ဧဝရတ်တောင်ကို တက်ခဲ့သည့် ဂျပန်ဆယ်ကျော်သက် မိန်းကလေးက မြောက်ဝင်ရိုးစွန်းသို့ သွားရန်ရည်မှန်း

ဧဝရတ်တောင်ကို တက်ခဲ့သည့် ဂျပန်ဆယ်ကျော်သက် မိန်းကလေးက မြောက်ဝင်ရိုးစွန်းသို့ သွားရန်ရည်မှန်း
Published 8 December 2016
Ref:AFP

ဂျပန်ဆယ်ကျော်သက် မိန်းကလေး မရင်းမီနာမီယာသည် ဧဝရတ်တောင်နှင့် အခြားတိုက် ခြောက်တိုက်ရှိ အမြင့်ဆုံး တောင်ထိပ်များကို တက်ခဲ့ပြီး တောင်ဝင်ရိုးစွန်းကို သွားရောက်ခဲ့ပြီး ဖြစ်သည်။
တောင်ထိပ် ခုနစ်ခုကို တက်ရောက်သည့် ကမ္ဘာ့အသက်အငယ်ဆုံး ပုဂ္ဂိုလ်ဖြစ်ရန် ကြိုးပမ်းမှုအဖြစ် မီနာမီယာသည် မြောက်ဝင်ရိုးစွန်းသို့ စွန့်စားသွားရောက်ရန် ပြင်ဆင်နေသည်။
မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းကို သွားရောက်ရန်နှင့် တောင်ထိပ် ခုနစ်ခုကို တက်ရောက်ရန်အတွက် စွန့်စားသူများ စွမ်းရည်ဟု သိရှိသည့် Explorers Grand Slam ကိုအောင်မြင်ခဲ့သူ ၅၁ ဦးသာ ရှိသည်ဟု ယင်းစွမ်းဆောင်မှုကို ဖော်ပြသည့် ဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြခဲ့သည်။
ဂျပန်အဝတ်အထည် ကုမ္ပဏီကြီး တစ်ခုနှင့် ငွေကြေးထောက်ပံ့မှု သဘောတူညီမှု ရရှိခဲ့သည့် မီနာမီယာသည် အသက် ၁၃ နှစ်အရွယ်တွင် အွန်လိုင်းကမ္ဘာကို စိတ်ဝင်စားခဲ့ပြီး မိတ်ဆွေများနှင့် လူကိုယ်တိုင်ထက် လူမှုမီဒီယာမှတစ်ဆင့် စကားစမြည်ပြောခဲ့သည်။ သို့သော် မီနာမီယာသည် ကျောင်းလေ့လာရေး ခရီးအဖြစ် တရုတ် တောင်ပိုင်းမြို့၏ တောင်ထူထပ်သည့် ဒေသသို့သွားရောက်ခဲ့ပြီးနောက် တောင်တက်ခြင်းကို နှစ်ခြိုက်ခဲ့သည်။
“တောင်တက်တာဟာ အရမ်းလန်းဆန်းတယ်။ ကျွန်မတို့အတွက် အသစ်အဆန်း တစ်ခုပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။
ယင်းနောက် မီနာမီယာသည် နီပေါနှင့် တိဘက်ရှိ တောင်များကို တက်ရောက်ခဲ့သည်။ အသက် ၁၇ နှစ် ပြည့်ပြီးနောက် မီနာမီယာသည် Explorers Grand Slam ပြီးဆုံးရန် စိန်ခေါ်မှု စတင်ခဲ့သည်။
မီနာမီယာသည် မီတာ ၈,၈၄၈ (ပေ ၂၉,၀၂၉) ရှိဧဝရတ်တောင်ကို ယခုနှစ် မေတွင်တက်ခဲ့သည်။ ၎င်းသည် ကမ္ဘာ့အမြင့်ဆုံးတောင်ကို ရောက်ရှိသည့် အသက်အငယ်ဆုံး ဂျပန်လူမျိုး ဖြစ်သည်။ ၎င်း၏ ခုနစ်ခုမြောက်နှင့် နောက်ဆုံး တောင်ထိပ်ဖြစ်သည့် မြောက်အမေရိကရှိ Denali တောင် (McKinley တောင်ဟုလည်း ခေါ်ဆိုသည်) ကို ယခုနှစ် ဇူလိုင်တွင် တက်ခဲ့သည်။