တောင်ကိုရီးယား အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံအတွက် စီးပွားရေးထိပ်တန်း လုပ်ငန်းရှင်များ ပါလီမန်တွင် စစ်ဆေးမေးမြန်းခံရ

တောင်ကိုရီးယား အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံအတွက် စီးပွားရေးထိပ်တန်း လုပ်ငန်းရှင်များ ပါလီမန်တွင် စစ်ဆေးမေးမြန်းခံရ
Published 6 December 2016

ဆမ်ဆောင်း၏ တရားဝင်ဥက္ကဋ္ဌ မဖြစ်သေးသော လီဂျဲယောင်အပါအဝင် တောင်ကိုရီးယား၏ သြဇာကြီး ထိပ်တန်းလုပ်ငန်းရှင်များသည် နိုင်ငံအား ဖမ်းစားထားသော အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံအတွက် ဒီဇင်ဘာ ၆ ရက်၌ ပါလီမန်တွင် စစ်ဆေးမေးမြန်းခံခဲ့ရကြောင်း သိရသည်။ သမ္မတပက်ကွမ်ဟီး၏ အနီးကပ်လူယုံ ချွိုင်ဆွန်စီ ထိန်းချုပ်ထားသော ဖောင်ဒေးရှင်းများထံ လှူဒါန်းမှုများနှင့် ပတ်သက်၍ နိုင်ငံ၏ အကြီးဆုံးလုပ်ငန်းရှစ်ခု၏ ခေါင်းဆောင်များအား ပါလီမန်ကော်မတီ၏ ကြားနာစစ်ဆေးမှုကို လူသန်းနှင့်ချီက အံ့သြတကြီး စောင့်ကြည့်ခဲ့ကြသည်။
ချွိုင်၏သမီးဖြစ်သူ၏ မြင်းစီးသင်တန်းအတွက် ထောက်ပံ့ရန် ဂျာမနီရှိ ဖောင်ဒေးရှင်းတစ်ခုထံ ငွေလွဲှမှုများတွင် ဆမ်ဆောင်းကုမ္ပဏီမှ မည်သူက တာဝန်ခံခဲ့ကြောင်း မေးမြန်းမှုအား ထပ်တလဲလဲ လျစ်လျူပြုခဲ့သော လီကိုပါလီမန် အမတ်တစ်ဦးက “ခင်ဗျား သိထားတာ မရှိဘူးလား” ဟု အပြစ်တင်ခဲ့သည်။ “ခင်ဗျားက ဘာမှမသိဘူးလို့ ပြောပြီးတော့ ဆမ်ဆောင်းလို ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီကြီးရဲ့ ခေါင်းဆောင် နေရာမှာ လုပ်နေတာ ကောင်းကောင်းမွန်မွန် လုပ်နေတယ်လို့ ထင်နေသလား” ဟု ယင်းအမတ်က ဝေဖန်ခဲ့သည်။
တောင်ကိုရီးယားတွင် Chaebols ဟု လူသိများသော ကော်ပိုရေးရှင်းကြီးများသည် ချွိုင်နှင့်သိသိလျက် ပူးပေါင်းကြံစည်ခဲ့ကြောင်း ပြည်သူများ၏ ထင်မြင်ယူဆမှုအား သဘောတူသလားဟု မေးမြန်းမှုကို ဆမ်ဆောင်းအီ လက်ထရွန်နစ်၏ ဒုတိယဥက္ကဋ္ဌနှင့် ဆမ်ဆောင်းကုမ္ပဏီတစ်ခုလုံး၏ တရားဝင်မဟုတ် သောဥက္ကဋ္ဌဖြစ်သည့် လီက “ကျွန်တော့်မှာ အားနည်းချက်တွေ အများကြီးရှိပါတယ်။ ဆမ်ဆောင်းမှာ ပြုပြင်စရာတွေရှိပါတယ်” ဟူ၍သာ ဖြေကြားခဲ့သည်။
ချွိုင်၏ဖောင်ဒေးရှင်းများထံ ဆမ်ဆောင်းက ဝမ်ဘီလျံ ၂၀ (ဒေါ်လာ ၁၇ သန်း) ဖြင့် အလှူငွေအများဆုံး ထည့်ဝင်ထားသည်။ ဒီဇင်ဘာ ၆ ရက်က ကြားနာမှုတွင် ဟွန်ဒိုင်း၊ အက်စ်ကေ၊ အယ်လ်ဂျီနှင့် လော့တေကော်ပို ရေးရှင်းကြီးများ၏ ဥက္ကဋ္ဌများလည်း စစ်ဆေးမေးမြန်း ခံခဲ့ရသည်။ ယင်းမိသားစုပိုင် ကော်ပိုရေးရှင်းကြီးများသည် အာရှ၏ စတုတ္ထ အင်အားအကြီးဆုံး စီးပွားရေး တောင်ကိုရီးယားတွင် ဆယ်စုနှစ်နှင့်ချီ လွှမ်းမိုးခဲ့သည်။
