ကျေးလက်ဒေသနေ ပြည်သူများ၏ ဘဝနေထိုင်မှုဆိုင်ရာ အခြေအနေရပ်များ တိုးတက်အောင် ပြုလုပ်ခြင်း သို့မဟုတ် မြှင့်တင်ခြင်း လုပ်ငန်းစဉ်ကို “ကျေးလက်ဒေသ ဖွံ့ဖြိုး ရေး” ဟု ခေါ်သည်။ မြန်မာနိုင်ငံရှိ လူဦးရေအများစုသည် ကျေးလက်ဒေသများ (ရွာများ) တွင် နေထိုင်ကြသူများဖြစ်သည်။ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ ဒသမ ၅ သန်းအနက် ရာခိုင်နှုန်း ၇၀ သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ တိုးတက်မှုအတွက် ကျေးလက်နေ ပြည်သူများ၏ အားထုတ်မှုက အချက်အချာကျပြီး မြန်မာနိုင်ငံ၏ လူမှုဘ၀ ဖူလုံရေးသည် ကျေးရွာများ၏ ကြွယ်၀ ချမ်းသာမှုအပေါ် မူတည်နေသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးသည် အစဉ်အလာအရ စိုက်ပျိုးရေးနှင့် သစ်တောကဲ့သို့ သော မြေယာအခြေပြု သဘာ၀ ရင်းမြစ်များ အသုံးချမှုအပေါ်၌သာ ဗဟိုပြုခဲ့သည်။ သို့သော် ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကွန်ရက်များ ပြောင်းလဲလာခြင်းနှင့် မြို့ပြများထူထောင်မှု တိုးပွားလာခြင်းတို့ကြောင့် ကျေးလက်ဒေသများ၏ လက္ခဏာရပ်များ ပြောင်းလဲ၍လာသည်။ ခရီးသွားလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ရေးအတွက် နေရာရှာသူများနှင့် အပန်းဖြေစခန်းများ တိုးတက်များပြားလာခြင်းက လွှမ်းမိုးသော စီးပွားရေး မောင်းနှင်အားများဖြစ်ခဲ့သည့် သဘာဝရင်းမြစ်ထုတ်ယူခြင်းနှင့် စိုက်ပျိုးရေးကဲ့သို့သော လုပ်ငန်းများနေရာ၌ အစားထိုး ဝင်ရောက်လာသည်။
ကျေးလက်နေ လူ့အဖွဲ့အစည်းအတွက် ဖွံ့ဖြိုးမှုကို ပိုမိုကျယ်ပြန့်သော အမြင်ဖြင့် ချဉ်းကပ်ရာတွင် စိုက်ပျိုးရေးနှင့် သဘာဝရင်းမြစ် အခြေပြုလုပ်ငန်းများအတွက် မက်လုံးများ ဖန်တီးရုံ သက်သက်ထက်ပို၍ ကျယ်ပြန့်သော ဖွံ့ဖြိုးမှုရည်မှန်းချက်များအပေါ် အာရုံပြုရန် လိုအပ်သည်။ ပညာရေး၊ စီးပွားရေး စွန့်ဦးတီထွင်လုပ်ကိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံနှင့်လူမှုရေးဆိုင်ရာ အခြေခံ အဆောက်အအုံတို့အားလုံးသည် ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး၌ အရေးပါသော အခန်းကဏ္ဍ၌ရှိသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဒေသအလိုက် ထုတ်လုပ်သော စီးပွားရေးဖွံ့ဖြိုးမှု မဟာဗျူဟာများအပေါ် အထူးပြုခြင်းဖြင့်လည်း စရိုက်လက္ခဏာ သတ်မှတ်နိုင်သည်။ တူညီသည့် လက္ခဏာရပ်များ များပြားသော မြို့ပြဒေသများနှင့် နှိုင်းယှဉ်ပါက ကျေးလက်ဒေသများသည် တစ်နေရာနှင့်တစ်နေရာ အကြီးအကျယ် ကွဲပြားခြားနားကြသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် အသုံးပြုနေသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ချဉ်းကပ်ပုံများသည် အလွန်အတိုင်းအတာ ကျယ်ပြောလှသည်။
မည်သို့ပင်ဆိုစေကာမူ ကျေးလက်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နိုင်သည့် နည်းလမ်းအချို့ရှိသည်။ ယင်းတို့မှာ လူထုကို ပညာပေးခြင်း၊ အရွယ်ရောက်ပြီးသူများအတွက် ညကျောင်းများ ထူထောင်ပေးခြင်း၊ သန့်ရှင်းရေးစနစ်ကို တိုးတက်အောင်ပြုလုပ်ခြင်း၊ ဆေးဝါးစောင့်ရှောက် ကုသမှုကို ကုန်ကျသက်သာစွာဖြင့် ရရှိနိုင်အောင် စီမံထားရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ ထုတ်ပေးခြင်းတို့ ဖြစ်ကြသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ပညာတတ်များအနေဖြင့် ကျေးရွာများသို့သွားကာ အခြေစိုက်နိုင်အောင် ကူညီပေးသင့်သည်။ ရွာသားတို့၏ မသိနားမလည်မှုများကို ဖယ်ရှားရန်အတွက် လူထုပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်သင့်သည်။ ကျေးလက်နေ ပြည်သူများအား အခြေခံသန့်ရှင်းမှုများနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် သိပ္ပံနည်းကျ နည်းလမ်းများကို သင်ကြားပေးရန် အရွယ်ရောက်ပြီးသူများအတွက် ညကျောင်းများ ဖွင့်လှစ်ပေးသင့်သည်။ သန့်ရှင်းရေး တိုးတက်မှုရှိစေရန်အတွက် သန့်ရှင်းသော သောက်ရေများ ကျယ်ကျယ်ပြန့်ပြန့်ရရှိစေရန် ရေတွင်းအသစ်များကဲ့သို့သော အရင်းအမြစ်များ ဖန်တီးပေးသင့်သည်။ ရွာသားများအတွက် ဆေးရုံ၊ ဆေးပေးခန်းများ၊ ဆေးဝါးနှင့် ကုသရေးအထောက်အကူပြု ပစ္စည်းများလည်း လိုအပ်သည်။
ကျေးလက်ဒေသများ၌ လမ်းပန်းဆက်သွယ်ရေး တိုးတက်စေရန်အတွက် လိုအပ်သည့် လမ်းတံတားများ တည်ဆောက်မှုလည်း လိုအပ်သည်။ အစိုးရအနေဖြင့် လယ်သမားများအား စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် သိပ္ပံနည်းကျ နည်းလမ်းများ သင်ကြားပေးရန် လိုအပ်သကဲ့သို့ အထောက်အကူပြု ပစ္စည်းများလည်း ထောက်ပံ့ပေးရန် လိုအပ်သည်။ လယ်သမားများအား အတိုးနှုန်း နည်းပါးစွာ ငွေထုတ်ချေးပေးသည့် ဌာနများလည်း ထားရှိသင့်သည်။ အငြင်းပွားမှုများနှင့် ကွဲပြား ခြားနားမှုများအတွက် ရွာသားများကို ဖြန်ဖြေပေးသည့် ဘုတ်အဖွဲ့များလည်း ထားရှိရန်လိုသည်။ ကျေးရွာတိုင်း၌ ကောင်းမွန်သော စာကြည့်တိုက်များလည်း ထူထောင်ထားရှိရန် လိုအပ်သည်။
ယင်းကဲ့သို့ ကျေးလက်ဒေသများကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးအဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့အား မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









