အသက်ခုနစ်နှစ် အရွယ်မိန်းကလေးက အလက်ပိုမြို့၏ အဖြစ်ဆိုးများကို Twitter မှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ အသိပေးနေ

အသက်ခုနစ်နှစ် အရွယ်မိန်းကလေးက အလက်ပိုမြို့၏ အဖြစ်ဆိုးများကို Twitter မှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ အသိပေးနေ
Published 7 December 2016
Ref:AFP

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ထဲမှ စိတ်ထိခိုက်ဖွယ် အခြေအနေများကို နေ့စဉ်ရေးသားနေသော အသက်ခုနစ်နှစ်အရွယ် မိန်းကလေး ဘာနာအယ်အဘတ်၏ Twitter အကောင့်သည် ၂၄ နာရီကြာ ငြိမ်သက်သွားခဲ့သဖြင့် ကမ္ဘာတစ်ဝန်းလုံးက ဝိုင်းဝန်းစိုးရိမ်ပူပန်ခဲ့ကြကြောင်း သိရသည်။
သို့သော် ဘာနာနှင့် မိခင်ဖြစ်သူတို့၏ Twitter ပေါ်၌ နေ့စဉ်ရေးသားချက်များကို ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်အား ထောက်ခံသူများနှင့် သမ္မတအာဆတ် ကိုယ်တိုင်ကပင် ဝါဒဖြန့်ချိမှုဟုဆိုကာ ရှုတ်ချခဲ့ကြသည်။ သို့သော် ဘာနာ၏ Twitter အကောင့်မှ Follower ထောင်ပေါင်းများစွာအတွက်မူ အညိုရောင်မျက်လုံးနှင့် ဘာနာသည် ဆီးရီးယားစစ်ပွဲက ဖျက်ဆီးခဲ့သော ကလေးငယ် ထောင်ပေါင်းများစွာ၏ ကြေကွဲဖွယ် သင်္ကေတတစ်ခု ဖြစ်နေသည်။
ဘာနာတို့ မိသားစုသည် အလက်ပိုမြို့ အရှေ့ခြမ်းတွင်ရှိသော သူတို့၏နေအိမ်မှ ထွက်ပြေးခဲ့ပြီးနောက် ဘေးကင်းစွာရှိနေကြောင်း ဖခင်ဖြစ်သူက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ အလက်ပိုတစ်မြို့လုံးကို ထိန်းချုပ်ရန် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသည့် ဆီးရီးယားစစ်တပ်သည် သူပုန်တို့ ထိန်းချုပ်ထားသော အလက်ပို အရှေ့ပိုင်း၏ သုံးပုံနှစ်ပုံကို သိမ်းနိုင်ခဲ့ပြီးဖြစ်သည်။
“စစ်တပ်ဟာ ကျွန်တော်တို့အိမ်နားကို တော်တော်ကပ်လာပါပြီ။ ဒါကြောင့် မြို့အရှေ့ပိုင်းရဲ့ အခြားတစ်နေရာကို ထွက်ပြေးခဲ့ပါတယ်။ တစ်မိသားစုလုံးရဲ့ အခြေအနေ ကောင်းမွန်ပါတယ်”ဟု ဂါဆန်အယ်အဘတ်က ဆိုသည်။
ဘာနာ၏ Twitter အကောင့်တွင် ဒီဇင်ဘာ ၅ ရက်က မည်သည့်ရေးသားမှုမျှ မရှိခဲ့သဖြင့် ၎င်းကိုထောက်ခံသူများက ဘာနာ ပျောက်နေသည်ကို သတိထားမှု မြင့်တက်လာစေရန် ‘ဘာနာဘယ်မှာလဲ’ ဆိုသည့် အကြောင်းအရာ hashtag တစ်ခုကို စတင်ခဲ့သည်။ သို့သော် ဘာနာသည် ဒီဇင်ဘာ ၆ ရက်တွင် Twitter ပေါ်သို့ပြန်ရောက်လာပြီး သူမအသက်ရှင်နေသေးကြောင်းကို သေချာသိစေရန် “ဟယ်လို သူငယ်ချင်းတို့။ နေကောင်းလား။ ကျွန်မလည်း နေကောင်းပါတယ်။ အားလုံးကို သတိရပါတယ်” ဟုရေးသားခဲ့သည်။
စက်တင်ဘာလ နှောင်းပိုင်းမှစ၍ ဘာနာနှင့် မိခင်ဖြစ်သူ ဖာတီမာတို့၏ ရိုးရှင်းသော အင်္ဂလိပ်စာဖြင့် Twitter တွင် ရေးသားမှုတို့ကြောင့် Follower ၂၁၃၀၀၀ ကျော်ရရှိလာခဲ့သည်။ သို့သော် ဘာနာ၏ အကောင့်ကို ဆီးရီးယားစစ်တပ်နှင့် သမ္မတအာဆတ် ကိုယ်တိုင်ကပင် ဝေဖန်မှုများပြုလုပ်ခဲ့သည်။
အောက်တိုဘာလက ဒိန်းမတ်ရုပ်သံလိုင်း TV2 နှင့် မေးမြန်းခန်း တစ်ခုထဲတွင် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်က ဘာနာရေးသားနေသည့် အကြောင်းအရာများသည် အကြမ်းဖက်သမားနှင့် ၎င်းတို့၏နောက်လိုက်များကို အထောက်အကူ ဖြစ်စေသည်ဟု ဆိုခဲ့သည်။