အကျိုးအမြတ် ပြန်လည်ရရှိရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ခြင်းမရှိကြောင်း ယင်းဥက္ကဋ္ဌများက ငြင်းဆိုခဲ့ကြပြီး ယင်းကဲ့သို့ လှူဒါန်းမှုများ ပြုလုပ်ရန် နိုင်ငံရေးထိပ်တန်း ပုဂ္ဂိုလ်များ၏ ဖိအားပေးမှု ပုံမှန်ကြုံတွေ့ ခဲ့ရကြောင်း ထုတ်ဖော်ခဲ့သည်။ လီက ပြီးခဲ့သော ဇူလိုင်က ဆွေးနွေးပွဲတစ်ခုတွင် လှူဒါန်းမှုများ ပြုလုပ်ရန်အတွက် ပက်ကတွန်းအား ပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း မည်သည့်ဖောင်ဒေးရှင်းဟု အတိအကျ မပြောခဲ့ပေ။
“ဒီလို ရယ်စရာကောင်းတဲ့ အဖြေတွေ၊ ဆင်ခြေတွေပေးတာ ရပ်တော့” ဟု ပါလီမန် ကော်မတီ အဖွဲ့ဝင်တစ်ဦးက အော်ဟစ်ခဲ့ချိန်တွင် လီက ယင်းအကျပ်အတည်းကြောင့် ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် အပြောင်းအလဲ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း သဘောပေါက်လာသည်ဟုသာ ဖြေကြားပြီး မေးခွန်းများအား ရှောင်လွဲှခဲ့သည်။
တောင်ကိုရီးယားတွင် ဒီမိုကရေစီစနစ် ပြန်လည်အသက်သွင်းပြီးနောက် တစ်နှစ်အကြာ ၁၉၈၈ ခုနှစ်၌ စစ်အာဏာရှင်ဟောင်း ချန်ဒူးဝမ်အတွက် တရားမဝင် ကိစ္စများ၌ သုံးစွဲရန် ရန်ပုံငွေအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည့် ယင်းကော်ပိုရေးရှင်းကြီးများ၏ ဥက္ကဋ္ဌ များအား ဥပဒေပြုအမတ်များက ကြားနာစစ် ဆေးခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ နီးပါး အတွင်း ယခုကဲ့သို့ ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ချွိုင်သည် လှူဒါန်းမှုများပြုလုပ်ရန် အကျပ်ကိုင်မှုနှင့် လုပ်ပိုင်ခွင့် အလွဲသုံးစားပြုမှု စွဲချက်များဖြင့် ရုံးတင်စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသည်။ သမ္မတ ပက်သည်လည်း ဒီဇင်ဘာ ၉ ရက်တွင် ပါလီမန်၌ စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းခံရဖွယ်ရှိပြီး ၎င်း၏အာဏာရ ပါတီမှ အမတ် ၃၀ ကျော်၏ ထောက်ခံမှုများ ကြောင့် ယင်းအဆို အောင်မြင်ရန် သေချာသလောက် ရှိနေသည်။ စွပ်စွဲပြစ်တင်မှု လုပ်ငန်းစဉ်၏ ရလဒ်ကို လက်ခံမည်ဟု ပက်က ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။  Ref ; AFP

Most Read

Most Recent