မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွှတ်မြို့ရှိ ဆရာ၊ ဆရာမ အဆောင်တစ်လုံး မီးရှို့ခံရ

မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွှတ်မြို့ရှိ ဆရာ၊ ဆရာမ အဆောင်တစ်လုံး မီးရှို့ခံရ
Published 17 November 2016
သားရွှေဦး (ကစ္ဆပ)

မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွှတ်မြို့ရှိ ဆရာဆရာမ အဆောင်တစ်လုံး နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ထပ်မံမီးရှို့ခံခဲ့ရကြောင်း သတင်းရရှိသည်။မောင်တောမြို့နယ် တောင်ပိုင်းကို တာဝန်ယူထားသည့် လက်ထောက်မြို့နယ် ပညာရေးမှူး ဦးမြင့်စိုးက “ဒီကနေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်ကတည်းကစပြီး မြင်းလွှတ်မြို့ နယ်ခြားစောင့်ရဲ နယ်မြေရုံး အနားက ဆရာ၊ ဆရာမ အဆောင် တစ်လုံး ထပ်မီးလောင်တယ်။ အဲဒီမှာ ဂေါ်ရခါလီ၊ သပြေတော၊ ဥဒေါင်းဆိုပြီး ဆရာမတွေ အဆောင်ကို စုပြီး ဆောက်ထားကြတယ်။ အခုလောင်တဲ့ အဆောင်က ဂေါ်ရခါလီရွာမှာ တာဝန်ကျနေတဲ့ ဆရာ ဆရာမတွေ အတွက် ဆောက်ထားတဲ့ အဆောင်ဖြစ်တယ်။ အရင် လောင်တဲ့အဆောင်က သပြေတောမှာ တာဝန်ကျတဲ့ ဆရာ ဆရာမ အဆောင်ဖြစ်တယ်။ မီးလောင်တာတော့ သေချာတယ်” ဟု ည ၈ နာရီခွဲအချိန်တွင် ပြောသည်။မီးလောင်ကျွမ်းသွားသည့် အဆောင်မှာ သက်ကယ်မိုး ဝါးထရံကာ အလျား ၃၅ ပေ၊ အနံ ၁၅ ပေရှိ အဆောင် ဖြစ်ကြောင်းလည်း သိရသည်။နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းခဲ့သော ၉/၁၀ အကြမ်းဖက်မှု လေ့လာစုံစမ်းရေး ကော်မတီမှ မောင်တောမြောက်ပိုင်းသို့ ကွင်းဆင်းခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ်မြို့ အပါအဝင် ကျေးရွာများသို့ ကွင်းဆင်းရန် ရှိနေကြောင်းလည်း သိရသည်။နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ကလည်း မြင်းလွှတ်မြို့ပေါ်ရှိ ဆရာ၊ ဆရာမ နေသည့် အဆောင်နှစ်ခု စတင်ကာ မီးရှို့ခံခဲ့ရကာ သက်ငယ်မိုး ဝါးထရံကာ အဆောင်ရှိ လေးခန်းတွဲ အဆောင်တွင် နှစ်ခန်းနှင့် နှစ်ခန်းတွဲ တစ်ဆောင်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ယခင်က ဆရာမများ နေခဲ့သည့် အဆောင်ဖြစ်ကြောင်းနှင့် လက်ရှိတွင် မြင်းလွှတ်မြို့တွင် ကျောင်းများပိတ်ထားဆဲ ဖြစ်သဖြင့် ဆရာ ဆရာမများ ရှိမနေကြောင်းလည်း သိရသည်။အဆိုပါ မြင်းလွှတ် အလယ်တန်းကျောင်းတွင် အလယ်တန်းပြဆရာ နှစ်ဦး၊ မူလတန်းပြ ၅ ဦး၊ စာရေးတစ်ဦး၊ ဆရာကြီးတစ်ဦး တာဝန်ကျနေပြီး စုစုပေါင်း ကျောင်းသား ၁၀၅၁ ဦး ရှိကြောင်းလည်း သိရသည်။မြင်းလွှတ်မြို့တွင် တိုင်းရင်းသား နေထိုင်မှု မရှိဘဲ ဘင်္ဂါလီသီးသန့် နေထိုင်သောမြို့ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှ မြို့အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၉ ရက်နေ့ အကြမ်းဖက်မှု ဖြစ်စဉ်ပြီးနောက် အထွေထွေ အုပ်ချုပ်ရေးရုံးမှာလည်း ပိတ်ထားရပြီး မြင်းလွှတ်မြို့တွင် ဌာနဆိုင်ရာရုံး၊ ကျောင်း၊ ဆေးပေးခန်းများလည်း ပိတ်ထားရကြောင်း သိရသည်။ 

Most Read

Most Recent