လူငယ်အနုပညာရှင် အချို့၏ အနုပညာခရီးလမ်း လျှောက်လှမ်းမှုတွင် မူးယစ်ဆေးဝါးမှာ အကြီးမားဆုံး ပြဿနာတစ်ခုအဖြစ် ခေတ်အဆက်ဆက်တွင် ကြုံတွေ့မှုများ တွေ့မြင်နိုင်ပါသည်။ လတ်တလောတွင် သရုပ်ဆောင် မိုးအောင်ရင်မှာ မူးယစ်ဆေးမှုဖြင့် တရားစွဲဆိုခံထားရပြီး သရုပ်ဆောင် ရဲတိုက်မှာလည်း ဆေးခြောက် လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးအကျဉ်းချ ခံထားရပြန်ပါသည်။ အောင်မြင်သည့် လူငယ်အနုပညာရှင်များအတွက် ဘဝတက်လမ်းအား ပိတ်ဆို့ဖျက်ဆီးတတ်သည့် မူးယစ်ဆေးဝါး နှင့်ပတ်သက်၍ ၁၂ နှစ်ကျော်ကြာ ကိုယ်တိုင်သုံးစွဲခဲ့ပြီးနောက် လက်ရှိတွင် ယတိပြတ် စွန့်လွှတ်နိုင်ခဲ့ပြီဟု ဖွင့်ဟဝန်ခံခဲ့သူ တစ်ဦးမှာ တေးသံရှင် ကြက်ဖပင် ဖြစ်သည်။ အောင်မြင်သည့် ဟစ်ဟော့ပ် တေးသံရှင် တစ်ဦးအဖြစ်သို့ ရောက်ရှိစဉ်မှာပင် မူးယစ်ဆေးဝါးနွံထဲသို့ ကျရောက်ခဲ့ရသည့်အတွက် အနုပညာလုပ်ငန်းများ နှောင့်နှေးကာ အောင်မြင်မှု အရှိန်အဟုန် ရပ်တန့်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ လက်ရှိတွင် မူးယစ်ဆေး၏ သားကောင်အဖြစ်မှ ရုန်းထွက်နိုင်ခဲ့ကာ ‘စကား’ ဟု အမည်ပေးထားသည့် တေးသီချင်းဖြင့် အနုပညာလောကအတွင်း တစ်ကျော့ပြန် အောင်မြင်လာခဲ့သူ တေးသံရှင် ကြက်ဖနှင့် တွေ့ဆုံ၍ မူးယစ်ဆေးအား ကျောခိုင်းခဲ့ပုံကို ပွင့်ပွင့်လင်းလင်း မေးမြန်းဖြစ်ခဲ့ပါသည်။
■ မေး - မူးယစ်ဆေး လုံးဝမသုံးတော့ဘူး။ နောင်တရစရာတွေလည်း ထပ်မရှိတော့ဘူးဆိုတဲ့ Post တစ်ခု Facebook မှာတင်ထားတာ တွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်လို့ ပြောပြပေးလို့ရမလား။
ဖြေ - ဟုတ်ရပါတယ်။ မူးယစ်ဆေးနဲ့စပြီး ပတ်သက်ဖြစ်တာက ပရိသတ်တွေ စပြီးသိနေကြတဲ့ အချိန်ပေါ့။ ဝမ်းနည်းပါတယ်တို့ အချစ်ဆုံးသူငယ်ချင်းတို့ ထွက်ပြီးနေတဲ့ အချိန်ပေါ့။ ၂၀၀၆ လောက်ပေါ့။ အဲဒီမှာ သူငယ်ချင်းတစ်ယောက် အခွေတစ်ခွေ ထုတ်တယ်။ အဲဒီမှာ ကျွန်တော်ဆိုတယ်။ သူက မူးယစ်ဆေးလုပ်တယ်။ အဲဒါလုပ်တဲ့သူက ပိုက်ဆံသိပ်မမြဲတော့ ကျွန်တော့်ကို ပိုက်ဆံမပေးနိုင်ဘူး။ ဒီတော့ ကျွန်တော့်ကို ပိုက်ဆံတော့ ပေးစရာမရှိဘူး။ မကျေနပ်ရင် မူးယစ်ဆေးယူလုပ်ဆိုပြီး ပြောတယ်။ ဆိုလိုတဲ့သဘောက ပေးစရာပိုက်ဆံ ၁၀၀ တော့ မရှိသေးဘူး။ နေ့တိုင်း လက်ဖက်ရည် ငါးကျပ်တန် တိုက်မယ်။ အဲဒီသဘောမျိုးပဲ။ ဆင်ခြင်နိုင်စွမ်း မရှိတဲ့အချိန်မှာပေါ့။ ကျွန်တော်ကလည်း အဲဒီတုန်းက အရမ်းကပ်စေးနှဲတတ်တယ်။ ဘယ်သူ့ကိုမှ မုန့်မကျွေးတဲ့အပြင် ဘယ်ဝိုင်းမှလည်း ပိုက်ဆံမရှင်းဘူး။ မိဘကလည်း အခြေခံ လူတန်းစားဆိုတော့ ကိုယ်တိုင်ကပဲ သူများဆီက ကပ်စားလာတဲ့သူ။ ဒီလိုတော့ အလုပ်မခံနိုင်ဘူးပေါ့။ အဲဒီမှာ စငြိသွားတာ။ မူးယစ်ဆေးရဲ့ အာနိသင်ကို အသုံးချတတ် သွားတာပေါ့။
■ မေး - မူးယစ်ဆေးက မောင်လေးရဲ့ ဘဝနဲ့ အနုပညာလုပ်ငန်းတွေကို ဘယ်လောက်ထိ ထိခိုက်မှုရှိခဲ့လဲ။
ဖြေ - အစပိုင်းတုန်းကတော့ ဒီနေ့ မြန်မာပလာဇာသွားမယ်ဟေ့၊ ဘယ်သွားမယ်ဟေ့ဆိုတဲ့ ဖီးလ်လောက်ပဲ။ ပျော်စရာကောင်းတယ်ပေါ့။ ဒါပေမဲ့ အဲဒီခံစားမှုက နေ့တိုင်းဖြစ်နေတာ။ အခြေအနေမပေးလို့ကလွဲရင် အချိန်ရောက်လာရင် သွားချင်တဲ့ပုံစံပဲ။ ပထမပိုင်းမှာ အချိုသပ်ပြီးပေါင်းတဲ့ လူယုတ်မာလိုပဲ။ ပျော်စရာကောင်းတယ်။ အတူတူလုပ်တဲ့ သူငယ်ချင်းတွေနဲ့ဆိုလည်း ပိုရင်းနှီးသွားသလို ဖြစ်စေတယ်။ ကြာတာနဲ့အမျှ ကောင်းတာတွေအားလုံး တိုက်စားခံရတယ်။ ရုပ်ပိုင်းဆိုင်ရာမှာဆိုလည်း ခန္ဓာကိုယ်မှာ အမာဆုံးလို့ဆိုတဲ့ သွားတွေတောင် နည်းနည်းချင်း စားနိုင်တယ်ဆိုတော့ ကလီစာတွေဆို တွေးတောင် မတွေးရဲဘူး။ အိမ်မပြန်ဖြစ်ဘူး။ ပိုက်ဆံဖြုန်းတယ်ပေါ့။ အမေက အရမ်းရိုးတယ်။ စိတ်ပူတတ်တယ်။ စိတ်ပူနေတာပေါ့။
■ မေး - အနုပညာအလုပ်တွေကိုရော ဘယ်လိုတွေ ထိခိုက်လာလဲ။
ဖြေ - မိုက်ခဲတို့ အရည်ထုပ်တို့ ထွက်တုန်းကတော့ သိပ်မသိသာသေးဘူး။ အဲဒီနောက်ပိုင်းတော့ သီချင်းကို မရေးနိုင်တော့တာ။ တော်တော်ကိုကြာသွားတာ အခုထိပဲ။ ကြားထဲမှာ ဘာမှမလုပ်ဖြစ်ဘူး။ သူများအပ်တာလောက်ပဲ ရေးဖြစ်တယ်။ ကိုယ့်ဘာသာ အရင်ဖီးလ်နဲ့ သီချင်းရေးတာတွေ တစ်ခုမှကို မလုပ်ဖြစ်တာ။ ကြားထဲမှာ ကျွန်တော်က တခြားတစ်ယောက်ကို ဖြစ်သွားတာ။
■ မေး - နှစ်ကာလအားဖြင့်ရော မူးယစ်ဆေးသုံးခဲ့တာ ဘယ်လောက်ကြာခဲ့လဲ။
ဖြေ - စသုံးတဲ့အချိန်ကနေ တွက်မယ်ဆိုရင် ၁၂ နှစ် ၁၃ နှစ်လောက်ကို ကြာသွားတာ။
■ မေး - ဒါဆို မူးယစ်ဆေးနွံထဲကနေ ရုန်းထွက်ဖို့ အသိကရော ဘယ်လိုရတာလဲ။
ဖြေ - ဒါက ကိုယ့်ကိုယ်ကိုယ် သံသယဝင် လာတာကနေစတာ။ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေတာပေါ့။ မသိစိတ်ကတော့ မုန်းနေပြီ။ သူ့ကြောင့်ဖြစ်တဲ့ အပျက်အစီးတွေကိုလည်း သိစပြုလာပြီ။ တောက်လျှောက်က ယုံပြီးပေါင်းနေတဲ့ ပုံစံမျိုးနဲ့ ခေါင်းငုံ့ပြီး နာခံနေတယ်။ သုံးစွဲတဲ့ကာလရဲ့ အလယ်လောက်မှာကတည်းက စဖြစ်တာ။ ဒါပေမဲ့ လေးငါးနှစ်လောက် ထပ်ကြာတယ်။ တကယ်တမ်း သေချာဆုံးဖြတ်ချက် ချလိုက်နိုင်တာက ပြီးခဲ့တဲ့နှစ်ကမှပါ။ ပြီးခဲ့တဲ့နှစ်မှာ အတွေးရတယ်။ တောက်လျှောက်တော့ ကြိုးစားတယ်။ သူ့ရဲ့ပါဝါက တောက်လျှောက်တော့ ထိန်းထားတယ်။ ဒီနှစ် ဝါတွင်းအလယ်ကျမှ ယတိပြတ်ဖြတ်နိုင်ခဲ့တာ။ ဒါတောင် ဝါတွင်းအစကတည်းက တောက်လျှောက် ဥပုသ်စောင့်လာ တာ။ သွားစရာရှိတာကလွဲရင် ဥပုသ်ယူတဲ့ ကျွန်တော်တို့ ရပ်ကွက်ထဲကနေရာမှာ အမြဲဥပုသ်သွားယူဖြစ်တယ်။ ဒါတောင် ဝါတွင်းအလယ်ကျမှ ယတိပြတ်ပြတ် နိုင်ခဲ့တယ်။
■ မေး - အဲဒီလိုအချိန်မှာရော ကိုယ့်စိတ်ကိုယ် ဘယ်လိုထိန်းချုပ်ခဲ့ရလဲ။
ဖြေ - ကျွန်တော့်ကို အရမ်းချစ်တဲ့သူတွေထဲမှာ ကြီးကြီးနဲ့ မေမေရှိတယ်။ ဝါတွင်းမတိုင်ခင်မှာ မေမေက တောသွားတယ်။ ကြီးကြီးက ကျွန်တော့်လက်ပေါ်မှာပဲ အဲဒီအချိန်ဆုံး သွားတယ်။ အခု ကျွန်တော်လိမ္မာတော့ အလုပ်ကရတဲ့ ပိုက်ဆံနဲ့ မေမေ့အတွက် မုန့်ဝယ်သွားတာတို့၊ ကန်တော့တာတို့လုပ်ရင် မေမေက မျက်ရည်ကျတယ်။ ကျွန်တော်လိမ္မာတာ ကြီးကြီးမြင်မသွားရှာဘူးပေါ့။ ကျွန်တော် နောင်တရလို့ မဆုံးဘူး။ အဲဒီရဲ့တွန်းအားနဲ့ ကျွန်တော်နေရတယ်။ အခုထိတောင် စိတ်ကလည်နေတုန်းပဲ။ ဒါပေမဲ့ ဘာလို့ဖြစ်ရမှာလဲဆိုတာမျိုး ပြောင်းတွေးတယ်။ ကြီးကြီးအပေါ်ရတဲ့ နောင်တ။ အမေဆိုလည်း အခု ၆၆၊ ၆၇ ဖြစ်နေပြီ။ ဒါမျိုး ထပ်မဖြစ်စေရဘူး။ ဓားထောက်ပြီးတော့ လုပ်ခိုင်းရင်တောင် မလုပ်တော့ဘူးလို့ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ပြောတယ်။
■ မေး - အခုလို ယတိပြတ် ဖြတ်နိုင်လိုက်တဲ့အချိန်မှာ ဘယ်လိုကောင်းကျိုးတွေ ခံစားရလဲ။
ဖြေ - ဒါက တရားမဝင်လုပ်ရတဲ့အရာ။ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်ရတာ။ ခင်ပါတယ်ဆိုတဲ့ သူငယ်ချင်းကိုတောင် လျှိုထားရတာ။ တစ်နေ့လုံး လူက ခိုးကြောင်ခိုးဝှက်နဲ့ နေရတဲ့အခါကျတော့ လိပ်ပြာမလုံတော့ဘူး။ တန်ဖိုးလည်း မရှိတော့ဘူး။ ဂုဏ်လည်းမရှိတော့ဘူး။ သူငယ်ချင်းတွေကြားမှာလည်း ဒီကောင်နဲ့တွဲရင် ပြဿနာတက်တော့မယ်ဆိုတဲ့ အပြောအဆို ခံရတယ်။ ဒါမရှိတော့တဲ့ အချိန်ကျတော့ ချက်ချင်းကြီးတော့ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပလာတာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်ရလာတယ်။ လုပ်ရဲကိုင်ရဲလာတယ်။ ပြောရဲဆိုရဲလာတယ်။ ၁၂ နှစ်ကျော် ဆိုးခဲ့ပေမယ့် ပြန်ကောင်းတဲ့ တစ်နှစ်လောက် ကာလအတွင်းမှာ တော်တော်လေးကို ထူထူထောင်ထောင် ဖြစ်လာတယ်။
■ မေး - အခုလို ပွင့်ပွင့်လင်းလင်း ပြောပြတာကို ဖတ်ရမယ့်လူငယ်တွေကို ဘာများပြောချင်လဲ။
ဖြေ - ကျွန်တော် အခုလိုပြောရတာ ကျွန်တော့်အတွက် အကျိုးမရှိပေမယ့် ကျွန်တော်ပြောရတာနဲ့ တန်အောင် မလုပ်ရသေးတဲ့သူတွေလည်း စမ်းမကြည့်ဖို့၊ စလုပ်ဖြစ်ခဲ့တဲ့ သူတွေကလည်း စတဲ့အဆင့်မှာရပ်ဖို့ အဲဒါကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲခံပြီးပြောတာပါ။ ကျွန်တော်မမှားသေးခင်မှာ ပြောပြပေးတဲ့ Message ကို ယူစေချင်တယ်။ မိဘတွေက မလုပ်နဲ့လို့ ပြောကြတာတွေ ရှိတယ်။ ဒါပေမဲ့ ဘယ်လိုဆိုတာတော့ ဂဃနဏ မပြောပြနိုင်ကြဘူး။ တချို့ကျတော့ ကိုယ်တိုင်လည်း မလွန်ဆန်နိုင်တဲ့အတွက် ပြောအားမရှိတဲ့သူလည်း ရှိမယ်။ ဒီအတွက် ပြောနိုင်တဲ့သူက ပြောလာပြီဖြစ်လို့ မလုပ်ရသေးတဲ့ ကလေးတွေ၊ လုပ်စပြုနေတဲ့ ကလေးတွေကို အနူးအညွတ် သတိပေးတာပါ။ လုပ်နေပြီဖြစ်တဲ့ သူတွေ၊ စပြီးနောင်တရနေတဲ့ သူတွေ၊ ရပ်လိုက်ချင်စိတ် ဖြစ်နေတဲ့သူတွေကိုလည်း အဲဒီလိုရပ်လိုက်ဖို့ ခက်ချင်ခက်မှာပါ။ ယတိပြတ်ပြတ်ဖို့ဆိုတာ တော်တော်လေး ခက်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ပြီးသွားတာနဲ့ ရလာမယ့်အကျိုးဆက်က ခက်တာနဲ့ကို တန်ပါတယ်။ ငယ်ငယ်တုန်းက ပျော်ခဲ့တဲ့ အချိန်ရှိတယ်။ အပျော်လွန်ပြီး ပျက်တဲ့အချိန်ကို ရောက်မယ်ဆိုရင် ဘာလုပ်တော့မှာလဲ။ ဒီဘက်အခြမ်းက ပျော်စရာကောင်းတဲ့ဘက်ကို ပြန်သွားရအောင်။ ဒါကို ပြင်လိုက်ပါ။ ပျက်နေတဲ့ ကာလကိုပြင်လိုက်ပါ။ အမှန်အတိုင်းပြောရရင် သက်မဲ့တွေကို ကျွန်တော်တို့သက်ရှိတွေက ဘာလို့အရှုံးပေးရမှာလဲ။ အဓိက,ကတော့ ကိုယ်တိုင်ကောင်းလာမယ့်အပြင် ကိုယ့်အတွက် စိတ်ပူနေမယ့် သူတွေအတွက်လည်း ကောင်းတယ်။ ကျွန်တော့်အမေဆို သူ့လောက်ကံဆိုးတာ မရှိဘူးလို့ ကျွန်တော့်ကို အမြဲတမ်းပြောတယ်။ ငိုပြီးပြောတယ်။ ဒေါသထွက်ပြီးပြောတယ်။ တောက်လျှောက်ကတော့ ငြိမ်ခံနေပြီး နောက်မလုပ်တော့ပါဘူးလို့ ပြောရင်း ဆက်လုပ်ခဲ့တာပဲ။ ကိုယ်ပြင်လိုက်ရင် ကိုယ်ကိုယ်တိုင်အပြင် ကိုယ့်ကိုချစ်တဲ့သူတွေ အတွက်ပါ ဝမ်းသာစရာကောင်းတယ်။ အဲဒီအကျိုးအာနိသင် ခံစားရတယ်။ အများအတွက်ပါ ကောင်းတဲ့အတွက် အဲဒါကိုလုပ်ဖြစ်အောင် လုပ်ပေးပါလို့ ပြောချင်ပါတယ်။ ပိုက်ဆံလည်း စုမိလာမယ်။ ကိုယ့်အတွက် မကောင်းတဲ့အရာတွေကို ယတိပြတ်ပြတ်နိုင်အောင် လုပ်ဖို့လိုပါတယ်။ အဲဒါ ပျော်ဖို့ကောင်းပါတယ်။