ရမည်းသင်းမြို့နယ်မှ အနိုင်ရ ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးအား ရွေးကောက်ပွဲကော်မရှင်ခုံရုံးက ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်

ရမည်းသင်းမြို့နယ်မှ အနိုင်ရ ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးအား ရွေးကောက်ပွဲကော်မရှင်ခုံရုံးက ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်
Published 18 November 2016
ကျော်မျိုး

ရမည်းသင်းမြို့နယ်မှ အနိုင်ရပြည်ခိုင် ဖြိုးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ရွေးကောက်ပွဲကော်မရှင်ခုံရုံးက ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးကိုကိုနိုင် အပါအဝင် ရမည်းသင်းမြို့နယ်မှ အနိုင်ရ ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးအား ရွေးကောက်ပွဲကော်မရှင်ခုံရုံးက ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခဲ့ပြီး ကန့်ကွက်ခဲ့သည့် NLD ပါတီမှ ကိုယ်စားလှယ်လောင်း နှစ်ဦးအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် နိုဝင်ဘာ ၁၇ ရက်က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ရမည်းသင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်နှင့် ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးကျော် မြင့်တို့မှာ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် လူမျိုးရေး၊ ဘာသာရေးအကြောင်းပြုကာ မဲဆွယ်စည်းရုံးခဲ့သည်ဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် ကန့်ကွက်ခံရစဉ်က အနိုင်ရခဲ့သော်လည်း ထပ်မံ၍ အယူခံ ကန့်ကွက်ခံရရာတွင်မူ ခုံရုံးက အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးကိုကိုနိုင်အား ကန့်ကွက်ခဲ့သော NLD ပါတီမှ ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက “ဦးကိုကိုနိုင်၊ ဦးကျော်မြင့်တို့က ဘုန်းကြီးကျောင်းတွေမှာ လူမျိုးရေး၊ ဘာသာရေး အကြောင်းပြပြီးတော့ တရားမဲ့ပြုကျင့်တဲ့ နည်းတွေနဲ့ မဲဆွယ်စည်းရုံးရေးတွေ လုပ်တယ်။ မဘသ ဆရာတော်တွေကလည်း ကြံ့ခိုင်ရေးကိုမဲပေးဖို့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုမဲမပေးဖို့ လူမျိုးရေး၊ ဘာသာရေးကို ဗန်းပြပြီးတော့ မဲဆွယ်စည်းရုံးတာ သိသာထင်ရှားတယ်။ ပေါ်ပေါက်တယ်ဆိုပြီးတော့ ကျွန်တော်တို့ကို အနိုင်ပေးလိုက်တာပါ” ဟု ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြောင်း အမိန့်ချမှတ်ခံရသည့် NLD ပါတီမှ ဦးထွန်းထွန်းဝင်းနှင့် ဦးအောင်မျိုးဦးတို့မှာ  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ကိုယ်ရေးအချက်အလက်များ ပေးပို့ရမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က အမိန့်ပြန်တမ်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရသည့် ဦးကိုကိုနိုင်မှာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်တော့သော်လည်း ကော်မရှင် တွင် ဆက်လက်တာဝန်ထမ်းဆောင် နေမည်ဖြစ်ပြီး မဲဆန္ဒနယ်မှ ပြည်သူများ၏ အကျိုးကိုလည်း တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
“မြို့နယ်အကျိုး၊ ပြည်သူ့အကျိုးအတွက် ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများနဲ့ ဆက်လက်ပြီး လက်တွဲပူးပေါင်းဆောင်ရွက်မှာဖြစ်လို့ ယခင်လိုပဲ တာဝန်ပေးနိုင် ပြောဆိုပေးပို့နိုင်ပါကြောင်း လေးစားစွာတင်ပြပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မဲဆန္ဒနယ်မှ ပြည်သူများအား အသိပေးတင်ပြခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးမှ နိုဝင်ဘာ ၁၇ ရက်အထိ ကန့်ကွက်လွှာအမှုပေါင်း ၃၉ မှုအား အပြီးသတ် အမိန့်ချမှတ်ပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent