IS သည် အရှေ့တောင်အာရှကို ပစ်မှတ်ထားလာလိမ့်မည်ဟု စင်ကာပူဝန်ကြီး သတိပေး

IS သည် အရှေ့တောင်အာရှကို ပစ်မှတ်ထားလာလိမ့်မည်ဟု စင်ကာပူဝန်ကြီး သတိပေး
Published 3 December 2016
Ref:AFP

အရှေ့အလယ်ပိုင်းတွင် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရသဖြင့် နယ်မြေအသစ် ရှာဖွေနေကြသော IS ဂျီဟတ်တို့၏ အစွန်းရောက် အကြမ်းဖက်မှု အန္တရာယ်သည် အရှေ့တောင်အာရှတွင် ပိုမိုကြီးထွားလာကြောင်း စင်ကာပူ ပြည်ထဲရေးဝန်ကြီးက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
အီရတ်နှင့် ဆီးရီးယားတို့မှ IS တို့၏ နယ်မြေများသည် အဆက်မပြတ် လျော့နည်းလာစဉ် အရှေ့တောင်အာရှထဲတွင် ၎င်းတို့၏ လက်တုံ့ပြန်တိုက်ခိုက်မည့် အန္တရာယ်မှာ ပိုမိုကြီးထွားလာသည်။ ထို့ပြင် အရှေ့တောင်အာရှထဲရှိ ဒေသအချို့မှ လူစုများသည် အစွန်းရောက် အစ္စလာမ္မစ်ဝါဒ လျင်မြန်စွာ ကူးစက်လွယ်သူများ ဖြစ်သည်။
“ပြီးခဲ့တဲ့နှစ်နဲ့ အခုနှစ်အစောပိုင်း အခြေအနေတွေတောင် မတူတော့ပါဘူး။ ခြိမ်းခြောက်မှု အန္တရာယ်ဟာ ပိုမိုကြီးထွားလာပါတယ်” ဟု စင်ကာပူ ပြည်ထဲရေးဝန်ကြီး ကေရှန်မူဂမ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အရှေ့တောင်အာရှတွင် အစ္စလာမ္မစ် စစ်သွေးကြွများနှင့် ကာလရှည်ကြာ လုံးပမ်းနေရသည့် ဒေသအချို့ရှိပြီး ဒေသထဲမှ အစွန်းရောက် ရာပေါင်းများစွာသည်လည်း အုပ်စုဖွဲ့၍ IS အဖွဲ့နှင့် ပူးပေါင်းနေကြသည်။ ဂျီဟတ်များအတွက် တိုက်ခိုက်ပေးနေကြသည့် အရှေ့တောင်အာရှ ဒေသသားများသည် အရှေ့အလယ်ပိုင်းတွင် Katibah Nusantara ဟုခေါ်သော အဖွဲ့တစ်ဖွဲ့ ထူထောင်ထားကြောင်း သိရသည်။ ယင်းအဖွဲ့သည် နေရပ်သို့ ပြန်ရောက်လာကြသည့် စစ်သွေးကြွများနှင့် ပုံမှန်အဆက်အသွယ် ရှိနေသည်ဟု ယုံကြည်ရသည်။
မွတ်စလင် သူပုန်ထမှုနှင့် ကာလရှည် ရင်ဆိုင်နေရသည့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှ အစ္စလာမ္မစ် အစွန်းရောက်အုပ်စု အချို့သည် IS အဖွဲ့ထံ သစ္စာခံထားကြသည်။ ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေ အထူထပ်ဆုံး အင်ဒိုနီးရှားနိုင်ငံ၌ ယမန်နှစ်အတွင်း IS တို့၏ လွှမ်းမိုးမှုများ မြင့်တက်လာသောကြောင့် တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြိုးပမ်းမှုများ၊ အကြမ်းဖက်မှုများ တစ်ရှိန်ထိုး မြင့်တက်နေသည်။ ချမ်းသာကြွယ်ဝသည့် စင်ကာပူနိုင်ငံမှာပင် ပြည်တွင်းရှိ မွတ်စလင် လူနည်းစုထဲမှ အစွန်းရောက် အချို့ကို ဖမ်းဆီးမှုများ ပြုလုပ်နေရသည်။
“၂၀၁၇ ခုနှစ်ကျရင် အရှေ့တောင်အာရှမှာ IS တွေဟာ တရားဝင် ဝါလာယာ သို့မဟုတ် ပြည်နယ်တစ်ခုကို ကြေညာဖို့ ဖြစ်နိုင်ခြေပိုပြီး မြင့်တက်လာပြီ ဖြစ်ပါတယ်” ဟု IHS Janes မှ ကာကွယ်ရေးဆိုင်ရာ သုတေသီအောဆိုအီဟိုက နိုဝင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။ IS တို့၏ တရားဝင်ပြည်နယ်တစ်ခု ကြေညာမှုသည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဖြစ်နိုင်ဖွယ်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ရွှေ့ပြောင်းအခြေချ နေထိုင်သူ ၅ ဒသ မ ၅ သန်းရှိသည့် စင်ကာပူနိုင်ငံ၏ အဓိက စိန်ခေါ်မှုတစ်ခုမှာ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီးလျှင် လူ့အဖွဲ့အစည်းအတွင်း စည်းလုံးမှုကို ဆက်လက် ထိန်းသိမ်းထားရန် ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ရှန်မူဂမ်က ပြောကြားခဲ့သည်။ ရှန်မူဂမ်သည် အိမ်နီးချင်း မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် ဖြစ်ပွားခဲ့သော အောင်မြင်သည့် တိုက်ခိုက်မှုများကို ညွှန်ပြပြီး စင်ကာပူတွင်လည်း တိုက်ခိုက်မှုတစ်ခု ဖြစ်လာနိုင်သည့် အခြေအနေ ရှိနေကြောင်း ဆိုသည်။ “ကျွန်တော်တို့လည်း နယ်စပ်ကို စောင့်ကြည့်မှာပါ။ ဒါပေမဲ့ အန္တရာယ်ကတော့ တော်တော်ကြီးနေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent