အစိုးရပိုင်သတင်းစာ၏ သတင်းထောက်တစ်ဦးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့သည့်အတွက် နေပြည်တော်အခြေပြု သတင်းထောက်အား ရုံးထုတ်ရမန်ယူ

အစိုးရပိုင်သတင်းစာ၏ သတင်းထောက်တစ်ဦးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့သည့်အတွက် နေပြည်တော်အခြေပြု သတင်းထောက်အား ရုံးထုတ်ရမန်ယူ
Published 1 December 2016
နေရိုင်း၊ ကျော်မျိုး

အစိုးရပိုင် ကြေးမုံသတင်းစာ၏ သတင်းထောက်တစ်ဦးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့သည့်အတွက် News Watch  သတင်းဂျာနယ်၏ နေပြည်တော်အခြေပြု သတင်းထောက်တစ်ဦးအား နိုဝင်ဘာ ၃၀ ရက်က ပျဉ်းမနားမြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဇူလိုင် ၃၀ ရက်က ကြေးမုံသတင်းထောက် ဦးဇော်မင်းအောင်က ကြေးမုံသတင်းစာ၏ စာမျက်နှာ ၁၆ တွင် နေပြည်တော်မြို့မဈေးကြီး ရက် ၁၀၀ စီမံချက်အတွင်း စည်းကမ်းတကျ ဆောင်ရွက်ထားမှုအား တစေ့တစောင်း လေ့လာတင်ပြခြင်း သတင်းဆောင်းပါးအား ရေးသားခဲ့ပြီးနောက် သြဂုတ် ၁၆ ရက်တွင် နေပြည်တော်အခြေစိုက် သတင်းထောက် ဦးမောင်မောင်ထွန်းက Tomorrow ဂျာနယ်၏ စာမျက်နှာ ၁၇ တွင် “အပြင်သာမက နိုင်ငံပိုင်သတင်းစာရဲ့ စာမျက်နှာပေါ်တက်ပြီး လိမ်ဝံ့သူ”ဆောင်းပါးအား မြို့မထွန်းကလောင်ဖြင့် ရေးသားခဲ့ပြီးနောက် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဆက်လက် တင်ခဲ့သည်ဟုဆိုကာ ဦးဇော်မင်းအောင်က ပျဉ်းမနားမြို့မရဲစခန်းတွင် (ပ) ၅၇၄/၂၀၁၆ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့်  သြဂုတ် ၁၇ ရက်က အမှုဖွင့်ခဲ့ကြောင်း ရဲစခန်း၏ ကြေးနန်းစာအရ သိရသည်။
ယင်းကဲ့သို့ အမှုဖွင့်ထားမှုကြောင့် နေပြည်တော်အခြေစိုက် သတင်းထောက် ဦးမောင်မောင်ထွန်းအား နိုဝင်ဘာ ၂၉ ရက် ည ၁၀ နာရီခန့်က ၎င်း၏ နေအိမ်သို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဦးမောင်မောင်ထွန်းက “ကြေးမုံသတင်းစာမှာ ၃၀ ရက်က ပါလာတော့ မနက်ခင်း ကျွန်တော်မြို့မဈေးရောက်တော့ ဒါကအလိမ်ကြီးလို့ ပြောကြတာပေါ့။ ဈေးကလူတွေက ထွန်းနေပြည်တော်ကြီး ဘာလုပ်နေတုန်းပေါ့။ အလိမ်အညာကြီး ပေါ်လာပြီ။ ကျွန်တော်ကြည့်လိုက်တော့ သတင်းထောက်က ဇော်မင်းအောင်တဲ့။ အဲဒါကို ကျွန်တော် ဖတ်ကြည့်တော့ အားလုံးအလွဲတွေပေါ့။ အလွဲတွေချည်းပဲဆိုတော့ ကျွန်တော် ဆောင်းပါး တစ်ပုဒ်ရေးခဲ့တယ်။ Tomorrow ကို ပို့လိုက်တယ်။ အယ်ဒီတာ့ထံပေးစာဆိုပြီး သြဂုတ် ၉ ရက်က ပါလာတယ်။ ဆောင်းပါး ပါလာတဲ့နေ့ပဲ ဇော်မင်းအောင်က ဖုန်းဆက်ပြီး ဆဲတယ်။ခြိမ်းခြောက်ပါတယ်”ဟု ပြောကြားသည်။
ယင်းကဲ့သို့ ဆဲဆို ခြိမ်းခြောက်ခဲ့သဖြင့် ဦးမောင်မောင်ထွန်းက ဇဗ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်းတွင် သြဂုတ် ၁၀ ရက်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
“ကျွန်တော် အမှုဖွင့်ပေမယ့်လဲ အခုအချိန်အထိ ဇော်မင်းအောင်ကို အရေးမယူသေးဘူး။ ဈေးထဲမှာ စည်ပင်က တကယ်ပဲ ဒီလိုလုပ်ပေးနေပါပြီဆိုတာ လူတွေသိအောင်၊ မြန်မာပြည် တစ်နိုင်ငံလုံး သိအောင် လုပ်နေပါတယ်။ အဲဒါကို သိသွားမှာ ဆိုးတဲ့အတွက် အဲဒါမှားတယ်ဆိုတဲ့ အကြောင်းကို ရေးတာ။အဲဒါကို သခင်ညိုမှိုင်း အကောင့်ကနေတင် ပေးလိုက်တဲ့အတွက် ကျွန်တော့်ကို တရားစွဲတာ။ ညက ကျွန်တော်ကို လာဖမ်းတာက မြို့နယ်မှူးလည်း မသိဘူး။ စခန်းမှူးလည်း မသိဘဲနဲ့ အမှုစစ်က စခန်းမှူးခိုင်းလို့ဆိုပြီး အတင်းအဓမ္မ အိမ်လာဖမ်းတာပါ”ဟု ဦးမောင်မောင်ထွန်းက ဆက်လက်ပြောကြားသည်။
ဦးမောင်မောင်ထွန်းအား လက်ရှိအချိန်မှ ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ ပျဉ်းမနားမြို့နယ်မှူး တင်မိုးဦးက “အမှုတည်ဆောက်ဆဲကာလ ဖြစ်တယ်။ ဆက်သွယ်ပေမယ့် သူက အလုပ်အကိုင်များတာနဲ့။ တဖက်ကလည်း ကျွန်တော်တို့တွေက တရားခံနဲ့ တရားလိုနဲ့ အမှုစစ်တွေနဲ့ မချိတ်ဆက်မိတဲ့အတွက်ကြောင့်မိုလို့ မဖမ်းဖြစ်သေးတာပေါ့။ အဲဒါကြောင့် နောက်ကျတာပေါ့”ဟု ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နေပြည်တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် တရားစွဲဆိုရန် မည်သူ့ကိုမှ အမိန့်ပေးထားခြင်း မရှိကြောင်း၊ တရားစွဲဆိုထားသူနှင့် စည်ပင်သာယာရေးကော်မတီနှင့် ပတ်သက်မှု မရှိကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဦးမောင်မောင်ထွန်းမှာ News Watch မှ နေပြည်တော် သတင်းထောက်တစ်ဦးဖြစ်ပြီး အခြားသတင်းမီဒီယာများသို့ သတင်းစောင်းပါးများ ပေးပို့ရေးသားနေသူ ဖြစ်သည်။
ဦးမောင်မောင်ထွန်း၏ ရုံးချိန်းအား ဒီဇင်ဘာ ၁၃ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့ပြီး အဆိုပါ ရုံးချိန်းတွင် တရားရုံး၌ ကျန်းမာရေးအာမခံ လျှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent