မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် အမေရိကန်ဒေါ်လာ ၅၆၅ သန်း ရင်းနှီးမြှုပ်နှံမည့် သဘာဝဓာတ်ငွေ့ လောင်စာသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း တည်ဆောက်သွားမည်

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် အမေရိကန်ဒေါ်လာ ၅၆၅ သန်း ရင်းနှီးမြှုပ်နှံမည့် သဘာဝဓာတ်ငွေ့ လောင်စာသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း တည်ဆောက်သွားမည်
ကတန်ကျွန်းကိုတွေ့ရစဉ်
ကတန်ကျွန်းကိုတွေ့ရစဉ်
Published 17 November 2016
ဇော်မိုးဦး (မြိတ်)

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ လင်မလိုရွာကြီး အနီးတွင် မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်နှင့် ကိုရီးယားနိုင်ငံမှ KMPI တို့ ပူးပေါင်းကာ အမေရိကန်ဒေါ်လာ ၅၆၅ သန်း ရင်းနှီးမြှုပ်နှံမည့် သဘာဝဓာတ်ငွေ့ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကပကျေးရွာအုပ်စု အတွင်းရှိ လင်မလိုရွာအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဓာတ်အားပေး စက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ သက်ဆိုင်သူများနှင့် တွေ့ဆုံပွဲ Stateholder Meeting ကို ကျွန်းစုမြို့နယ်၊ ကျွန်းရတနာခန်းမတွင် ကျင်းပခဲ့ပြီး အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများ၊ ဌာနဆိုင်ရာများ၊ ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
“အားလုံးအမေရိကန်ဒေါ်လာ ၅၆၅ သန်း ရင်းနှီးမြှုပ်နှံပါ့မယ်။ မြိတ်ခရိုင်အတွင်းမှာ ပထမအဆင့် ဖြန့်ဖြူးပါ့မယ်။ တကယ်လို့ မဟာဓာတ်အားလိုင်းက ၂၀၂၀ အထိ မရောက်လာသေးဘူးဆိုရင် ထားဝယ်ခရိုင်နဲ့ ကော့သောင်း ခရိုင်အထိ လျှပ်စစ်ဖြန့်ဖြူးသွားပါ့မယ်။ ဒီ Stateholder Meeting မတိုင်မီမှာ ကျွန်တော်တို့ ကျေးရွာအလိုက် Meeting လေးတွေလုပ်ပါတယ်။ ဒေသခံတွေအနေနဲ့ လျှပ်စစ်ရရှိမယ်ဆိုတော့ အားလုံးက ရာနှုန်းပြည့် ထောက်ခံကြပါတယ်။ ပထမအနေနဲ့ ၁၅၀ မီဂါဝပ်ကို လိုင်းသုံးခုခွဲပြီး ဖြန့်ဖြူးပါ့မယ်။ (ကတန်ကျွန်းကြီး) ကျွန်းစုမြို့နယ်ကို ၅၀ မဂ္ဂါဝပ်၊ ပထော်ကျေးရွာကို ၃၀ မဂ္ဂါဝပ်၊ မြိတ်ကို ၇၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်” လို့ မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်၏ ဒါရိုက်တာ အတွင်းရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။
စီမံကိန်းမှာ ဓာတ်ငွေ့ရည်သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း (Combined Cycle Power Plant) ဟုခေါ်တွင်ပြီး ဓာတ်ငွေ့ရည်များကို အမေရိကန်နိုင်ငံမှ သယ်ယူလာမည်ဖြစ်ကြောင်း သိရသည်။ လျှပ်စစ်ထုတ်ယူရာတွင် ဓာတ်ငွေ့ရည် သိုလှောင်ကန်မှ သဘာဝဓာတ်ငွေ့ဖြင့် တာဘိုင်လည်ကာ လျှပ်စစ်ထုတ်ယူခြင်း၊ အပူပေး၍ ရေငွေ့တာဘိုင် လည်စေကာ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း၊ လျှပ်စစ်ဓာတ်အားကို ဓာတ်အားလိုင်းဖြင့် ပေးပို့ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဓာတ်အားလိုင်းဆွဲမယ့် ဧရိယာအလိုက် ချိတ်ဆက်သွားပါ့မယ်။ ဓာတ်အားလိုင်းကို ကောင်းကင်လိုင်းနဲ့ ရေအောက်လိုင်းမှာ ပညာရှင်တွေက ကောင်းကင်လိုင်းက သင့်တော်မယ်ဆိုရင် ငွေကြေးရင်းနှီးမြှုပ်နှံမှုကို တွက်ချက်ပြီး ပင်လယ်ရေမျက်နှာပြင် ဒီရေအတက်ဆုံးချိန်ရဲ့ အမြင့် ၁၀၀ မီတာ (ပေ ၃၀၀) အမြင့်ကနေ သွယ်တန်းသွားပါ့မယ်” ဟု ဦးမျိုးအောင်က ဆိုသည်။
လျှပ်စစ်ဓာတ်အားကို မြိတ်မြို့သို့ သွယ်တန်းရာတွင် ပင်လယ်ပြင်ကို ဖြတ်သန်းပြီး သွယ်တန်းမည်ဖြစ်ရာ လက်ရှိအနေအထားတွင် ကတန်ကျွန်း၊ ပသုတ်ကျွန်း၊ ကုလားကျွန်းများကို ဖြတ်သန်းကာ ပထော်ကျွန်းမှတစ်ဆင့် မြိတ်မြို့သို့ သွယ်တန်းသွားရန် လျာထားကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် တစ်ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့်ပေးရန် စီစဉ်ထားပြီး အဆိုပါနှုန်းထားအတိုင်း နှစ် ၃၀ မ ပြောင်းလဲဘဲ ပေးသွားရန် အာမခံမည်ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောကြားသည်။ ဒေသခံများ အနေဖြင့်လည်း ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူရန် လုံးဝမလိုလားဘဲ ဓာတ်ငွေ့ဖြင့် လျှပ်စစ်ဖြန့်ဖြူပေးမည် ဆိုပါက ကြိုဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီစီမံကိန်းနှင့် ပတ်သက်ပြီး ကျွန်တော် ပြောရမယ်ဆိုရင် ကျွန်တော်တို့ဒေသမှာ လျှပ်စစ်က လိုအပ်နေပါတယ်။ လျှပ်စစ်လိုအပ်နေပေမယ့် ကျောက်မီးသွေးနဲ့ပေးမယ့် လျှပ်စစ်တွေကိုလည်း ကျွန်တော်တို့ ကန့်ကွက်ခဲ့ဖူးပါတယ်။ လျှပ်စစ်လာထုတ်တယ် ဆိုတာကလည်း ကျွန်တော်တို့ ဒေသအတွက်က နည်းနည်း နိုင်ငံခြားအတွက်က များများဆိုပြီး လုပ်ကြပြီးတော့ ဒီဒေသမှာ တလင်းပြင်လို ကျန်ခဲ့မှာလည်း စိုးရိမ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ လက်ရှိသူတို့ ပြောတဲ့အတိုင်း ကတိကဝတ်လည်း တည်မယ်၊ ကျွန်တော်တို့ကလည်း လိုအပ်နေတဲ့အတွက် ကြိုဆိုပါတယ်” ဟု ကျွန်းစုမြို့နယ်၊ ထိန်ချောင်းရွာသား တစ်ဦးဖြစ်သူ မြိတ်ခရိုင် ၈၈ မျိုးဆက်၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် တာဝန်ခံဖြစ်သူ ဦးပိုအင်က ပြောကြားသည်။
စီမံကိန်း ဆောင်ရွက်သော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်လာမည်မှာ အနည်းအများ ကြုံတွေ့နိုင်သလို ကျွန်းစုဒေသခံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရန် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး လုပ်ဆောင်ရန်နှင့် ကတန်ကျွန်းဘုရင်ကြီး၏ နာမည်ကြီး ဖိုးသံလျက် နေရာကို ချန်လှပ်ထားခဲ့ပေးရန် ဦးပိုအင်က မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကြီးမှာ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ရန် လျာထားပြီး စီမံကိန်း တည်ဆောက်မည့် ကာလမှာ လေးနှစ်ခွဲ ကြာမြင့်မည်ဖြစ်ကာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် စတင်လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အား ဈေးနှုန်းကြီးမြင့်သည့် မြိတ်ခရိုင်တွင် လျှပ်စစ်လိုအပ်ချက်မှာလည်း များစွာရှိကာ ဒေသခံများအနေဖြင့် ကျောက်မီးသွေး မဟုတ်သည့် လျှပ်စစ်ထုတ်ယူမှုများကိုသာ လက်ခံမည် ဖြစ်ကြောင်း သိရသည်။                               

Most Read

Most Recent