စည်ပင်သာယာ လက်အောက်ရှိ သန့်ရှင်းရေးနှင့် မိလ္လာလုပ်သားများကို အသည်းရောင်အသားဝါ “ဘီ” ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီး ကာကွယ်ဆေးထိုးနှံ

စည်ပင်သာယာ လက်အောက်ရှိ သန့်ရှင်းရေးနှင့် မိလ္လာလုပ်သားများကို အသည်းရောင်အသားဝါ “ဘီ” ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီး ကာကွယ်ဆေးထိုးနှံ
စည်ပင်သာယာလက်အောက်ရှိ သန့်ရှင်းရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးနှံပေးနေစဉ် (ဓာတ်ပုံ- ကြည်နိုင်)
စည်ပင်သာယာလက်အောက်ရှိ သန့်ရှင်းရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးနှံပေးနေစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 18 November 2016
အိသဉ္ဇာကျော်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ သန့်ရှင်းရေးနှင့် မိလ္လာလုပ်သားများကို ခရိုင်အလိုက်ခွဲကာ စည်ပင်ကျန်းမာရေးဌာနနှင့် အသည်းဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး အသည်းရောင်အသားဝါ ဘီရောဂါပိုးရှိ၊ မရှိ စစ်ဆေးပြီး ကာကွယ်ဆေးများ ထိုးနှံပေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာသန်းသန်းလွင်က ပြောကြားသည်။
“အသည်းရောင်အသားဝါ ရောဂါ ရှိ၊ မရှိ စစ်ဆေးတာနဲ့ ကာကွယ်ဆေးထိုးပေးတာကို ခရိုင်အားလုံးမှာ လုပ်ဆောင်သွားမှာပါ။ လက်ရှိတော့ အနောက်ပိုင်းခရိုင်က ဝန်ထမ်းတွေကို အရင်ဆုံးလုပ်နေပြီး ကာကွယ်ဆေးကို ဆေးပတ်လည်အောင်  ဝ၊ ၁၊ ၂ ဆိုပြီး သုံးကြိမ်ထိုးပေးမှာပါ။ ခရိုင်အားလုံးက သန့်ရှင်းရေး ဝန်ထမ်းတွေ၊ ထိန်ပင်နဲ့ ထားဝယ်ချောင် အမှိုက်ပုံက သန့်ရှင်းရေး ဝန်ထမ်းတွေအပြင်  မိလ္လာဝန်ထမ်းတွေကိုပါ ကာကွယ်ဆေး ထိုးနှံ ပေးမှာပါ။ စုစုပေါင်းလူဦးရေ ၃၈၀၀ ကျော်ကို ခရိုင်အလိုက် အုပ်စုခွဲပြီး ပြုလုပ်ပေးသွားမှာပါ” ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက နောက်ဖေးလမ်းကြား အမှိုက်ရှင်းခြင်း လုပ်ဆောင်နေသည့် သန့်ရှင်းရေးဝန်ထမ်းများကို ခရိုင်အလိုက်ခွဲကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနက ပဏာမကျန်းမာရေး စစ်ဆေးမှုများနှင့် အသိပညာပေးဟောပြောခြင်းများ လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ ဘီ၊ စီ နှင့် အရက်ကြောင့်ဖြစ်သော နာတာရှည် အသည်းရောဂါ လူနာဦးရေပိုမိုများပြားလာပြီး လူဦးရေ၏ ခြောက်ရာခိုင်နှုန်းကျော်မှာ အသည်းရောင်အသားဝါ “ဘီ” ပိုး ကူးစက်ခံထားရကြောင်းနှင့် ၂၀၁၅ ခုနှစ် အတွင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသည်းရောင်အသားဝါဘီ၊ စီဖြစ်ပွားမှု အခြေအနေ လေ့လာသုတေသန ပြုလုပ်ချက်အရ လူဦးရေများပြားသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားမှုအများဆုံးတွေ့ရပြီး သုတေသနအရ အသည်းရောင်အသားဝါ ဘီ၊ စီ ယှဉ်တွဲဖြစ်ပွားနေသူများပင် ရှိကြောင်း အသည်း ဖောင်ဒေးရှင်းမှ သိရသည်။
အဆိုပါစစ်တမ်းကို ၂၀၁၅ ခုနှစ် မေလ မှ နိုဝင်ဘာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် အသက် ၁၅ နှစ်မှ အသက် ၈၀ အတွင်းရှိသူ ၅၅၄၇ ဦးကို သွေးဖောက်စစ်ဆေးပြီး အသည်းရောင်အသားဝါး ဘီ နှင့် စီ ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် လူဦးရေ၏ထက်ဝက်ကျော်မှာ အသက် ၂၀ မှ ၃၉ နှစ်အတွင်းရှိသူ များဖြစ်ပြီး ရာခိုင်နှုန်း ၇၀ ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း၊ အသည်းရောင်အသား ဝါဘီဗိုင်းရပ်စ်ပိုး တွေ့ရှိရမှုမှာ ပျမ်းမျှအားဖြင့် လူ ၁၀၀ လျှင် ခြောက်ဦးနှုန်း၊ အသည်းရောင်အသားဝါ စီဖြစ်ပွားမှုနှုန်းမှာ လူ ၁၀၀ လျှင် သုံးဦးနှုန်းနှင့် ရောဂါပိုးနှစ်မျိုးစလုံး ယှဉ်တွဲဖြစ်ပွားမှုနှုန်းမှာ လူ  ၁၀၀ လျှင် သုည ဒသမ ၀၄ ရာခိုင်နှုန်းခန့် ရှိနေကြောင်း သိရသည်။

Most Read

Most Recent