တပ်မတော်နှင့် RCSS တို့အကြား ထိတွေ့မှုများဖြစ်နေခြင်းမှာ အောက်ခြေအဆင့် ရုံးအဖွဲ့များ မဖွဲ့နိုင်သေးခြင်းကြောင့်သာဖြစ်ဟု JMC-U ဒုတိယဥက္ကဋ္ဌ ပြောကြား

တပ်မတော်နှင့် RCSS တို့အကြား ထိတွေ့မှုများဖြစ်နေခြင်းမှာ အောက်ခြေအဆင့် ရုံးအဖွဲ့များ မဖွဲ့နိုင်သေးခြင်းကြောင့်သာဖြစ်ဟု JMC-U ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 17 November 2016
ဇာလီမြင့်ဦး

တပ်မတော်နှင့် RCSS တို့အကြား ထိတွေ့မှုများဖြစ်နေခြင်းမှာ အောက်ခြေအဆင့် ရုံးအဖွဲ့များ မဖွဲ့နိုင်သေးခြင်းကြောင့်သာ ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သည့်  ကရင်အမျိုးသား အစည်းအရုံးမှ ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ ရှစ်ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သုံးရက်ကြာ ပြုလုပ်မည့် အဆိုပါအစည်းအဝေး၏ ပထမနေ့ဆွေးနွေးမှုများအပြီးတွင် ဗိုလ်ချုပ်စောအိုက်ဇက်ဖိုးက မီဒီယာများကို ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက “တပ်မတော်နဲ့ RCSS ကိစ္စကတော့ မပြောသေးဘူး။ မနက်ဖြန်မှပဲ ပြောမှာပေါ့။ အဲဒီအပိုင်းကတော့ ဒါကတော့ဖြစ်တတ်တာပဲလေ။ ဖြစ်တတ်တာပဲဆိုတော့ ကျွန်တော်တို့ ဒီတိုင်း အဆင့်ပဲဖြစ်ဖြစ်၊ အောက်ခြေအဆင့်တွေက အကုန်လုံး အပြည့်အစုံ ဖွဲ့စည်းလို့ မရသေးတဲ့ အချိန်မှာ ဒီလိုတော့ပြဿနာကတော့ ရှိမှာပေါ့နော်။ ဒါအတွက်လည်း နောက်ပိုင်း ဒါတွေကို ဆက်တိုက် ဖွဲ့စည်းသွားနိုင်ဖို့လည်း ကြိုးစားနေတာပေါ့နော်။ ဖြစ်လာတဲ့ဟာတွေကလည်း ဒီစိစစ်အတည်ပြုရေးအဖွဲ့လည်း သွားပြီး လုပ်ထားတယ်။ လုပ်ထားတဲ့အနေ အထားပေါ်မှာတော့ ဒါပြန်ပြီး သုံးသပ်ပြီးတော့ လောလောဆယ်ပြဿနာကတော့ အတိုင်းအတာတစ်ခုအနေနဲ့တော့ ပြေပြေလည်လည် ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ ဒီဥစ္စာကိုတော့ နောက်ထပ်သူတို့ အစီရင်ခံစာကို ကြည့်ပြီးတော့မှ ဘယ်လိုဖြစ်သင့်တယ်ပေါ့။ နောက်လာမယ့်ဟာတွေ ၊ နောက်ပိုင်း ထပ်မဖြစ်အောင်ပေါ့” ဟု ပြောကြားသည်။ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် အပစ်ရပ်လက်မှတ် ထိုးထားသော RCSS/SSA  နှင့် တပ်မတော်တို့ကြား အောက်တိုဘာလအတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး JMC-U  ၏ စစ်ဆေးရေးအဖွဲ့က တိုက်ပွဲဖြစ်ပွားမှု အကြောင်းရင်းကို ဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် အောက်တိုဘာ ၃၀ ရက်မှ စတင်ကာ ဖြစ်စဉ်ဖြစ်ပွားရာ ဒေသနှင့် ဆက်စပ်နေရာများကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။“ဖြေရှင်းနိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစိစစ်တယ်ဆိုတာက စိစစ်ရေးအဖွဲ့က သွားတဲ့အခါကျတော့ နှစ်ဖက်က ပါလာတာပေါ့နော်။ ဒီ EAOs ဘက်ကလဲ ပါတယ်။ ဒီ တပ်ဘက်ကလည်း ပါတယ်။ အရပ်သားကလည်း ပါသွားတဲ့ အတွက်ကြောင့်မို့လို့ ဒီသုံးဖွဲ့နေပြီးတော့ လက်မှတ်ထိုးမှ တင်လို့ရတယ်လေဆိုတော့ အတိုင်းအတာတစ်ခုအနေနဲ့ ဒါကျင်ကျင်လည်လည်ပေါ့။ ဒီသုံးဖွဲ့လုံးကလည်း ကျင်ကျင်လည်လည်ရှိတယ်။ ရှိတဲ့အပေါ်မှာပဲ တင်မယ်ဆိုတော့ ပြဿနာမရှိပါဘူးပေါ့” ဟု ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက ဆက်လက်ပြောကြားသည်။အဆိုပါတပ်မတော်နှင့် RCSS/SSA တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) က ဖွဲ့စည်းသည့် စိစစ် အတည်ပြုရေး အဖွဲ့၏ အစီရင်ခံစာကို ယနေ့ ပြုလုပ်မည့် JMC-U အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။JMC-U ဥက္ကဋ္ဌ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင် "အတတ် နိုင်ဆုံး ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိအောင် ကျွန်တော်တို့ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ ဒီကာလအတွင်းမှာပဲ RCSS နဲ့ ကျွန်တော်တို့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ခဲ့တာတွေ ရှိပါတယ်။ သို့သော်လည်း ဒီတိုက်ပွဲဖြစ်တာနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော်တို့စိစစ် အတည်ပြုရေးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ ပထမဆုံးအကြိမ် စိစစ် အတည်ပြုရေးအဖွဲ့တွေ စေလွှတ်ခဲ့တယ်။ အဲဒီတော့ ဒီစိစစ် အတည်ပြုရေးအဖွဲ့တွေကလည်း ဘယ်သူက မှန်တယ်၊ ဘယ်သူက စသည်ဖြင့် နောင်မဖြစ်အောင် ကျွန်တော်တို့ထိတွေ့ ပစ်ခတ်မှုတွေ လျှော့ချနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တဲ့ စိစစ်အတည်ပြုရေးအဖွဲ့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။အစည်းအဝေး ပထမနေ့တွင်  JMC-U ဥက္ကဋ္ဌတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၁) ကရင်အမျိုးသားအစည်းအရုံးမှ ဗိုလ်ချုပ် စောအိုင်ဇက်ဖိုးနှင့် ဒုတိယဥက္ကဋ္ဌ (၂) ဦးကိုကိုကြီးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေး ပထမနေ့တွင် JMC-U အလုပ်အဖွဲ့၏ ဆောင်ရွက်ချက်များကို ဆွေးနွေးမှုသာရှိကြောင်း သိရသည်။နိုဝင်ဘာ ၁၈ ရက် ပြုလုပ်မည့် အစည်းအဝေး ဒုတိယနေ့တွင် တပ်မတော်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲကိစ္စရပ်များ၊ ကုလသမဂ္ဂမှ ပေးအပ်ထားသည့် ရန်ပုံငွေကိစ္စနှင့် ဒေသအဆင့် စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းရေးတို့ကို ဆက်လက်ဆွေးနွေး ညှိနှိုင်းမည်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ(၁) ကရင်အမျိုးသားအစည်းအရုံးမှ ဗိုလ်ချုပ် စောအိုင်ဇက်ဖိုးက ပြောကြားသည်။အဆိုပါ JMC-U အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-S) ကိုယ်စားလှယ်များလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။                               

Most Read

Most Recent