ပြည်တွင်းရှိ ရေလုပ်ငန်းများတွင် လူကုန်ကူးမှုဖြစ်စဉ် ပိုများလာသည့်အတွက် အထူးစီမံချက်ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ပြောကြား

ပြည်တွင်းရှိ ရေလုပ်ငန်းများတွင် လူကုန်ကူးမှုဖြစ်စဉ် ပိုများလာသည့်အတွက် အထူးစီမံချက်ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ပြောကြား
Published 18 November 2016
ကျော်မျိုး

ပြည်တွင်းရှိ ရေလုပ်ငန်းများတွင် လူကုန်ကူးမှုဖြစ်စဉ် ပိုမိုများပြားလာသည့် အတွက် အထူးစီမံချက်ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မီနီဦးက ပြောကြားသည်။
“အခုဖြစ်နေတာ ရေးဘက်မှာဆိုရင် ပြည်တွင်းငါးဖမ်း လုပ်ငန်းမှာရော၊ ပြည်ပငါးဖမ်း လုပ်ငန်းတွေမှာပါ လူကုန်ကူးမှု ဖြစ်စဉ်တွေ ပိုများနေပါတယ်။ အဲဒီကိစ္စအတွက် အထူးစီမံချက်တစ်ရပ် ချပြီးတော့ ဇန်နဝါရီ ၁ ရက်ကနေ သုံးလပေါ့။ ပိုင်းလော့စီမံချက် ဆိုပြီးလုပ်ဖို့ရှိပါတယ်။ အဲဒါကတော့ ပြည်တွင်းလူကုန်ကူးမှုပေါ့နော်။  အများကြီးဖြစ်နေတာတော့ ငါးဖမ်းစက်လှေတွေပေါ်မှာ ရောင်းစားတာ၊ ရေလုပ်ငန်းတွေမှာ ရောင်းစားတဲ့ ပြည်တွင်း လူကုန်ကူးမှုတွေ အတွက်ပါ” ဟု ဒုတိယရဲမှူးကြီး မီနီဦးက ပြောကြားသည်။
စက်ရုံအလုပ်ရုံများတွင် လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ လူကုန်ကူးခံရခြင်းများ လျော့နည်းစေရန်အတွက် အသိပညာပေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော် Park Royal ဟိုတယ်တွင် နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ National Task Force အစည်းအဝေးတွင် ဒုတိယရဲမှူးကြီးက ပြောကြားသည်။
“ပြည်တွင်း လူကုန်ကူးမှုကိုလည်း ရေးမှာ အဖြစ်များတယ်ဆိုရင် ရေးမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တိုးချဲ့ ဖွဲ့စည်းပြီးတော့ ပြည်တွင်းလူကုန်ကူးမှုတွေကို ဆောင်ရွက်ဖို့လည်း ရဲချုပ်ကြီးရဲ့ လမ်းညွှန်ချက်ရှိပါတယ်” ဟု ဒုတိယရဲမှူးကြီးမီနီဦးက ပြောကြားသည်။
ပြည်တွင်း လူကုန်ကူးမှုဖြစ်စဉ် ပိုများလာပြီး ယခုနှစ်အတွင်း အမှုပေါင်း ၅၀ ကျော် အရေးယူထားပြီး ဖြစ်ကြောင်း၊ အမှုဖြစ်စဉ်များတွင် ပြည့်တန်ဆာအဖြစ် ရောင်းစားခံရမှုများလည်း ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် ပြည်တွင်းနှင့် ပြည်ပ လူကုန်ကူးမှုဖြစ်စဉ် နှစ်ခုစလုံးကို တစ်ပြိုင်နက် စီမံချက်ချ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
လူကုန်ကူးမှု ဖြစ်စဉ်များတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးအတွက် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်နိုင်ငံများနှင့် MoU ရေးထိုးထားပြီး ဖြစ်သော်လည်း အင်ဒိုနီးရှား၊ စင်ကာပူ စသည့်နိုင်ငံများနှင့် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့်အတွက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများတွင် အားနည်းချက် ဖြစ်နေကြောင်း သိရသည်။
၂၀၁၆ ခုနှစ် အမေရိကန်နိုင်ငံ၏ TIF Report တွင် မြန်မာနိုင်ငံအား Tier-3 အဆင့်လျှော့ချ သတ်မှတ်ထားပြီး အချက် ၁၄ ချက် အကောင်အထည်ဖော်ရန် အကြံပြုထားကာ အဓိက အချက်များတွင် ပြည်တွင်း လူကုန်ကူးမှုကို ပိုမိုအာရုံစိုက်၍ တားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှုတွင် အဂတိ လိုက်စားမှုများကို ဖော်ထုတ်အရေးယူရေး၊ နိုင်ငံရပ်ခြား တာဝန်ထမ်းဆောင်သည့် သံရုံးဝန်ထမ်းများနှင့် အလုပ်သမား သံတမန်များ၏ စွမ်းရည်မြှင့်တင်ရေး၊ လူကုန်ကူးခံရသူများ ခွဲခြားဆန်းစစ်ခြင်းတွင် စနစ်တကျ ရှိစေရေးနှင့် ဥပဒေခိုင်မာမှု ရှိစေရေးဆိုသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
 

Most Read

Most Recent