ပြည်ခိုင်ဖြိုးပါတီဝင်များက NLD ပါတီဝင် ၃၃ အိမ်အား မီးလင်းရေးတွင် ချန်လှပ်ထား၍ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံးသို့ ခေါ်ယူညှိနှိုင်း

ပြည်ခိုင်ဖြိုးပါတီဝင်များက NLD ပါတီဝင် ၃၃ အိမ်အား မီးလင်းရေးတွင် ချန်လှပ်ထား၍ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံးသို့ ခေါ်ယူညှိနှိုင်း
Published 18 November 2016

သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ချောင်းစောက်ကျေးရွာမှ NLD ပါတီဝင် အိမ်ခြေ ၃၃ လုံးအား ပြည်ခိုင်ဖြိုးပါတီဝင် လူအများစုက ကျေးရွာမီးလင်းရေးတွင် ပါဝင်ခွင့်မပြုဘဲ ချန်လှပ်ထားသည်ကို တိုင်ကြားသောကြောင့် ရွာသားများကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံးသို့ နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ညှိနှိုင်းရန်ခေါ်ယူခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ခိုင်ဖြိုးပါတီဝင်များ အနိုင်ရရှိခဲ့သော ဇီးကုန်းမြို့ နယ်မဲဆန္ဒနယ်အမှတ် (၂) ရှိ ချောင်းစောက်ကျေးရွာတွင် ၂၀၁၅ ခုနှစ်  သြဂုတ် ၂၂ ရက် မှ စတင်၍ ကျေးရွာမီးလင်းရေးကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါတွင် မီးလင်းရေးအတွက် လုပ်ငန်းအနည်းငယ်သာ ဆောင်ရွက်ရန် ကျန်ရှိနေပြီး မီးလင်းရေးကော်မတီတွင် ပြည်ခိုင်ဖြိုးပါတီဝင်များသာ ပါဝင်နေပြီး NLD ပါတီဝင် ၃၃ အိမ်အား မီးကိစ္စနှင့် ပတ်သက်၍ ပါဝင်ခွင့်မပြုခြင်း အသိပေးအကြောင်းကြားခြင်းများ မရှိ၍ NLD ပါတီဝင်များက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့ တိုင်ကြားစာများပေးပို့ခဲ့၍ ယခုကဲ့သို့ လွှတ်တော်ရုံးသို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ချောင်းစောက်ရွာမှာ အိမ်ခြေ ၁၀၅ လုံးရှိတယ်။ ၂၀၁၅ ခုနှစ် ရှစ်လပိုင်းတည်းက ကျေးရွာမီးလင်းရေး ကော်မတီကိုဖွဲ့တယ်။ ရွေးကောက်ပွဲမဲဆွယ်တော့ ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ရင်ချက်ချင်း လျှပ်စစ်မီးရမယ်ဆိုပြီးဆွယ်တယ်။ အခုထိ မီးမရသေးဘူး။ မီးလင်းရေးကော်မတီဖွဲ့တော့ ကျွန်တော်တို့ကို ချန်ထားတယ်။ သူတို့လူတွေနဲ့ ဖွဲ့လိုက်တယ်။ နောက်ပြီး ကျွန်တော်တို့ကို မီးလင်းလည်းမပေးဘူးဆိုပြီး ငွေလည်းလာမကောက်ဘူး။ အဆက်အသွယ်လည်း မလုပ်တော့ဘူး။ ဒါကြောင့် သက်ဆိုင်ရာဌာနဆိုင်ရာတွေ စာပို့တော့ ပဲခူးတိုင်းလွှတ်တော်ရုံးကို လာပါဆိုလို့ ရောက်လာကြတာ” ဟု NLD ပါတီဝင် ချောင်းစောက်ကျေးရွာသား ဦးရွှေကြီးက ပြောကြားသည်။
“အခု တိုင်ထားလို့ ပဲခူးတိုင်းလွှတ်တော်ကို ရောက်လာကြတာ။ ဟိုဘက်ဒီဘက်လူ လေးဆယ်လောက်ရှိမယ် ထင်တယ်။ မီးကော်မတီ၂၅ ယောက်ရှိတယ်။ အခုတိုင်တဲ့ အထဲမှာ ကော်မတီထဲက နှစ်ယောက်လည်းပါတယ်။ သူတို့က အစိုးရကပဲ အကုန်လုပ်ပေးမယ် ထင်နေတာ။ အစိုးရက အကုန်ပေးတာ မဟုတ်ဘူး။ ကျွန်တော်တို့ အရစ်ကျနဲ့ ကောက်ခံထားတာ ၅၇ ဦးရတယ်။ ၁၁၉ သိန်းပါ။ ကုန်ကျတာက ၁၀၂ သိန်းလေးသောင်းခုနှစ်ထောင်၊ ကျန်တာက ၁၇ သိန်းကိုးထောင့်သုံးရာပါ။ စာရင်းတွေရှိပါတယ်။ ဘာအတွက် တိုင်လည်းမသိဘူး။ ခေါ်တယ်ဆိုလို့ ပဲခူးတိုင်း လွှတ်တော်ကို အလုပ်ပျက်ခံပြီး လာကြရတာ” ဟု မီးကော်မတီဒုဥက္ကဋ္ဌ ဦးလွင်အောင်က ပြောကြားသည်။
ချောင်းစောက်ကျေးရွာ၌ အိမ်ခြေ ၁၀၅ လုံးရှိသည့်အနက် အိမ်ခြေ ၃၃ လုံးမှာ NLD ပါတီဝင်များဖြစ်ကာ၂၀၁၅ ရွေးကောက်ပွဲတွင် ပဲခူးတိုင်း၂၈ မြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရခဲ့သော ဇီးကုန်းမြို့နယ်အတွင်း တည်ရှိသောရွာဖြစ်ကြောင်း သိရသည်။

Most Read

Most Recent