အိန္ဒိယနိုင်ငံရေးကြယ်ပွင့် ဂျာယာလာလီသာ ကွယ်လွန်မှုကြောင့် လူအမြောက်အမြား ဝမ်းနည်းကြေကွဲ

အိန္ဒိယနိုင်ငံရေးကြယ်ပွင့် ဂျာယာလာလီသာ ကွယ်လွန်မှုကြောင့် လူအမြောက်အမြား ဝမ်းနည်းကြေကွဲ
Published 6 December 2016

အိန္ဒိယနိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေးသမား တစ်ဦးဖြစ်သော တမီလ်နာဒူပြည်နယ် အမျိုးသမီး ဝန်ကြီးချုပ် ဂျာယာလာလီ သာဂျာယာရမ် ကွယ်လွန်သွားခဲ့သည့် အတွက် ၎င်းကို ကြည်ညိုလေးစားသူ မြောက်မြားစွာသည် ဒီဇင်ဘာ ၆ ရက်က ဝမ်းနည်း ပူဆွေးခဲ့ကြသည်။ ဂျာယာလာလီသာကို နတ်ဘုရားတစ်ပါးနီးပါး ကြည်ညိုလေးစားကြသည့် တမီလ်နာဒူတွင် ၎င်း၏ ကွယ်လွန်မှုက ဒေသတွင်း မငြိမ်သက်မှုများကို ဖြစ်ပေါ်လာစေမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။
ဂျာယာလာလီသာသည် ဒီဇင်ဘာ ၄ ရက်က ရုတ်တရက် နှလုံးခုန် ရပ်တန့်မှု ဖြစ်ပွားပြီး တစ်ရက်အကြာတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
အသက် ၆၈ နှစ်အရွယ် ရုပ်ရှင်မင်းသမီးဟောင်း တစ်ဦးဖြစ်သည့် ဂျာယာလာလီသာကို ၎င်း၏ ဇာတိဖြစ်သည့် တမီလ်နာဒူတွင် အမာ(အမေ)ဟု ခေါ်ဆိုကြသည်။ ဂျာယာလာလီသာသည် ခြစားမှုစွဲချက်များကြောင့် ထောင်နှစ်ကြိမ် ကျဖူးသော်လည်း တမီလ်နာဒူထဲတွင် အလွန် လူကြိုက်များနေဆဲ ဖြစ်သည်။
ဆာရီ အမြောက်အမြား စုဆောင်းမှုကြောင့် လူသိများသည့် ဂျာယာလာလီသာကို ဖိလစ်ပိုင်မှ အီမယ်ဒါမားကို့စ်နှင့်ပင် ခိုင်းနှိုင်းခဲ့ကြသည်။ ထောက်ခံသူ များသကဲ့သို့ ဆန့်ကျင် ဝေဖန်သူလည်း များသည့် ဂျာယာလာလီသာကို အချို့က မိမိ တစ်ဦးတည်း အာဏာဖြင့် အုပ်ချုပ်သော၊ သိုသိပ်သော ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ကြသည်။ မည်သို့ပင်ဖြစ်စေ ဂျာယာလာလီသာသည် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်တိုင် တိုင်တာဝန်ထမ်းဆောင်ခဲ့သည့် တမီလ်နာဒူထဲတွင် ၎င်းအပေါ် လူကြိုက်များ ခံရမှုမှာ မှေးမှိန်သွားခြင်း မရှိခဲ့ပေ။ တမီလ်နာဒူ ပြည်နယ်မှာလည်း ဂျာယာလာလီသာ လက်ထက်အတွင်း အိန္ဒိယ၏ အကြွယ်ဝဆုံး ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။
“ချစ်ခင်ရပါသော ခေါင်းဆောင်၊ အိန္ဒိယရဲ့ သံမဏိ အမျိုးသမီး အမာ မရှိတော့ပါဘူး” ဟု ဂျာယာလာလီသာ၏ နိုင်ငံရေးပါတီ AIADMK က Twitter တွင် ရေးသားခဲ့သည်။ ဂျာယာလာလီသာ၏ အလောင်းကို ဖွင့်ထားသော အခေါင်းထဲတွင် ထည့်ကာ အိန္ဒိယအလံဖြင့် ပတ်ပြီး ပြည်သူ့ခန်းမ တစ်ခုတွင် ပြသထားသည်။ ၎င်းကို ကြည်ညိုလေးစားသူ ထောင်ပေါင်းများစွာသည် နောက်ဆုံးအကြိမ် ဂါရဝပြုရန်အတွက် ထိုနေရာသို့ နံနက် အစောပိုင်း ကတည်းက ရောက်နေကြသည်။
ဂျာယာလာလီသာသည် စက်တင်ဘာက အဖျားရောဂါ တစ်ခုကြောင့် ဆေးရုံတက်ခဲ့ရပြီး လူမြင်ကွင်းမှ ပျောက်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းစတင် ဖျားနာခဲ့သည့် အချိန်က ထောက်ခံသူ အမျိုးသား တစ်ဦးသည် မိမိကိုယ်ကိုယ် မီးရှို့ခဲ့ပြီး အခြားသက်ကြီး အမျိုးသား တစ်ဦးကမူ ဝန်ချီစက် တစ်ခုတွင် ကိုယ့်ကိုယ်ကိုယ် ချိတ်ဆွဲကာ ခန္ဓာကိုယ် အရေပြားကိုလည်း သံမဏိချိတ်များ ထိုးသွင်းမှုများ ပြုလုပ်ခဲ့သည်။
တမီလ်နာဒူပြည်နယ်မြို့တော် ချင်နိုင်းသို့ သွားမည့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီက ဂျာယာလာလီသာ ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent