မြောက်ဒဂုံမြို့နယ်တွင် အိမ်အကူ မိန်းကလေးအား ဆေးရုံတက် ကုသရသည်အထိ ရိုက်နှိက်မှုကြောင့် အိမ်ရှင်မိသားစုဝင် လေးဦးအား အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်မှ ခုနစ်နှစ်အထိ ပြစ်ဒဏ်အသီးသီး ကျခံစေရန် အမိန့်ချ

မြောက်ဒဂုံမြို့နယ်တွင် အိမ်အကူ မိန်းကလေးအား ဆေးရုံတက် ကုသရသည်အထိ ရိုက်နှိက်မှုကြောင့် အိမ်ရှင်မိသားစုဝင် လေးဦးအား အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်မှ ခုနစ်နှစ်အထိ ပြစ်ဒဏ်အသီးသီး ကျခံစေရန် အမိန့်ချ
Published 17 November 2016
ဝေလင်းအောင်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြောက်မြို့နယ်တွင် ဖြစ်ပွားခဲ့သော အိမ်အကူ မိန်းကလေးအား ဆေးရုံတက် ကုသရသည်အထိ ရိုက်ခဲ့သည်ဟုဆိုကာ တရားစွဲခံထားရသည့် အိမ်ရှင်မိသားစုဝင် လေးဦးအား အောက်တို ဘာ ၁၇ ရက်တွင် ဒဂုံမြောက်မြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။
ဒဂုံမြောက်မြို့နယ် တရားရုံးက အမှုနှင့်ပတ်သက်၍ အိမ်ရှင် မိသားစုဝင်များမှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ဒေါ်အေးအေးဝင်းအား ပုဒ်မ ၃၀၇ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်၊ ဟယ်လင် (ခ) ခင်သန္တာဦးအား ပုဒ်မ ၃၂၃ အရ အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်၊ အေးကျော်ဝင်းနှင့် မျိုးဇော်ထက် (ခ) ငစားတို့အား ပုဒ်မ ၃၂၅ အရ အလုပ်နှင့် ထောင်ဒဏ်ငါးနှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ထို့ပြင် ၎င်းတို့လေးဦးအား ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးမှူးက ကလေးသူငယ် ကာကွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ကလည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၂၃ ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။
၂၀၁၃ ခုနှစ်အတွင်းက ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၁ တိုးချဲ့ရပ်ကွက်နေ ဒေါ်အေးအေးဝင်းမှာ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် လေးထောင့်ကန် ကျေးရွာနေ အသက် ၁၆ နှစ်အရွယ်ရှိ မ....အား မွေးစားမည်ဟု ၎င်း၏ ဖခင်ဖြစ်သူအား ယုံကြည်အောင် ပြောဆို၍ ခေါ်ဆောင်သွားခဲ့ကြောင်း၊ မ....မှာ နေအိမ်သို့ ရောက်ရှိချိန်မှစ၍ အိမ်အလုပ်များကို အိမ်အကူကဲ့သို့ လုပ်ကိုင်ပေးရကြောင်း၊ အလုပ်စေခိုင်းရာ အဆင်မပြေသည့် အခါတိုင်း ပြစ်ဒဏ်ချမှတ်ခံရသည့် မိသားစုဝင်များက နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
ထို့ကြောင့် မိန်းကလေးငယ်မှာ အဆိုပါ နေအိမ်မှ ထွက်ပြေးကာ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများထံ အကူအညီ တောင်းခံ၍ ဆေးရုံတွင် ကုသခဲ့ရကြောင်း ရဲမှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။ 
 

Most Read

Most Recent