ကလေးငယ်လေးဦးကို သရဲဝင်ပူးသည်ဟုဆိုကာ သုံးဦးသေဆုံးသည်အထိ ထိုးကြိတ်ရိုက်နှက်ခဲ့သည့် ပယောဂဆရာဆိုသူအား ပုဒ်မသုံးခုဖြင့် တောင်ပိုင်းခရိုင်တရားရုံး၌ စတင်တရားစွဲဆို

ကလေးငယ်လေးဦးကို သရဲဝင်ပူးသည်ဟုဆိုကာ သုံးဦးသေဆုံးသည်အထိ ထိုးကြိတ်ရိုက်နှက်ခဲ့သည့် ပယောဂဆရာဆိုသူအား ပုဒ်မသုံးခုဖြင့် တောင်ပိုင်းခရိုင်တရားရုံး၌ စတင်တရားစွဲဆို
ကလေးငယ်သုံးဦးအား သေသည်အထိရိုက်နှက်ခဲ့သည့် ပယောဂဆရာဟုဆိုသူကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ-နေဝန်းထက်)
ကလေးငယ်သုံးဦးအား သေသည်အထိရိုက်နှက်ခဲ့သည့် ပယောဂဆရာဟုဆိုသူကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ-နေဝန်းထက်)
Published 18 November 2016
ဝေလင်းအောင်၊ နေဝန်းထက်

တွံတေးမြို့နယ်တွင် ကလေးငယ်လေးဦးကို သရဲဝင်ပူးသည်ဟုဆိုကာ သုံးဦးသေဆုံးသည်အထိ  ရိုက်နှက်ခဲ့သည့် ပယောဂဆရာဆိုသူ ထွန်းနိုင်အား နိုဝင်ဘာ ၁၈ ရက်တွင် တောင်ပိုင်းခရိုင်တရားရုံး၌ စတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။
၎င်းအား တောင်ပိုင်းခရိုင် တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၅၊ ၂၀၁ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လာမည့်ရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေးမည်ဖြစ်သည်။
၎င်းအား တရားရုံးသို့ရုံးထုတ်စဉ် မီဒီယာများကမေးမြန်းရာ ‘၎င်းအနေဖြင့် မကောင်းဆိုးဝါးများကြောင့် စိတ်လွတ်သွား၍ သတ်မိခြင်းဖြစ်ကြောင်း’ ပြန်လည် ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် တွံတေးမြို့နယ် တွံတေးဝကျေးရွာအုပ်စု မိုင်၂၀ အရှေ့တောကွင်းနေ ဦးစိုးမင်းသည် ၎င်းနှင့် ခင်မင်ရင်းနှီးသူ ထွန်းနိုင်နှင့်အတူ နေအိမ်သို့ပြန်လာခဲ့ပြီး အိမ်သို့ရောက်သည့်အခါ ထွန်းနိုင်က ဦးစိုးမင်း၏ နေအိမ်၌ သရဲ၊ တစ္ဆေများရှိနေသဖြင့် ရှင်းပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဦးစိုးမင်း၏ ခြံဝင်းအတွင်း မိသားစု လေးစု စုပေါင်းနေထိုင်လျက်ရှိပြီး ထွန်းနိုင်က အပြင်မထွက်ရဟု ပြောဆိုပြီး ကိုမြမင်းစိုးဆိုသူ၏ အသက်သုံးနှစ်အရွယ် သားဖြစ်သူ မောင်.... (၃ နှစ်) တွင်  သရဲပူးနေ သည်ဟုဆိုကာ  ကလေးအား ခြေထောက်ဖြင့် ကန်ခြင်း၊ တက်နင်းခြင်း၊ လက်သီးဖြင့်ထိုးခြင်းများ ပြုလုပ်ခဲ့ရာ မောင်.... မှာ ည ၁၂ နာရီ ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသွားသည့် ကလေးငယ်အလောင်းကို  အောက်တိုဘာ ၁၉ ရက် နံနက် ၇ နာရီခန့်တွင် ထွန်းနိုင်နှင့်အတူ ဦးစိုးမင်း၊ ကိုအောင်စိုးမိုးတို့က တွံတေးတူးမြောင်းအတွင်းသို့ သွားရောက်စွန့်ပစ်ခဲ့သည်။
နေအိမ်သို့အရောက်တွင် ဦးစိုးမင်း၏ သမီးငယ် မ.... (၂ နှစ်)၊ မ.... (၄ နှစ်) နှင့် ဦးစိုးမင်း၏အစ်ကို ကိုအောင်စိုးမိုး၏ ရှစ်လအရွယ် သမီးငယ် မ.... တို့တွင် သရဲ၊ တစ္ဆေ များဝင်ပူးနေကြောင်းပြောဆိုကာ ထွန်းနိုင်က ခြေထောက်ဖြင့်ကန်ခြင်း၊ တက်နင်းခြင်းများ ပြုလုပ်ရာ အောက်တိုဘာ ၁၉ ရက် ည ၁၀ နာရီခန့်တွင် ဦးစိုးမင်း၏သမီးငယ် မ.... (၂ နှစ်) နှင့် အစ်ကို ကိုအောင်စိုးမိုး၏ ရှစ်လအရွယ်သမီးငယ် မ.... တို့မှာ ထပ်မံသေဆုံးခဲ့သည်။
အဆိုပါ ကလေးငယ်နှစ်ဦးအလောင်းကို ထွန်းနိုင်က နေအိမ်ခြံဝင်းအတွင်း မြေမြှုပ်ခိုင်းသဖြင့် အောက်တိုဘာ၂၀ ရက် နံနက် ၇ နာရီတွင် မြေမြှုပ်ခဲ့ပြီး ကျန်လေးနှစ်အရွယ် ကလေးငယ်အား ခြေထောက်ဖြင့်ကန်ခြင်း၊ တက်နင်းခြင်း လက်သီးဖြင့်ထိုးခြင်းအပြင် ပုဆိန်ဖြင့်ထုခြင်းတို့ကိုပါ ပြုလုပ်သဖြင့်  အဆိုပါ ကလေးငယ်မှာ ဝဲယာပါးဖူးရောင်ပွန်းခြစ်၊ ဖူးရောင်၊ ညိုမည်းဒဏ်ရာ၊ ဝဲ\ ယာလက်နှစ်ဖက်၊ အပေါ်နှုတ်ခမ်း၊ မျက်ခုံးတို့တွင် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် ကလေးငယ်ကို ရွှေလှေချောင် (တွံ) ကျေးရွာအုပ်စု၊ ၁၉ မိုင်တာကုန်းရှိ ခရစ်ယာန်ဘာသာဝင် ကျန်းမာရေးဆရာဝန် တစ်ဦးထံ သွားရောက်ပြသရာ ဆရာဝန်က ဆေးရုံသို့တင်ပို့ကုသရန် ပြောဆိုသဖြင့် တွံတေးဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနသို့ တင်ပို့ကုသ လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent