မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်ခြောက်ဦးအား မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးရာ လုယက်မှုများ ပေါ်ပေါက်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်ခြောက်ဦးအား မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးရာ လုယက်မှုများ ပေါ်ပေါက်
Published 7 December 2016

မင်္ဂလာတောင်ညွန့် မြို့နယ်တွင် လူငယ် ခြောက်ဦးအား မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးရာ လုယက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း ဒီဇင်ဘာ ၇ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
နိုဝင်ဘာ ၂၉ ရက် ည ၁၀ နာရီခွဲကျော်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်၊ ကန်ပတ်လမ်း၊ ကန်တော်ကြီးဂိတ် (၂) အနီးတွင် အမျိုးသားခြောက်ဦးမှာ မင်္ဂလာဈေးဘက်မှ ပြေးထွက်လာသည်ကို သက်ဆိုင်ရာ ရဲတာဝန်ရှိသူများမှ မသင်္ကာသဖြင့် ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီး စစ်ဆေးခဲ့သည့် လူငယ်ခြောက်ဦးမှာ  ဒဂုံမြောက်မြို့နယ်နေ အောင်နီ ဦး (၁၉ နှစ်)နှင့် လွှမ်းမိုးအောင် (၁၉ နှစ်)၊ အလုံမြို့နယ်နေ ကိုကိုအောင်(၁၉နှစ်)၊ ဒဂုံတောင်မြို့နယ်နေ နိုင်လင်း(၂၃နှစ်)နှင့် အင်းစိန်မြို့နယ်နေ မျိုးသူရ (၁၉နှစ်)တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့ထဲမှ ကောင်းခန့်ထံမှ လက်ကိုင်ဖုန်း တစ်လုံးနှင့် ရွှေဆွဲကြိုး တစ်ကုံး၊ မျိုးသူရထံမှ လက်ကိုင်ဖုန်း တစ်လုံးတို့အား တွေ့ရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးရာ အဆိုပါပစ္စည်းများမှာ လုယူ၍ ရလာသည့် ပစ္စည်းများဖြစ်ကြောင်း သိရသည်။
“သူတို့ ခြောက်ဦးကို မသင်္ကာလို့  စစ်ဆေးရာကနေ အခုလို ခိုးမှု ပေါ်ပေါက်လာတာပါ။ အခြားခိုးယူတာတွေ အများကြီး ကျူးလွန်ထားတယ်လို့လည်း သိရပါတယ်။ အခုတော့ စစ်ဆေးစရာရှိတာ စစ်ဆေးနေပါတယ်”ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်မှ လူငယ်ခြောက်ဦးအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက (ပ) ၈၅၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၂/၅၄ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent