ဂျပန်တွင် ကြက်ငှက်တုပ်ကွေး ရောဂါကို နှိမ်နင်းရန် ကြက်၊ ဘဲ ၃၃၀၀၀၀ ကို သုတ်သင်

ဂျပန်တွင် ကြက်ငှက်တုပ်ကွေး ရောဂါကို နှိမ်နင်းရန် ကြက်၊ ဘဲ ၃၃၀၀၀၀ ကို သုတ်သင်
Published 29 November 2016

ဂျပန်နိုင်ငံတွင် နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ကူးစက်မြန် ပြင်းထန်သည့် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် မွေးမြူရေးကြက်နှင့် ဘဲကောင်ရေ ၃၃၀၀၀၀ ကျော်ကို စတင် သုတ်သင်နေပြီ ဖြစ်ကြောင်း အစိုးရက နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံမြောက်ပိုင်း အာအိုမိုရီ စီရင်စုရှိ မွေးမြူရေးခြံ တစ်ခြံမှ ဘဲကောင်ရေ ၁၆၅၀၀ ခန့်နှင့် နိုင်ငံအလယ်ပိုင်း နီအီဂါတာစီရင်စုရှိ မွေးမြူရေးခြံ တစ်ခြံမှ ကြက်ကောင်ရေ ၃၂၀၀၀၀ တို့ကို သုတ်သင်ရန် စီစဉ်ထားပြီး နိုဝင်ဘာ ၂၉ ရက်က လုပ်ငန်းစခဲ့ကြောင်း ထိပ်တန်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒေဆူဂါက ပြောကြားခဲ့သည်။
H5 ကြက်ငှက်တုပ်ကွေးပိုး ကူးစက်ခံထားရသည့် ထိုမွေးမြူရေးခြံများ အနီးရှိ နေရာများမှ ကြက်၊ ဘဲများနှင့် ယင်းတို့၏ ထွက်ကုန်များအား သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ရန် တားမြစ်ထားသည့်အပြင် ထိုဒေသများနှင့် ဆက်သွယ်ထားသည့် အဓိက လမ်းမများကို ပိုးသတ်မှုများ လုပ်ဆောင်နေကြသည်။
“နိုင်ငံရဲ့ အခြားနေရာတွေမှာလည်း ရောဂါကူးစက် ပြန့်နှံ့မှုတွေ ဖြစ်နိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်” ဟု ဆူဂါက ဆိုကာ ရောဂါကူးစက်မှုကို ငှက်ရိုင်းများတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများတွင်လည်း ရောဂါဖြစ်ပွားမှုများ ရှိနေကြောင်း ပြောကြားခဲ့သည်။ ဂျပန်တွင် နောက်ဆုံး အတည်ပြုခဲ့သည့် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုမှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက ဖြစ်သည်။
နယ်သာလန်နိုင်ငံတွင်လည်း H5N8 ကြက်ငှက်တုပ်ကွေးရောဂါကြောင့် အာဏာပိုင်များသည် နိုဝင်ဘာ ၂၇ ရက်က ဘဲကောင်ရေ ၁၉၀၀၀၀ ကို သုတ်သင်ခဲ့ရသေးသည်။
Ref- AFP

Most Read

Most Recent