ကိုးနှစ်အရွယ်သမီးကို ဖခင်က ညစဉ် သားမယားပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်

ကိုးနှစ်အရွယ်သမီးကို ဖခင်က ညစဉ် သားမယားပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်
Published 18 November 2016

ကိုးနှစ်အရွယ်သမီးကို ဖခင်က ညစဉ် သားမယားပြုကျင့်သည်ဟုဆိုကာ မြောက်ဥက္ကလာပ မြို့မရဲစခန်းတွင် နိုဝင်ဘာ ၁၇ ရက် က အမှုဖွင့်တိုင်တန်းခဲ့ကြောင်း အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ထိုသို့ သားမယားပြုကျင့်ခဲ့သည်ဟု ဆိုသည့် အမျိုးသားအား မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိတ်ကုန်းရပ်ကွက်မှ အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌက တရားလိုပြုလုပ်ပြီး သက်ဆိုင်ရာရဲစခန်းတွင် သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိတ်ကုန်း ရပ်ကွက်နေ ဦး .... (၄၁ နှစ်) သည် ညဘက်အချိန်တွင် ညစ်ညမ်းဗီဒီယိုများကြည့်ပြီး အသက်ကိုးနှစ်အရွယ် သမီးအရင်းအား သားမယားပြုကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။
ထို့ပြင် ဦး.... (၄၁ နှစ်) က သမီးဖြစ်သူ မ.... (၉ နှစ်) အား  အဆိုပါအကြောင်းအရာများအား  ပြန်မပြောရန် ခြိမ်းခြောက်ခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။
ထိုသို့ ပြုကျင့်ခံရသဖြင့် မ....(၉ နှစ်) မှာ အိမ်နီးချင်းအမျိုးသမီး တစ်ဦးအား ပြောဆိုခဲ့ကြောင်း၊ ယင်းအမျိုးသမီးမှတစ်ဆင့် အဆိုပါရပ်ကွက်ရှိ ရပ်ကွက်အမျိုးသမီးရေး ရာအဖွဲ့ဥက္ကဋ္ဌက မြောက်ဥက္ကလာပ မြို့မရဲစခန်းတွင် သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။
“အဲဒီအမျိုးသားကို ရမန်ယူထားပါတယ်။ ကလေးမလေးကိုလည်း ဆေးစစ်ထားပါတယ်။ အမျိုးသားကို ဆေးစစ်ထားပါတယ်။ အသေးစိတ်ကတော့ ဆေးစာရတဲ့အချိန်ကျမှပဲ သိရှိရမှာပါ” ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်အား  မြောက်ဥက္ကလာပ မြို့မရဲစခန်းက (ပ) ၁၅၆၉\ ၂၀၁၆၊ ရာဇသတ် ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent