အဘိုးအိုအား ဒူးဖြင့်တိုက်ချပြီး လက်သီးဖြင့်ထိုးခဲ့သည့် ယာဉ်နောက်လိုက်အား ရန်ကုန်ရဲအက်ဖြင့် ထောင်ရှစ်ရက် ပြစ်ဒဏ်ချမှတ်ပြီး ကျန်ပုဒ်မများဖြင့် ဆက်လက်အရေးယူမည်

အဘိုးအိုအား ဒူးဖြင့်တိုက်ချပြီး လက်သီးဖြင့်ထိုးခဲ့သည့် ယာဉ်နောက်လိုက်အား ရန်ကုန်ရဲအက်ဖြင့် ထောင်ရှစ်ရက် ပြစ်ဒဏ်ချမှတ်ပြီး ကျန်ပုဒ်မများဖြင့် ဆက်လက်အရေးယူမည်
Published 17 November 2016
သီဟအောင်

ရန်ကင်းမြို့နယ် ၁၂ လုံးတန်း ကားမှတ်တိုင်အနီးတွင် အဘိုးအိုအား ဒူးဖြင့်တိုက်ချပြီး လက်သီးဖြင့်ထိုးခဲ့သည့် ယာဉ်နောက်လိုက်အား ရန်ကုန်ရဲအက်ဥပဒေဖြင့် ထောင်ဒဏ်ရှစ်ရက် ပြစ်ဒဏ်ချမှတ်ပြီး ကျန်ပုဒ်မများဖြင့် ဆက်လက် အရေးယူမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် သက်ဆိုင်ရာ ရဲစခန်းက သိရသည်။
အဆိုပါ ယာဉ်နောက်လိုက်မှာ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် ကိုမိုးမြင့်ဗိုလ်ဖြစ်ပြီး ၎င်းအား ရန်ကုန်ရဲအက် ဥပဒေ ၄၁/၁၆ ဖြင့် အမှုဖွင့်ကာ ထောင်ရှစ်ရက် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒူးဖြင့်တိုက်ပြီး လက်သီးဖြင့် အထိုးခံရသည့် အဘိုးအိုမှာ ရန်ကင်းမြို့မရဲစခန်းတွင် တရားလိုပြုလုပ် တိုင်ကြားခဲ့သဖြင့် အဆိုပါ ဘီအမ်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား (ပ)၄၀၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၃/၂၉၄/၅၀၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
“J-7647 ယာဉ်က ယာဉ်နောက်လိုက်ကို ရန်ကုန်ရဲအက်ဥပဒေနဲ့ ဖမ်းဆီးအရေးယူထားပါတယ်။ ပြီးတော့ ကျူးလွန်ခံရတဲ့သူက တရားလိုပြုလုပ်ပြီး ရန်ကင်းမြို့မရဲစခန်းကို လာရောက် တိုင်ကြားတဲ့အတွက် အဲဒီဘီအမ်ယာဉ်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ပုဒ်မသုံးခုနဲ့ ထပ်မံအမှုဖွင့်ထားပါတယ်။ ယာဉ်မောင်းကိုတော့ ခေါ်ယူစစ်ဆေးဖို့ ဆောင်ရွက်နေတယ်” ဟု ရန်ကင်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက  ဆိုသည်။
နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကင်းမြို့နယ်နေ အသက် ၆၀ ကျော်အရွယ် အဘိုးအိုသည် ၁၂ လုံးတန်း ကားမှတ်တိုင်မှ အရှေ့တစ်မှတ်တိုင်သို့ ကားစီးရန် J-7647 ဘီအမ်ယာဉ်ပေါ်သို့ တက်ခဲ့ရာ ယာဉ်စီးခ ပေးရာတွင် အဘိုးအိုက တစ်မှတ်တိုင်တည်း စီးသည့်အတွက် ကျပ် ၁၀၀ ပေးသည်ကို ယာဉ်နောက်လိုက်က ကျပ် ၂၀၀ တောင်းခဲ့ကြောင်း သိရသည်။                         
ယင်းသို့တောင်းသဖြင့် အဘိုးအိုနှင့် ယာဉ်နောက်လိုက်တို့ စကားများခဲ့ပြီး အဘိုးအိုမှာ ယာဉ်ပေါ်မှ ပြန်ဆင်းရန် ပြင်နေစဉ် ယာဉ်နောက်လိုက်က အဘိုးအိုအား ဒူးဖြင့်တိုက်ချခဲ့သည်။ ပြုတ်ကျသွားပြီးနောက် အဘိုးအိုအား ယာဉ်နောက်လိုက်က လက်သီးဖြင့် မျက်နှာအား ထိုးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အဘိုးအိုအား လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့သည့် အမျိုးသားက ၎င်း၏ Facebook စာမျက်နှာဖြစ်သည့် Zwe Htet တွင် ယာဉ်အမှတ်မှာ J-7646 ဟု ရေးသားထားသော်လည်း အမှန်တကယ် ကျုးလွန်ခဲ့သည့် ယာဉ်နောက်လိုက်မှာ J-7647 ယာဉ်မှ ယာဉ်နောက်လိုက်ဖြစ်ကြောင်း ရန်ကင်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။     
 

Most Read

Most Recent