အထက်လေထုတွင်း ပျံသန်းမည့် ဆိုလာ လေယာဉ်သစ်ကို ဆွစ်ဇာလန် အင်ဂျင်နီယာက ထုတ်ဖော်ပြသ

အထက်လေထုတွင်း ပျံသန်းမည့် ဆိုလာ လေယာဉ်သစ်ကို ဆွစ်ဇာလန် အင်ဂျင်နီယာက ထုတ်ဖော်ပြသ
Published 8 December 2016
Ref:AFP

ဆိုလာစွမ်းအင်သုံးပြီး လေယာဉ်ဖြင့် ကမ္ဘာပတ်သည့် သမိုင်းဝင် ခရီးစဉ်ကို ဆွစ်ဇာလန် လေယာဉ်မှူးနှစ်ဦးက အောင်မြင်စွာ ပြီးဆုံးခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် ဆွစ်စွန့်စားသူ နောက်တစ်ဦးက အထက်လေထု တွင်းထိသွားရန် ရည်ရွယ်သော ဆိုလာလေယာဉ်သစ်ကို ဒီဇင်ဘာ ၇ ရက်က ထုတ်ဖော်ပြသခဲ့သည်။ ၂၃၇ စတုရန်းပေ ဧရိယာရှိသော ဆိုလာပြားများ ဖုံးလွှမ်းထားသည့် တောင်ပံအရှည် ပါဝင်သော နှစ်ယောက်စီး လေယာဉ်ငယ်သည် အထက်လေထုအတွင်း၌ ပျံသန်းမည့် ပထမဆုံးသောမောင်းသူပါ ဆိုလာလေယာဉ် ဖြစ်လာမည်ဖြစ်ကြောင်း ဆွစ်ဇာလန် စွန့်စားသူ ရာဖေးဒွန်ရန်က ပြောကြားခဲ့သည်။
အသက် ၄၄ နှစ်အရွယ် ရာဖေးက SolarStratos ဟု အမည်ပေးထားသော လေယာဉ်သည် အမြင့်ပေ ၈၂၀၀၀ ၌ပျံသန်းနိုင်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ SolarStratos လေယာဉ်ကို လာမည့် ဖေဖော်ဝါရီတွင် စမ်းသပ်ပျံသန်းရန် စီစဉ်ထားပြီး အထက်လေထု အတွင်း၌ ပထမဆုံးပျံသန်းမည့် ခရီးစဉ်များကို ၂၀၁၈ ခုနှစ်၌ စတင်မည်ဟု ကြေညာချက်က ဖော်ပြခဲ့သည်။
လေယာဉ် အလေးချိန်ကို လျှော့ချရန်အတွက် လေယာဉ် အတွင်းပိုင်းရှိ လေထုအား ဖိအားသွင်းထိန်းချုပ်မှု ဆောင်ရွက်မည်မဟုတ်ဘဲ လေယာဉ်မှူး ဒွန်ရန်ကလည်း ဆိုလာစွမ်းအင်သုံး အာကာသဝတ်စုံကို ဝတ်ဆင်မည်ဖြစ်သည်။ “အထက်လေထု အတွင်းရောက်ဖို့ ၅ နာရီခန့် ကြာနိုင်ပါတယ်” ဟုကြေညာချက်က ဖော်ပြခဲ့သည်။
အထက်လေထုသည် ကမ္ဘာမြေ၏ အနိမ့်ဆုံး လေထုလွှာ၏ အထက်တွင် တည်ရှိသည်။ အလယ်လတ္တီတွဒ်တွင် အထက်လေထုသည် အနိမ့်ကန့်သတ်ချက် မီတာ ၁၀၀၀ ခန့်မှ အမြင့်ကန့်သတ်ချက် မီတာ ၅၀၀၀၀ အတွင်းတွင် ရှိသည်။ လေကြောင်း အင်ဂျင်နီယာများသည် ကမ္ဘာမြေ၏ လေထုနှင့် အာကာသကြား နယ်နိမိတ်ကို သတ်မှတ်ရန်အတွက် ပင်လယ်ရေ မျက်နှာထက် မီတာ ၁၀၀၀၀၀ ခန့်ရှိသော ကာမန်မျဉ်းကို အသုံးပြုကြသည်။
ဆွစ်ဇာလန် စွန့်စားသူများဖြစ်ကြသည့် ဘာထရန့်ပစ်ကပ်နှင့် အင်ဒရေဘော့ရှ်ဘက်တို့သည် ပြီးခဲ့သည့် ဇူလိုင်က ဆိုလာလေယာဉ်နှင့် ကမ္ဘာတစ်ပတ် ပတ်သည့်ခရီးစဉ်ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အနာဂတ် အလားအလာများကို ဖော်ထုတ်ပြခဲ့သည်။ Solar Impulse 2 သည် ကမ္ဘာကို အဆင့် ၂၇ ဆင့်ခွဲ၍ပတ်ခဲ့ပြီး တိုက်ကြီးလေးတိုက်ကို ဖြတ်၍ မိုင် ၂၆၇၀၀ အား လောင်စာဆီလုံး၀ သုံးစွဲခဲ့ခြင်းမရှိဘဲ ပျံသန်းခဲ့သည်။
ဒွန်ရန်သည် SolarStratos စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ဆိုလာစွမ်းအင်သုံး ရွက်လှေဖြင့် ကမ္ဘာကိုပတ်ခဲ့သော ပထမဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် လေယာဉ်စီမံကိန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ အထက်လေထု အတွင်းသို့ ရောက်ရှိရန် ဟီလီယံ သို့မဟုတ် လောင်စာစွမ်းအင် အမြောက်အမြား သုံးစွဲရန် လိုအပ်သည်။ သို့သော်လည်း SolarStratos လေယာဉ်သည် လျှပ်စစ်ကားတစ်စီး၏ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုနှင့် ညီမျှသော သက်ရောက်မှုဖြင့် အထက်လေထုသို့ သွားနိုင်မည်ဖြစ်ကြောင်း ဒွန်ရန်၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။