မောင်တောမြို့နယ်အတွင်း စာသင်ကျောင်းအချို့သို့ ဆရာဆရာမများ စေလွှတ်ပြီး ကျောင်းပြန်လည်ဖွင့်လှစ်ထားသော်လည်း ကျောင်းတက်မည့် ကျောင်းသားမရှိဖြစ်နေကြောင်း သိရ

မောင်တောမြို့နယ်အတွင်း စာသင်ကျောင်းအချို့သို့ ဆရာဆရာမများ စေလွှတ်ပြီး ကျောင်းပြန်လည်ဖွင့်လှစ်ထားသော်လည်း ကျောင်းတက်မည့် ကျောင်းသားမရှိဖြစ်နေကြောင်း သိရ
Published 18 November 2016
သားရွှေဦး (ကစ္ဆပ)

မောင်တောမြို့နယ်အတွင်း စာသင်ကျောင်းတချို့သို့ ဆရာ၊ ဆရာမ များစေလွှတ်ပြီး ကျောင်းပြန်လည် ဖွင့်လှစ်ထားသော်လည်း ကျောင်းတက်မည့် ကျောင်းသားမရှိဖြစ်နေကြောင်း သိရသည်။
“ကျောင်းတွေဖွင့်ထားတယ်။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေက ကြောက်ကြောက်လန့်လန့်နဲ့ ကျောမလုံဘူးလို့ ပြောပါတယ်။ကျောင်းတွေ ဖွင့်ထားပေမယ့် ကျောင်းသားတွေမရှိဘူး။ ဆရာ၊ ဆရာမတွေကပြောတာပေါ့ဗျာ။ စာသင်နေရတာ သူတို့ကို ဘယ်အချိန် လာသတ်မလဲဆိုတာကို အမြဲတမ်းစိုးရိမ်နေရတယ်လို့ ပြောတယ်။ မူလွန်ကျောင်းမရှိတဲ့ ရွာတွေမှာလည်း ငါးခူရတို့လို၊ ကြိမ်ချောင်းတို့လို ကျောင်းတွေသွားတက်ဖို့ ဆိုတာကလည်း ဘင်္ဂါလီရွာတွေဖြတ်သွားရတော့ ကျောင်းမတက်ဘဲအိမ်မှာပဲ နေနေတာကို တွေ့ရတယ်။ကျန်းမာရေးကလည်း ကျန်းမာရေးဝန်ထမ်းတွေ မလာရဲတော့ ဆေးမြီးတိုနဲ့ သုံးနေရတဲ့ အနေအထားပါ။ တခြားရွာသွားဖို့ဆိုတာက ဆိုင်ကယ်နဲ့သွားပြန်ရင်လည်း ဓားတွေနဲ့ဝိုင်း လိုက်တာရှိတော့ ကားတွေနဲ့ဆိုလည်း မသွားရဲဘဲ ကိုယ့်ရွာကိုယ်ပဲ ငြိမ်ငြိမ်ကုပ်ကုပ်နေ နေကြရတယ်” ဟု ၉\ ၁၀ မောင်တောအကြမ်းဖက်မှု လေ့လာစုံစမ်းရေးကော်မတီ (ရခိုင်ပြည်နယ်လွှတ်တော်) ၏ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားသည်။
တိုင်းရင်းသားကျေးရွာများတွင် ကျောင်းများပိတ်ထားရပြီး မူလွန်ကျောင်းမရှိသော ကျေးရွာများတွင်လည်း ကလေးငယ်များ ဘင်္ဂါလီကျေးရွာများကိုဖြတ်ပြီး ကျောင်းမသွားနိုင်သဖြင့် စာသင်ကြားခွင့် မရဖြစ်နေကြောင်း သိရသည်။
ယင်းသို့ ကျောင်းဖွင့်ထားသော်လည်း စာသင်ကြားမည့်ကျောင်းသားများ မရောက်သဖြင့် ဆရာ၊ ဆရာမများအနေဖြင့် လုံခြုံရေး စိုးရိမ်ရပြီး နိုဝင်ဘာ ၁၇ ရက်ကလည်း ကြိမ်ချောင်းမှ ဆရာ၊ ဆရာမအချို့ မြို့ပေါ်သို့ ပြန်လာသူများရှိလာကြောင်း သိရသည်။
“ကျောင်းတွေကလည်း ပိတ်ထားရတယ်။ နယ်မြေကလည်း မလုံခြုံဘူးဆိုတော့ ဆရာကြီး အပါအဝင်ဆရာ၊ ဆရာမတွေကလည်း စစ်တွေ၊ မောင်တောတို့ကပါတော့ အဲဒီဆရာမတွေဘယ်လိုနေမလဲ။ ကျောင်းသား လည်းမရှိဘူးဆိုတော့ ရွာမှာထိုင်စားနေရတဲ့ သဘောရှိတယ်။သူတို့ကလည်း ကြောက်ကြောက်လန့်လန့်နဲ့ နေနေရတော့ ကူညီထောက်ပံ့ပေးရေး အဖွဲ့တွေနဲ့ လိုက်လာတာ တွေ့ပါတယ်” ဟု ဦးအောင်ဝင်းက ဆိုသည်။
လက်ရှိတွင် မောင်တောမြို့နယ်အတွင်း စာသင်ကျောင်းအချို့ ပြန်လည်ဖွင့်လှစ် ပြီဆိုသော်လည်း ကျေးရွာဒေသခံ ဆရာ၊ ဆရာမ ရှိသော ကျေးရွာများကို အဓိကထားဖွင့်လှစ်ခြင်းဖြစ်ကာ လုံခြုံရေးရှိသော ကျေးရွာများကိုလည်း ဆရာ၊ ဆရာမများ စေလွှတ်ပြီး
ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း နယ်စွန်နယ်ဝေးရှိ ကျောင်းများနှင့် လုံခြုံရေး စိုးရိမ်ရသော ကျေးရွာများတွင် တာဝန်ကျ ဆရာ၊ ဆရာမများကို မောင်တောမြို့ပေါ်တွင် ယာယီ နေရာချထားပေးထားကြောင်း သိရသည်။
“မြို့နယ်အတွင်း တာဝန်ကျဆရာ ဆရာမ တွေကိုတော့ မြို့နယ်ပညာရေးမှူးနဲ့ အဆက်အသွယ်လုပ်ပြီး မြို့ထဲမှာ နေနေကြတယ်။ ဒါပေမဲ့ ဆရာ၊ ဆရာမ တော်တော်များများ မောင်တောပြန်ရောက်လာပြီး နေရပ်ပြန်သွားတာတွေ ရှိပါတယ်။ ကျောင်းတွေလည်း ပိတ်ထားတယ်။ နောက် တာဝန်ကျကျောင်းတွေကို လုံခြုံရေးအခြေအနေမှာ မသွားရဲလို့လည်း ဖြစ်ပါတယ်။ ရွာသားတွေတောင် ကြောက်နေကြတဲ့ အခြေအနေမှာ နယ်ဝေးကလာပြီး တာဝန်ထမ်းဆောင်တဲ့ ဆရာ ဆရာမ တွေဆို ဘယ်သွားရဲပါ့မလဲ” ဟု မောင်တောတွင် တာဝန်ကျနေသော ဆရာတစ်ဦးက ဆိုသည်။
မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ်မြို့ပေါ်ရှိ နယ်ခြားစောင့် ရဲနယ်မြေရုံးအနီးရှိ ဆရာ ဆရာမ အဆောင်များကို နိုဝင်ဘာ ၇ရက်က တစ်ကြိမ်၊ နိုဝင်ဘာ ၁၇ ရက်က တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။                              

Most Read

Most Recent