ကင်မရွန်နှင့် ရှီတို့ အတူသွားခဲ့သည့် ဗြိတိန်အရက်ဆိုင်ကို တရုတ်လုပ်ငန်းက ဝယ်ယူ

ကင်မရွန်နှင့် ရှီတို့ အတူသွားခဲ့သည့် ဗြိတိန်အရက်ဆိုင်ကို တရုတ်လုပ်ငန်းက ဝယ်ယူ
Published 7 December 2016
Ref: AFP

ယမန်နှစ်က တရုတ်သမ္မတ ရှီကျင်ပင်း နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဘီယာနှင့် ငါးကြော်၊ အာလူးကြော်တို့ အတူတကွ သုံးဆောင်ခဲ့သည့် ဗြိတိန်အရက်ဆိုင်ကို တရုတ်လုပ်ငန်းတစ်ခုက ဝယ်ယူလိုက်သည်ဟု သိရသည်။
လန်ဒန်အနီးရှိ ဝန်ကြီးချုပ်၏ တရားဝင် ကျေးလက်နေအိမ်အနီးမှ The Plough  အရက်ဆိုင်ကို Sino Fortune ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းက ဝယ်ယူခဲ့သည်ဟု Christie & Co  အေးဂျင့်၏ ဒီဇင်ဘာ ၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
သို့သော် ဝယ်ယူခဲ့သည့် ငွေကြေးပမာဏကို မထုတ်ဖော်ခဲ့ပေ။ “သမ္မတရှီကျင်ပင်း လာပြီးတဲ့နောက်မှာ ဒီဆိုင်ဟာ တရုတ်အသိုင်းအဝိုင်းမှာ နာမည်ကြီးလာပြီး ဗြိတိန်ရဲ့တရုတ်ခရီးသွားဆွဲဆောင်ရာနေရာ တစ်ခု ဖြစ်လာပါတယ်။ ခရီးသွားတွေဟာ သမ္မတရှီ စားခဲ့တဲ့ ဗြိတိန်ရိုးရာ ဘီယာနဲ့ အစားအစာကို မြည်းစမ်းကြည့်ဖို့ စိတ်အား ထက်သန်နေကြပါတယ်” ဟု ထိုကုမ္ပဏီ၏ အရက်ဆိုင်နှင့် စားသောက်ဆိုင်များဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ နေးလ်မော်ဂန်က ဆိုသည်။ “အာရှက ရင်းနှီးမြှုပ်နှံသူတွေဟာ ဗြိတိန်ဈေးကွက်ကို ပိုပိုပြီး စိတ်ဝင်စားလာကြပါတယ်။ အထူးသဖြင့် ဟိုတယ်တွေ၊ အပန်းဖြေနေရာတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေကို ပိုပြီးတွေ့လာရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယမန်နှစ် အောက်တိုဘာလက ရှီကျင်ပင်း၏ ဗြိတိန်ခရီးစဉ်အတွင်း ကင်မရွန်သည် ရှီကို ထိုဆိုင်သို့ ခေါ်သွားခဲ့သည်။ ဆိုင်ရှင်ဖြစ်သူ စတိဗ်ဟောလင်းက ကင်မရွန်နှင့် ရှီတို့ သည် အလွန်ရင်းရင်းနှီးနှီး ရှိခဲ့ကြသည်ဟု ဆိုခဲ့သည်။
ထိုစဉ်က ရှီ၏ တစ်ခုတည်းသော ပြ ဿနာမှာ ၎င်း၏ ငါးကြော်၊ အာလူးကြော်ထဲသို့ ထည့်ရန် ဆားနှင့် ရှာလကာရည် မရှိခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖိလစ်ဟာမွန်၏ ပြောကြားချက်ကို ကိုးကားပြီး Daily Telegraph သတင်းစာတွင် ရေးသားခဲ့သည်။ ရှီနှင့် ကင်မရွန်တို့ထို ဆိုင်သို့ သွားခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး သောက်သုံးခဲ့သည့် India paleale (IPA)  ဘီယာ၏ တရုတ်သို့ တင်ပို့ရသည့် ပမာဏသည် ၁၆ ဆ မြင့်တက်လာကြောင်းလည်း ဗြိတိန်မှ အရက်ထုတ်လုပ်ရေးလုပ်ငန်း Greene King က ဆိုသည်။                                         

 

Most Read

Most Recent