ကမ်းနားလမ်းညဈေးတန်းသို့ ပြောင်းရွှေ့ပေးရမည့် လမ်းဘေးဈေးသည်များအား စည်ပင်ကျန်းမာရေးဌာနက အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်မည်

ကမ်းနားလမ်းညဈေးတန်းသို့ ပြောင်းရွှေ့ပေးရမည့် လမ်းဘေးဈေးသည်များအား စည်ပင်ကျန်းမာရေးဌာနက အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်မည်
Published 18 November 2016
အိသဉ္ဇာကျော်

ကမ်းနားလမ်းတွင် ဖွင့်လှစ်မည့် ညဈေးတန်းသို့ ပြောင်းရွှေ့နေရာချထားပေးမည့် လမ်းဘေးဈေးသည်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနက အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းချနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာသန်းသန်းလွင်က ပြောကြားသည်။
ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်သည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်များအတွင်းရှိ လမ်းမကြီးများပေါ်တွင် ရောင်းချသည့် လမ်းဘေးဈေးသည် ၆၀၀၀ ကျော်အနက် အစားအသောက် နှင့် သစ်သီးရောင်းချသူ ၁၆၀၀ ကျော်ကို ကမ်းနားလမ်းတွင် ဖွင့်လှစ်မည့် ညဈေးတန်းသို့ ပြောင်းရွှေ့စေမည်ဖြစ်ပြီး ကျန်ရှိသည့်ဈေးသည် ၄၀၀၀ ကျော်ကို မြို့တွင်းရှိ နံပါတ်တပ်လမ်းများအတွင်းသို့ ထည့်သွင်းမည်ဖြစ်ကြောင်း သိရသည်။
“အခု ပြောင်းရွှေ့နေရာချပေးမယ့်အစား အသောက်နဲ့ သစ်သီးရောင်းတဲ့သူတွေကို မှတ်ပုံတင်ကတ်ပြား ထုတ်ပေးတာကိုတော့ စီမံရေးရာဌာနက လုပ်ဆောင်မှာဖြစ်ပြီး ကျွန်မတို့ ကျန်းမာရေးဌာနအနေနဲ့ ဦးဆုံးအသိပညာပေး လုပ်ငန်းတွေကို အရင်လုပ်ပါမယ်။ နောက်ပိုင်း ဆိုင်တွေကိုလိုက်ပြီး ရောင်းချသူရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအသောက် သန့်ရှင်းလတ်ဆတ်ရေး၊ ရောင်းချမည့်ပစ္စည်းတွေရဲ့ အထားအသို၊ သိုလှောင်မှုတွေအပြင် အစားအသောက်နဲ့ ဆေးဝါးဌာနက ခွင့်ပြုသော ကုန်ပစ္စည်းတွေကိုပဲ အသုံးပြုမှုရှိ၊ မရှိ၊ စနစ်တကျ အမှိုက်စွန့်ပစ်မှုတွေကိုလည်း လိုအပ်သလို စစ်ဆေးသွားမှာပါ။ နောက် ပျံကျစားသောက်ဆိုင်များ လိုက်နာရန် စည်းကမ်းများဆိုပြီးလည်း ကျန်းမာရေးဌာနအနေနဲ့ ထုတ်ဖို့ရှိပါတယ်။ ဒီစည်းကမ်းတွေ မလိုက်နာဘူးဆိုရင် သုံးကြိမ်သတိပေးပြီး ပြင်ဆင်မှု မရှိဘူးဆိုရင်  ရောင်းချခွင့်မှတ်ပုံတင်ကို သိမ်းဆည်းသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ သန်းသန်းလွင်က ပြောကြားသည်။
ကမ်းနားလမ်းရှိ ညဈေးတန်းကိုလည်း ယခုလ ရက် ၂၀ ကျော်တွင် ဖွင့်လှစ်မည်ဖြစ်ရာ ယင်းနေရာတွင် ရေ၊ လျှပ်စစ်မီးရရှိရန်လည်း စီစဉ်ပေးထားပြီး နေ့စဉ် ညနေ ၃ နာရီမှ ည ၁၁ နာရီအထိ ရောင်းချခွင့်ပြုကြောင်း၊ ဈေး သည် ၁၆၀၀ ကိုသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ကမ်းနားလမ်းရှိ ညဈေးတန်းတွင် ရောင်းချမည့် ဈေးသည်များကို ကတ်ပြားကြေး တစ်နှစ်လျှင် ကျပ် ၅၀၀၊ နေ့စဉ်ကြေး အနေဖြင့် ရေ၊ သန့်ရှင်းရေးခတို့ သတ်မှတ်ထားပြီး လျှပ်စစ်မီးသုံးစွဲခကို တစ်လတစ်ကြိမ် ပေးဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနက ထုတ်ပြန်မည့် ပျံကျစားသောက်ဆိုင်များ လိုက်နာရန် စည်းကမ်းချက်များမှာ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကိုသာ ရောင်းချရမည်၊ ဆေးဆိုးထားသောဖျော်ရည်၊ ရေခဲထုပ်၊ ယိုစုံ၊ အချဉ်ရည်များ မရောင်းရ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ထောက်ခံချက် လက်မှတ်ရရှိထားသော စားသောက်ကုန်များ၊ ပစ္စည်းများကိုသာ အသုံးပြုရမည်၊ စားသောက်ရန်အတွက် ရေသန့်ဖြင့် ပြုလုပ်ထားသော ရေခဲထုပ်များကိုသာ အသုံးပြုပြီး လုပ်ငန်းသုံးရေခဲတုံးများ မသုံးရ၊ စားသောက်ဖွယ်ရာများကို ယင်မနားစေရန် စနစ်တကျ ဖုံးအုပ်ရောင်းချရမည်၊ စားသောက်ဖွယ်ရာများကို သန့်ရှင်းစွာ တည်ခင်းရောင်းချရမည်၊ ပန်းကန်ခွက်ယောက်၊ လက်သုတ်ပဝါ စသော အသုံးအဆောင် ပစ္စည်းများအားလုံး သန့်ရှင်းမှုရှိပြီး အအက်အကွဲများမရှိစေရ၊ ပန်းကန် ခွက်ယောက်ဆေးကြောရန် သန့်ရှင်းသော ရေလုံလောက်စွာရှိရမည်၊ အဖုံးပါသော အမှိုက်ပုံးကို စနစ်တကျထားရှိ သုံးစွဲရမည်၊ဈေးဆိုင်အတွင်းအပြင် ပတ်ဝန်းကျင်တွင် အမှိုက်များကို စနစ်တကျသိမ်းဆည်းရမည်၊ အစားအသောက် ရောင်းချသူသည် တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းမွန်သူဖြစ်ရမည်၊ အစားအသောက်များကို တစ်ခါသုံးအိတ်၊ ညှပ်၊ ဇွန်း၊ တူ စသည်တို့ဖြင့် စနစ်တကျ ကိုင်တွယ်ရောင်းချရမည်ဖြစ်ကြောင်း စည်းကမ်းချက်တွင် ဖော်ပြထားသည်။                 

Most Read

Most Recent