ထရန့်က အောင်ပွဲခံစုဝေးမှု၌ ဂျပန်၏ ဒေါ်လာဘီလျံ ၅၀ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ် ကြေညာ

ထရန့်က အောင်ပွဲခံစုဝေးမှု၌ ဂျပန်၏ ဒေါ်လာဘီလျံ ၅၀ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ် ကြေညာ
Published 7 December 2016
Ref:AFP

အမေရိကန် သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရန့်သည် အစဉ်အလာ ဆန့်ကျင်သော အောင်ပွဲခံခရီးစဉ်၏ ဒုတိယမြောက်နေရာကို ဒီဇင်ဘာ ၆ ရက်တွင် သွားရောက်ခဲ့ပြီး အမေရိကန် စီးပွားရေးသည်သာ ပထမဦးစားပေးမည် ဖြစ်ကြောင်းနှင့် တင်းမာသော မူဝါဒများချမှတ်မည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် အလုပ်အကိုင် ၅၀၀၀၀ ဖန်တီးပေးမည့် ဂျပန်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလျံ ၅၀ ရရှိခဲ့ကြောင်း ထရန့်က ကြွားဝါခဲ့သည်။
နော့ကယ်ရိုလိုင်းနားရှိ ဖေယက်တီဗီလီတွင် စုဝေးနေသော လူအုပ်ကြီးအား ထရန့်က “ကျွန်တော်တို့ ရွေးကောက်ပွဲနိုင်လို့ဆိုပြီး အဲဒီဂျပန်ကြီးက ဒေါ်လာဘီလျံ ၅၀ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပြုခဲ့တယ်” ဟုပြောကြားခဲ့သည်။ အင်ဒီယားနား ပြည်နယ်မှနေ၍ မက္ကဆီကိုသို့ ပြောင်းရွှေ့မည့်ရာနှင့်ချီသော ကုန်ထုတ်လုပ်ငန်း အလုပ်အကိုင်များအား ပြီးခဲ့သောသီတင်းပတ်တွင် ကြားဝင်တားဆီးနိုင်ခဲ့မှု နှင့်ပတ်သက်၍လည်း ထရန့်က ယခုစုဝေးမှုတွင် ကြွားဝါခဲ့သည်။
ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ Soft-Bank ပိုင်ရှင် ဘီလျံနာ မာဆာယိုရှီဆန်က နယူးယောက်ရှိ ထရန့်တာဝါတွင် ထရန့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ၎င်း၏ဆက်သွယ်ရေးကုမ္ပဏီသည် အမေရိကန်တွင် တည်ထောင်စ ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Soft-Bank နှင့် ထိုင်ဝမ်နည်းပညာကုမ္ပဏီ Foxconn တို့သည် အမေရိကန်တွင် လာမည့်လေးနှစ်အတွင်း ဒေါ်လာဘီလျံ ၅၀ + ဒေါ်လာ ၇ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး အလုပ်အကိုင်သစ် ၅၀၀၀၀ စီ ဖန်တီးပေးရန် ကတိပြုထားသည့် စာရွက်စာတမ်းတစ်ခုအား ဆန်ကပြသခဲ့သည်။ ယင်းရင်းနှီးမြှုပ်နှံမည့် ငွေများအား ဆော်ဒီအာရေဗျရှိ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေနှင့် အလားအလာရှိသော အခြားမိတ်ဖက်များနှင့်အတူ ထူထောင်ထားသည့် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ဒေါ်လာဘီလျံ ၁၀၀ ထံမှ ရရှိမည်ဖြစ်ကြောင်း ဆန်က ဝေါစထရိဂျာနယ်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထရန့်သည် အမေရိကန်သမ္မတစီး ဂျက်လေယာဉ်သစ်နှစ်စင်းနှင့် ပတ်သက်သော သဘောတူစာချုပ်အား ဖျက်သိမ်းမည်ဟု ဒီဇင်ဘာ ၆ ရက် အစောပိုင်းတွင် ခြိမ်းခြောက်ခဲ့ပြီး လူအများကြိုက် လုပ်ဆောင်သည့် ၎င်း၏စံများအား အားကောင်းအောင် လုပ်ဆောင်ခဲ့သည်။ ယင်းသဘောတူစာချုပ်၏ ကုန်ကျစရိတ်သည် ဒေါ်လာ လေးဘီလျံကျော်အထိ မြင့်တက်လာခဲ့ကြောင်း ထရန့်က ပြောကြားခဲ့သည်။ အခွန်ထမ်းပြည်သူများ၏ ငွေများအားချွေတာမည်ဟု ထရန့်က ကတိပြုထားကြောင်း ၎င်း၏အဖွဲ့ကဆိုခဲ့သည်။
၇၄၇ - ၈ ဂျမ်ဘို ဂျက်လေယာဉ်နှစ်စင်းအား အကောင်းဆုံး သမ္မတစီးလေယာဉ်များအဖြစ် ၂၀၂၄ ခုနှစ်မတိုင်မီ အဆင့်မြှင့်ရန်အတွက် ဘိုရင်းက ၂၀၁၅ ခုနှစ်တွင် ကန်ထရိုက်ရရှိခဲ့ပြီး ဒေါ်လာသုံးဘီလျံ ကုန်ကျနိုင်သည်ဟု ခန့်မှန်းခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်တွင် အိုဟိုင်းယိုးသို့ အောင်ပွဲခံခရီးစဉ် စတင်ထွက်ခွာခဲ့သည့် ထရန့်က အမေရိကန် စစ်ဘက်အားကောင်းစေရန် အရှိန်မြှင့်ရန်နှင့် ယခင်ကမကြုံခဲ့ဖူးသော အားကောင်းသည့် အမေရိကကို ထူထောင်သွားရန်လည်း ကတိပြုခဲ့သည်။