သာကေတမြို့နယ် ၁၀/မြောက်ဈေးတွင် ဈေးရောင်းနေသည့် ဈေးသည်အချို့၏ ပစ္စည်းများကို သံတုတ်ဖြင့် ရိုက်နှက်ဖျက်ဆီးသူအား ထောင်ဒဏ်သုံးလ ချမှတ်

သာကေတမြို့နယ် ၁၀/မြောက်ဈေးတွင် ဈေးရောင်းနေသည့် ဈေးသည်အချို့၏ ပစ္စည်းများကို သံတုတ်ဖြင့် ရိုက်နှက်ဖျက်ဆီးသူအား ထောင်ဒဏ်သုံးလ ချမှတ်
အခင်းဖြစ်ပွားခဲ့သည့်  သာကေတမြို့နယ် ၁၀/ မြောက်ဈေးရှိ စတိုးဆိုင်အား တွေ့ရစဉ်
အခင်းဖြစ်ပွားခဲ့သည့် သာကေတမြို့နယ် ၁၀/ မြောက်ဈေးရှိ စတိုးဆိုင်အား တွေ့ရစဉ်
Published 1 December 2016
သီဟ၊ သန့်ဇင်ကျော်

သာကေတမြို့နယ် ၁၀/မြောက်ဈေးတွင် ဈေးရောင်းနေသည့် ဈေးသည်အချို့၏ ပစ္စည်းများကို သံတုတ်ဖြင့် ရိုက်နှက်ဖျက်ဆီးသူအား ထောင်ဒဏ် သုံးလ ချမှတ်ခဲ့ကြောင်း ဒီဇင်ဘာ ၁ ရက်က သက်ဆိုင်ရာရဲစခန်းမှ သိရသည်။
ထိုသို့ သံတုတ်ကိုင်ကာ  ဖျက်ဆီးခဲ့သည့် လှစိုး (ခ) ဒိုးလေးဆိုသူကို ရန်ကုန်ရဲအက်ဥပဒေ-၃၀ (က) ဖြင့် တရားစွဲဆိုခဲ့ရာ တရားရုံးက ထောင်ဒဏ်သုံးလ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် လှစိုးနှင့်ဖြစ်စဉ်တွင် အတူပါဝင်ခဲ့သူ ကျော်နိုင်သိန်းကို သာကေတ နယ်မြေရဲစခန်းက (ပ) ၁၃၀၅/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-  ၃၅၄/၂၉၄/၃၂၃/၄၂၇/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဒီဇင်ဘာ ၁ ရက်၊ နံနက် ၇ နာရီခွဲတွင် သာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်၊ ၁၀/မြောက်ဈေး၊ ရတနာပုံလမ်းမကြီးနှင့် ရတနာပုံ ၁ လမ်းထောင့်တွင် ဖွင့်လှစ်ထားသည့် စတိုးဆိုင်တစ်ဆိုင်မှ ကို..... (၃၂) နှစ်သည် ၎င်း၏ စတိုးဆိုင်ရှေ့တွင် ဈေးရောင်းချနေသည့် ဈေးသည်အချို့အား အဆိုပါနေရာတွင် ဈေးမရောင်းရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ ပြောဆိုသည့်အချိန်တွင် ကို.....(၃၂) နှစ်နှင့် ဈေးသည်အချို့ စကားများ ရန်ဖြစ်ခဲ့ကြပြီး ကို..... (၃၂)နှစ်နှင့် ယင်းစတိုးဆိုင်ရှိ အမျိုးသားတစ်ဦးတို့က သံတုတ်များကိုင်ဆောင်ကာ အဆိုပါဈေးသည်များ၏ ကုန်စိမ်းများ၊ ဈေးရောင်းချသည့်ခုံများအား သံပိုက်လုံးဖြင့် ရိုက်နှက်ဖျက်ဆီး ခဲ့သည်ဟု အခင်းဖြစ်ပွားသည့် ပတ်ဝန်းကျင်အနီး နေထိုင်သူများထံမှ သိရသည်။
ထိုသို့ဖျက်ဆီးသည့်အချိန်တွင် ဈေးအတွင်းရှိ လူ ၄၅ ဦးခန့် စုဝေးရောက်ရှိလာခဲ့ကြောင်း၊ ထို့ပြင် နံနက် ၉ နာရီခွဲခန့်တွင် လှစိုး၏ညီမဖြစ်သူ၏ ကုန်စုံဆိုင်သို့ လူ ၂၀ ဦး ခန့်ရောက်ရှိလာပြီး ကုန်စုံဆိုင်ရှေ့ရှိ ပလတ်စတစ်ကုလားထိုင်များနှင့် စားပွဲများကို ရိုက်ချိုး ဖျက်ဆီးသွားခဲ့ကြောင်း၊ အဆိုပါဝန်းကျင် အနီးအနားတွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက လုံခြုံရေး ယူပေးခဲ့ရကြောင်း သိရသည်။
“အနီးအနားမှာ လုံခြုံရေး တာဝန်ယူထားတာကတော့ နောက်ထပ်မဖြစ်ပွားအောင်ပါ။ အခုတော့ သံတုတ်နဲ့ ဈေးသည်တွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီးတယ်ဆိုတဲ့ အမျိုးသားနှစ်ဦးကို စခန်းမှာ ဖမ်းဆီးပြီး အမှုဖွင့်ထားပါတယ်။ ဒီဖြစ်စဉ်ကို အပြန်အလှန် အမှုဖွင့်မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အမှုဖွင့်ပေးရမှာပါ။ ဆက်လက် စစ်ဆေးစရာရှိတာတွေ စစ်ဆေးနေပါတယ်” ဟု သာကေတ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းရပ်ကွက်၏ အုပ်ချုပ်ရေးမှူးက “ဖြစ်တာကတော့ ကျွန်တော်တို့ရပ်ကွက်ထဲမှာရှိတဲ့ စတိုးဆိုင်တစ်ဆိုင်ထဲ ဖြစ်တာပါ။အဲဒီလိုဖြစ်ပြီး စတိုးဆိုင်နားမှာ လူရှင်းသွားတော့ သံတုတ်ကိုင်ပြီး ဖျက်ဆီးတယ်ဆိုတဲ့ လူရဲ့ဆိုင်ကို ဟိုဘက်ရပ်ကွက်က လူအုပ်က ရောက်သွားတယ်။ ပြီးတော့ ဆိုင်ကို လူအုပ်က နည်းနည်းဖျက်ဆီးလိုက်တယ်။ ကျွန်တော်တို့ရပ်ကွက်က စတိုးဆိုင်က ဒီနေ့မှစပြီးဖွင့်တော့ သူ့ဆိုင်ရှေ့မှာ ဈေးသည်တွေရှိတယ်။ အဲဒီဈေးသည်တွေ မဖယ်ပေးလို့ ဆိုပြီးတော့ အဲဒီဆိုင်ကလူက ဈေးဗန်းကို သံပိုက်လုံးနဲ့ သွားရိုက်တယ်။ ပြီးတော့ ဈေးရောင်းတဲ့အမျိုးသမီးကို သွားတွန်းလိုက်တယ်။ ဈေးလူလာများတဲ့ အချိန်ဖြစ်နေတော့ ရုတ်ရုတ်သည်းသည်း ဖြစ်သွားတာပါ။ အဲဒီအချိန်မှာ ရဲတွေရောက်လာတော့ အခြေအနေတွေ အားလုံး တည်ငြိမ်သွားပါတယ်။ဖြစ်တာကတော့ တစ်ယောက်တည်းလို့ ကျွန်တော ်သတင်းကြားရသလောက် သိရတယ်။ ဒါပေမဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ဖမ်းဆီးသွားတာ နှစ်ယောက်ပါ ” ဟု ပြောကြားသည်။
အဆိုပါဖြစ်စဉ်မှ ကုန်စုံဆိုင်ရှေ့ရှိပစ္စည်းများအား ဖျက်ဆီးသွားသူများကိုလည်း သာကေတနယ်မြေရဲစခန်းက (ပ)၁၃၀၆/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၁၄၇/၄၂၇/ ၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent