လူ ၄၈ ဦး လိုက်ပါလာသော ပါကစ္စတန် လေယာဉ်ပျက်ကျမှုကြောင့် လိုက်ပါလာသူအားလုံး သေဆုံး

လူ ၄၈ ဦး လိုက်ပါလာသော ပါကစ္စတန် လေယာဉ်ပျက်ကျမှုကြောင့် လိုက်ပါလာသူအားလုံး သေဆုံး
Published 8 December 2016
Ref:AFP

လူ ၅၀ နီးပါး လိုက်ပါလာသော ပါကစ္စတန် လေယာဉ်တစ်စင်းသည် နိုင်ငံ၏တောင်တန်း ထူထပ်သောမြောက်ပိုင်းသို့ အသွားတွင် ဒီဇင်ဘာ ၇ ရက်က ပျက်ကျခဲ့ပြီးနောက် ပေါက်ကွဲမီးလောင်ခဲ့ရာ လိုက်ပါလာသူအားလုံး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (PIA) ၏ ခရီးစဉ်အမှတ် PK661 သည် ချီထရယ်မြို့မှ မြို့တော် အစ္စလာမ္မာဘတ်သို့ ပျံသန်းနေစဉ် လေယာဉ်၏ ပန်ကာတပ် တာဗိုဂျက်အင်ဂျင် နှစ်လုံးအနက် တစ်လုံးရပ်သွားခဲ့ပြီးနောက် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လေကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ပြီး ယင်းသည် ပါကစ္စတန်သမိုင်းတွင် အဆိုးရွားဆုံး လေကြောင်း မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည်။
ခိုင်ဘာပက်ထန်ဝါပြည်နယ်၊ အဘော့တာဘတ် ခရိုင်ရှိ လေယာဉ် ပျက်ကျခဲ့သည့်နေရာမှ မီတာရာဂဏန်း အကွာအဝေးတွင် တွေ့ရှိခဲ့ရသော လေယာဉ်အပျက်အစီး အစိတ်အပိုင်းများမှ မီးလောင်ထားသော အလောင်းများကို ရာနှင့်ချီသည့် ရွာသားများ အပါအဝင် ကယ်ဆယ်ရေးများက ဆွဲထုတ်ခဲ့ရကြောင်း သိရသည်။ ပျက်ကျခဲ့ပြီးနောက် လေယာဉ်၏ အစိတ်အပိုင်းအချို့သည် ငါးနာရီကျော်ကြာ မီးစွဲလောင်နေဆဲ ဖြစ်ကြောင်း ဆက်ဒါဘာတိုနီ ရွာအနီး အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။
 ဆိုးဆိုးရွားရွား မီးလောင်မှုများကြောင့် အလောင်းများသည် အမျိုးသမီး သို့မဟုတ် အမျိုးသား မည်သူမည်ဝါမှန်း ခွဲခြားမသိနိုင်လောက်အောင် ပုံပျက်ခဲ့ကြောင်း ကယ်ဆယ်ရေးတွင် ကူညီခဲ့သည့် အသက် ၃၀ အရွယ် ရွာသားတစ်ဦးက ပြောကြားခဲ့သည်။ ပျက်ကျခဲ့သော လေယာဉ်သည် ATR-42 ပန်ကာတပ် ဂျက်လေယာဉ်ဖြစ်ပြီး အင်ဂျင်တစ်လုံး ပျက်စီးခဲ့ပြီးနောက် မြေပြင်ရှိ တာဝန်ရှိသူများအား ဆက်သွယ်ခဲ့ကြောင်း၊ ယင်းနောက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၄ မိနစ်တွင် အကူအညီတောင်းသည့် ရေဒီယိုသင်္ကေတ ပို့ခဲ့ကြောင်း ယင်းလေကြောင်းလိုင်း ဥက္ကဋ္ဌ အဇမ်ဆိုင်ဂိုက အစ္စလာမ္မာဘတ်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ညနေ ၄ နာရီ ၁၆ မိနစ်တွင် ရေဒါမှ မပျောက်ကွယ်မီ လေယာဉ်စတင် ထိုးဆင်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သေဆုံးခဲ့သူများတွင် နိုင်ငံခြားသား သုံးဦးပါဝင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏နိုင်ငံသားနှစ်ဦး သေဆုံးခဲ့ကြောင်း နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။ တရုတ်နိုင်ငံသား တစ်ဦးလည်း သေဆုံးသူများထဲတွင် ပါဝင်ခဲ့ကြောင်း တရုတ်အစိုးရပိုင် မီဒီယာက ထုတ်ပြန်ခဲ့သည်။
ယင်းပျက်ကျမှုသည် ပါကစ္စတန်မြေပေါ်တွင် စတုတ္ထမြောက် အဆိုးရွားဆုံးလေကြောင်း မတော်တဆမှုဖြစ်ခဲ့သည်။ ပါကစ္စတန်တွင် ၂၀၁၅ ခုနှစ်က ရဟတ်ယာဉ် မတော်တဆမှု နှစ်ကြိမ် နောက်ဆုံးဖြစ်ပွားခဲ့သည်။ ပြီးခဲ့သောနှစ်မေတွင် ဝေးလံခေါင်သီသော နိုင်ငံမြောက်ပိုင်း တောင်ကြားထဲသို့ ပါကစ္စတန် စစ်ဘက်ရဟတ်ယာဉ် တစ်စင်းပျက်ကျခဲ့ရာ နော်ဝေ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား သံအမတ်များ အပါအဝင် လူရှစ်ဦး သေဆုံးခဲ့သည်။ ၂၀၁၅ ခုနှစ် သြဂုတ်တွင် အခြားစစ်ဘက်ရဟတ်ယာဉ် တစ်စင်းပျက်ကျခဲ့ရာ စစ်ဘက်တာဝန်ရှိသူ ၁၂ ဦး သေဆုံးခဲ့သည်။