ရုရှားရေနံလုပ်ငန်း သူဌေး ခိုဒေါ်ကော့စကီးအတွက် သိမ်းဆည်းထားသော ယူရိုသန်း ၁၀၀ အား အိုင်ယာလန်တရားရုံးက ပြန်ထုတ်ပေး

ရုရှားရေနံလုပ်ငန်း သူဌေး ခိုဒေါ်ကော့စကီးအတွက် သိမ်းဆည်းထားသော ယူရိုသန်း ၁၀၀ အား အိုင်ယာလန်တရားရုံးက ပြန်ထုတ်ပေး
Published 8 December 2016
Ref:AFP

ပြည်ပသို့ သွားရောက် နေထိုင်နေသော ရုရှားရေနံလုပ်ငန်း သူဌေးကြီး မီခေးခိုဒေါ်ကော့စကီးအတွက် သိမ်းဆည်းထားသော ပိုင်ဆိုင်မှု ယူရိုသန်း ၁၀၀ (ဒေါ်လာ ၁၀၇ သန်း) အား အိုင်ယာလန် တရားရုံးတစ်ခုက ဒီဇင်ဘာ ၇ ရက်တွင် ပြန်ထုတ်ပေးခဲ့ကြောင်း Irish Times သတင်းစာက ဖော်ပြခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ခိုဒေါ်ကော့စကီး၏ ပိုင်ဆိုင်မှုများအား ထိန်းသိမ်းထားခဲ့မှုကို ဆက်လက်ဆောင်ရွက်ရန်အတွက် အကြောင်းမရှိကြောင်း ဒဗ္ဗလင် ခရိုင်တရားသူကြီး တီမောတီလူစီက ပြောကြားခဲ့သည်။  အသက် ၅၃ နှစ်အရွယ် ရေနံလုပ်ငန်း သူဌေးကြီး ခိုဒေါ်ကော့စကီးသည် အငြင်းပွားဖွယ် စွပ်စွဲချက်များဖြင့် အကျဉ်းထောင်တွင် ဆယ်စုနှစ်တစ်ခုခန့် နေထိုင်ခဲ့ရပြီးနောက် ယခုအခါ ဗြိတိန်တွင် နေထိုင်နေပြီး ရုရှားရှိ အတိုက်အခံ အင်အားစုများကို ထောက်ပံ့နေသည်။ ဒဗ္ဗလင် ခရိုင်တရားရုံး၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ခိုဒေါ်ကော့စကီး၏ ဖောင်ဒေးရှင်း Open Russia က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် Open Russia လှုပ်ရှားမှုကို ထူထောင်ခဲ့သည့် ခိုဒေါ်ကော့စကီးသည် ပြန်လည်ရရှိသည့် ဘဏ္ဍာငွေများအား ယင်းလှုပ်ရှားမှုအတွက် တချို့တစ်ဝက် အသုံးပြုမည်ဖြစ်ကြောင်း ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။ ခိုဒေါ်ကော့စကီး၏ ယူကော့ ရေနံလုပ်ငန်းကြီးနှင့် သက်ဆိုင်သည့် စွဲချက်များအတွက် ရုရှား၏ ရှေ့နေအဖွဲ့ကို ဦးဆောင်သော အင်ဒရေခွန်ဒါကော့က အိုင်ယာလန် တရားရုံး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့သည်။ ခိုဒေါ်ကော့စကီးသည် အခွန်တိမ်းရှောင်မှုနှင့် ခြစားမှု စွပ်စွဲချက်ကြီး နှစ်ခုဖြင့် ပြစ်ဒဏ်စီရင်ခံခဲ့ရပြီး ယင်းစွဲချက်များသည် ပူတင်အား ဆန့်ကျင်သူများကို ကူညီခဲ့မှုအတွက် လက်တုံ့ပြန်မှုဟု ယူဆခဲ့ကြသည်။ ၂၀၁၃ ခုနှစ် နှောင်းပိုင်းတွင် ပူတင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးနောက် ခိုဒေါ်ကော့စကီးသည် ပြည်ပသို့ ပြောင်းရွှေ့ခဲ့ပြီး အတိုက်အခံများကို ထောက်ပံ့နေသည်။