အစိုးရစစ်တပ် ချဉ်းကပ်လာစဉ် ဆီးရီးယား သူပုန်များက အလက်ပိုမြို့မှ ထွက်ပေးရန် ငြင်းပယ်

အစိုးရစစ်တပ် ချဉ်းကပ်လာစဉ် ဆီးရီးယား သူပုန်များက အလက်ပိုမြို့မှ ထွက်ပေးရန် ငြင်းပယ်
ဒီဇင်ဘာ ၅ ရက် အလက်ပိုအရှေ့ပိုင်းရှိ အစိုးရထိန်းချုပ်ဒေသ၌ မီးခိုးများ ထွက်ပေါ်နေစဉ် (Photo: AFP)
ဒီဇင်ဘာ ၅ ရက် အလက်ပိုအရှေ့ပိုင်းရှိ အစိုးရထိန်းချုပ်ဒေသ၌ မီးခိုးများ ထွက်ပေါ်နေစဉ် (Photo: AFP)
Published 6 December 2016

ဆီးရီးယား စစ်တပ်က ချဉ်းကပ်လာနေသော အလက်ပိုမြို့မှနေ၍ သူပုန်များ လုံး၀ ဆုတ်ခွာပေးရေး ကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ ၆ ရက်တွင် ရုရှားက အမေရိကန်နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားထားသော်လည်း အတိုက်အခံ အုပ်စုများက ထွက်ခွာပေးရန် ကိစ္စအားလုံးကို ပယ်ချလိုက်သည်။
ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်၏ တပ်များသည် နိုဝင်ဘာ လလယ်ပိုင်း၌ ဆီးရီးယား၏ ဒုတိယမြို့တော် အလက်ပိုကို စစ်ဆင်ရေးတစ်ရပ် စတင်ပြီးနောက်ပိုင်း သူပုန်တို့ ခြေကုပ်ယူထားရာ ဆီးရီးယား အရှေ့ပိုင်း၏ နယ်မြေ သုံးပုံနှစ်ပုံကို သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။
ဆီးရီးယား စစ်တပ်၏ စစ်ဆင်ရေးကို နိုင်ငံတကာက ဝိုင်းဝန်းဝေဖန် ကန့်ကွက်မှု များပြားလာသော်လည်း အလက်ပို၌ ခုနစ်ရက်ကြာ အပစ်အခတ် ရပ်စဲထားရန် တောင်းဆိုသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အား ရုရှားနှင့် တရုတ်တို့က ဒီဇင်ဘာ ၅ ရက်တွင် ဗီတိုအာဏာ သုံးစွဲကာ ပယ်ချခဲ့သည်။
အလက်ပိုမြို့ အရှေ့ပိုင်းရှိ သောင်းနှင့်ချီသော လူများသည် နိုင်ငံတကာက စိုးရိမ်မှုများ မြင့်တက်လာသည့် တိုက်ပွဲများမှ လွတ်မြောက်ရန် မြို့၏ အခြားအစိတ်အပိုင်းများသို့ ထွက်ပြေးခဲ့ကြရသည်။
သူပုန်များ မြို့ထဲမှ ထွက်ပေးရေး ကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ ၆ ရက်တွင် ဂျီနီဗာမြို့၌ ဆွေးနွေးပွဲ မပြုလုပ်မီ အစိုးရ စစ်တပ်က အလျင်အမြန် အသာစီး ရရှိခဲ့မှုကြောင့် အတိုက်အခံ တိုက်ခိုက်ရေး သမားများ၏ အနေအထားမှာ ယိုင်နဲ့လျက် ရှိသည်။
“ရုရှား-အမေရိကန် တိုင်ပင်ဆွေးနွေးမှုအတွင်း အလက်ပို အရှေ့ပိုင်းကနေ တိုက်ခိုက်ရေးသမား အားလုံး ဆုတ်ခွာဖို့အတွက် ခိုင်မာတဲ့ လမ်းကြောင်းနဲ့ အချိန်ကန့်သတ် ဘောင်ကို သဘောတူကြပါလိမ့်မယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ဒီဇင်ဘာ ၅ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။
“အဲဒီလမ်းကြောင်းတွေနဲ့ အချိန်ကန့်သတ် ဘောင်တွေကို သဘောတူပြီးတာနဲ့ အပစ်အခတ် ရပ်စဲရေးက အသက်ဝင်လာနိုင်ပါတယ်” ဟုလည်း လက်ဗ်ရော့ဗ်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗစ်တာလီချာကင်က အမေရိကန်နှင့် ရုရှားတို့သည် အခြေခံ အချက်များနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိရန်  နီးစပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် အမေရိကန် အထူးသံတမန်၏ လက်ထောက် မီရှယ်လ်လီဆီဆန်က “ရုရှားက လုံခြုံရေးကောင်စီကို ဟိုလိုလို ဒီလိုလို လုပ်နေတာမျိုးကို ကျွန်မတို့က ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ပြောကြားလျက် မည်သည့် သဘောတူညီချက်မျှ ရရှိထားခြင်း မရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent