန့်နိုင်ခဲ့ပေ။
လုံခြုံရေးကောင်စီသည် ၂၀၁၄ ခုနှစ် နောက်ပိုင်းမှစ၍ မြောက်ကိုရီးယားတွင် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အကြောင်းအရာအား နှစ်စဉ်ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားက ယင်းဆွေးနွေးပွဲသို့ ကိုယ်စားလှယ် တစ်ဦးစေလွှတ်ရန် ငြင်းဆန်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအရ မြောက်ကိုရီးယားတွင် လူပေါင်း ၈၀၀၀၀ နှင့် ၁၂၀၀၀၀ အကြား ထိန်းသိမ်းထားသော အကျဉ်းစခန်းများ၌ ညှဉ်းပန်းနှိပ်စက်မှု၊ ကွပ်မျက်မှုနှင့် အငတ်ထားမှု ပြုလုပ်ခဲ့သည့် အထောက်အထားများ တွေ့ရှိခဲ့ရကြောင်း ဖော်ပြခဲ့သည်။
ယခုနှစ် ဆွေးနွေးပွဲတွင်မူ မြောက်ကိုရီးယား၌ အဓမ္မခိုင်းစေမှုနှင့် ဒုံးကျည်နှင့်  နျူကလီးယား စီမံကိန်းများ ဆောင်ရွက်ရန်အတွက် ရင်းမြစ်များအား ပြောင်းလဲအသုံးပြုမှု ကိစ္စများကို ဦးစားပေး ဆွေးနွေးနိုင်ခြေရှိကြောင်း လုံခြုံရေးကောင်စီ၏ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကန့်ကွက်ရှုတ်ချကြောင်းနှင့် ယင်းနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် ပေးပို့သောငွေများအား ပြုံယမ်းက စစ်ရေးစီမံကိန်းများတွင် အသုံးပြုခဲ့ခြင်းအတွက် စိုးရိမ်ကြောင်း ဖော်ပြသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ပြီးခဲ့သောလတွင် အထွေထွေညီလာခံ ကော်မတီ၌ အတည်ပြုခဲ့ကြောင်း သိရသည်။