အိုင်ဗရီကို့စ်တွင် ခြူးတစ်ပြားမျှမရှိသည့် ကလေးငယ်များအား ချမ်းသာသူတို့၏ အားကစား ဂေါက်ရိုက်နည်း သင်ကြားပေးနေ

အိုင်ဗရီကို့စ်တွင် ခြူးတစ်ပြားမျှမရှိသည့် ကလေးငယ်များအား ချမ်းသာသူတို့၏ အားကစား ဂေါက်ရိုက်နည်း သင်ကြားပေးနေ
Published 27 November 2016
Ref:AFP

အိုင်ဗရီကို့စ်နိုင်ငံတွင် ကလေးပေါင်း ၁၀၀၀ ကို ဆင်းရဲတွင်းထဲမှထုတ်ပြီး ပြိုင်စံရှားသည့် အခွင့်အရေးတစ်ခုအဖြစ် ဂေါက်ရိုက်သင်ပေးနေသည့် စိတ်ကူးကို အသက် ၁၀ နှစ်အရွယ် မိန်းကလေး ဂျက်စီကာက သဘောကျနေသည်။
“သမီးဂေါက်ရိုက်ရတာကို အရမ်းကြိုက်ပါတယ်။ သမီးအိမ်မက်က ကမ္ဘာ့ဘဏ်မှာ အလုပ်လုပ်ပြီး နိုင်ငံတကာအဆင့်မီ ဂေါက်ရိုက်သူဖြစ်ချင်တာပါ” ဟု ဂျက်စီကာကဆိုသည်။ ဂျက်စီကာသည် ဆင်းရဲပြီး ရံဖန်ရံခါတွင် အန္တရာယ်များသည့် အိုင်ဗရီကို့စ်၏ အုပ်ချုပ်ရေးမြို့တော် ယာမူစ်စုခရိုတွင် နေထိုင်သူဖြစ်သည်။
ပုံမှန်အားဖြင့် အိုင်ဗရီကို့စ်နိုင်ငံထဲမှ အထက်တန်းလွှာနှင့် ချမ်းသာသူများအတွက်သာ ဖြစ်နေခဲ့သည့် Le President သမ္မတ ဂေါက်ကလပ်၌ ဂေါက်ရိုက်လေ့ကျင့်ပေးနေသော ကလေး ၁၂၀ ပါဝင်သော ပထမအသုတ်ထဲတွင် တီရှပ်နှင့် အနက်ရောင် အသားကပ်ဘောင်းဘီဝတ်ထားသည့် ဂျက်စီကာမှာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ယင်းသည် ‘Golf for All’ (အားလုံးအတွက် ဂေါက်အားကစား) စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုစီမံကိန်းကို စီစဉ်ကြီးကြပ်သည့် STL ဂေါက်အကယ်ဒမီသည် နိုင်ငံတစ်ဝန်းမှ အဆင်းရဲဆုံးဒေသများ၊ မိဘမဲ့ဂေဟာများသို့ လှည့်လည်သွားလာပြီး ဂေါက်ရိုက်သူ ဖြစ်လာနိုင်ခြေရှိသည့် ကလေးများကို ရွေးထုတ်ခဲ့ကြသည်။
သမ္မတဟောင်း Felix Houp houet-Boigny ကဆောက်လုပ်ခဲ့သော Le President ဂေါက်ကလပ်သို့ ခေါ်သွားခံခဲ့ရသည့် တောင်သူလယ်သမား၊ ဆင်းရဲသား၊ စက်ရုံအလုပ်သမားတို့၏ သားသမီးများမှာ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ခဲ့ကြရသည်။
“ရည်ရွယ်ချက်ကတော့ ဒီကလေးတွေကို ဂေါက်ရိုက်အားကစားနည်းနဲ့ ဆင်းရဲတွင်းကနေ ထုတ်ပေးဖို့ပါပဲ။ အိုင်ဗရီကို့စ်နိုင်ငံထဲမှာရှိတဲ့ ဘယ်လိုအတန်းအစားက ကလေးတွေမဆို အားလုံးကို အခွင့်အရေးပေးပါတယ်” ဟု ယခုစီမံကိန်းထဲတွင် ပါဝင်ခဲ့သည့် ဂေါက်ရိုက်သင်ပေးသူ ယန်းကလောဒီနဒါက ပြောကြားခဲ့သည်။
Golf for All စီမံကိန်း၏ အဓိကမိတ်ဖက်မှာ ဂေါက်ရိုက်နည်းပြဆရာ ဟင်းနရစ်လန်ကျူဗစ် ဖြစ်သည်။ ကလေးများကို ဂေါက်ရိုက်သင်ပေးခြင်းသည် အာဖရိကသို့ ဂေါက်ရိုက်အားကစားနည်းကို မိတ်ဆက်ပေးရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယုံကြည်ထားသည့် လန်ကျူဗစ်သည် လေးလအတွင်း ဆွီဒင်နိုင်ငံအနှံ့သို့သွားပြီး ယခုစီမံကိန်းအတွက် တန်ချိန် ၂၀ ရှိသော ကိရိယာတန်ဆာပလာများကို အလှူခံခဲ့သူဖြစ်သည်။
“ကျွန်တော်တို့ အိုင်ဗရီကို့စ် ကလေးတွေကို ဂေါက်ရိုက်လေ့ကျင့်ပေးလိုက်ရင် တစ်ချိန်မှာ သူတို့ဟာ ဂေါက်ရိုက်ခြင်းကို လူကြိုက်များလာအောင် လုပ်ဆောင်နိုင်မှာပါ” ဟု ဆွီဒင်ဂေါက်ရိုက်သူ လန်ကျူဗစ်က ပြောကြားခဲ့သည်။
“အိုင်ဗရီကို့စ်ဟာ ဒီဒီယာဒရော့ဘာလို ဘောလုံးသမားတွေကို တောင်ပြည်ပကို လွှတ်နိုင်သေးတာပဲ။ အခြားအားကစားနည်းကနေလည်း အလားတူ နာမည်ကျော်ကစားသမားတွေ ဘာလို့မထွက်လာနိုင်ရမှာလဲ” ဟု STI အကယ်ဒမီကို ဦးဆောင်သော ဘယ်လ်ဂျီယံနိုင်ငံသား ဖရန်ဆစ်အော်လိုနီက ပြောကြားခဲ့သည်။
၁၉၉၃ ခုနှစ်က ကွယ်လွန်ခဲ့သော သမ္မတဟောင်း Houphouet-Boigny သည် ၎င်းဇာတိဖြစ်သည့် ယာမူစ်စုခရိုကို နိုင်ငံတကာအဆင့်မီမြို့ဖြစ်အောင် ပြောင်းလဲလိုခဲ့သည်။ Houphouet-Boigny ၏အစီအစဉ်များထဲတွင် ဂေါက်ရိုက်ကစားနည်းအား ထွန်းကားစေလိုခြင်းမှာလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။
“မစ္စတာ Houphouet-Boigny ဟာ ယာမူစ်စုခရိုမြို့တော်ကို ဂေါက်ရိုက်ခြင်းကနေတစ်ဆင့် ကမ္ဘာ့လှည့်ခရီးသွား ဆွဲဆောင်တဲ့နေရာတစ်ခု ဖြစ်စေလိုတာပါ။ ဒီလိုဆိုရင် ဥရောပဆောင်းရဲ့ အအေးဒဏ်ကို ရှောင်လိုတဲ့သူတွေဟာ ဒီကိုလာပြီး နေရောင်အောက်မှာ ကစားနိုင်မယ်လေ” ဟု အိုင်ဗရီကို့စ်၏ ခရီးသွားကဏ္ဍကျွမ်းကျင်သူ Tom Aboud-ramane Coulibaly က ပြောကြားခဲ့သည်။
ယာမူစ်စုခရိုမြို့တော်တွင် ၁၉၈၀ ပြည့်နှစ်မှ ၁၉၉၁ ခုနှစ်အတွင်း သမ္မတဂေါက်ကလပ်၌ Felix Houphouet-Boigny ဆုဖလားဖြင့် အိုင်ဗရီကို့စ်အိုးပင်းကို လက်ခံကျင်းပခဲ့ဖူးသည်။ ခမ်းနားလှသည့် ထိုသမ္မတဂေါက်ကလပ်သို့ ဂေါက်ရိုက် အကျော်အမော်များဖြစ်သော တောင်အာဖရိကမှ ဂယ်ရီပလေယာ၊ ဗြိတိန်မှ အီယန်ဝူစနမ်တို့အပြင် အမေရိကန် သမ္မတဟောင်း ရစ်ချက်နစ်ဆင်ပင် လာရောက်ကစားခဲ့ကြသည်။
သို့သော်လည်း ၂၀၀၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်ကာလအတွင်းက အိုင်ဗရီကို့စ်တွင် ပြည်တွင်းစစ်နှင့် နိုင်ငံရေး သပိတ်မှောက်မှုများ ဖြစ်ပွားခဲ့ရာ ဂေါက်ရိုက် အားကစားမှာလည်း အခြားကဏ္ဍများကဲ့သို့ ချောင်ထိုးခံခဲ့ရသည်။ ယခု Golf for all စီမံကိန်းသည် အိုင်ဗရီကို့စ်အတွက် ဂေါက်ရိုက်ထွန်းကားခဲ့သည့် နေ့များပြန်ရောက်ရန် အခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။

Most Read

Most Recent