ကချင်ပြည်နယ်တွင် တရုတ်တစ်ရှူး ငှက်ပျောစိုက်ရန် ကျေးရွာများ၌ မြေဧကထောင်ချီ ဝယ်ယူမှုများ ရှိနေသဖြင့် ရေရှည်အတွက် ဒေသခံများ စိုးရိမ်နေ

ကချင်ပြည်နယ်တွင် တရုတ်တစ်ရှူး ငှက်ပျောစိုက်ရန် ကျေးရွာများ၌ မြေဧကထောင်ချီ ဝယ်ယူမှုများ ရှိနေသဖြင့် ရေရှည်အတွက် ဒေသခံများ စိုးရိမ်နေ
Published 17 November 2016
ထွန်းလင်းအောင်

ကချင်ပြည်နယ်တွင် ကျေးရွာဝန်းကျင်မှ မြေဧကထောင်နှင့်ချီ ဝယ်ယူပြီး တရုတ်တစ်ရှူးငှက်ပျော စိုက်ပျိုးမှုများ ရှိနေခြင်းကြောင့် ရေရှည်အတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။
ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျော စိုက်ခင်းများကို မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ ဗန်းမော်၊ ရွှေကူမြို့နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပြီး စာရင်းအသေးစိတ် ပြုလုပ်နိုင်သေးခြင်း မရှိကြောင်း၊ ဆက်လက်တိုးချဲ့ စိုက်ပျိုးမှုများ ရှိနေကြောင်း သိရသည်။
ကချင်ပြည်နယ် ဧရာဝတီမြစ်ရိုး ကျေးရွာများတွင် ယင်းတစ်ရှူးငှက်ပျော စိုက်ခင်းများအတွက် မြေဧကထောင်ချီ ဝယ်ယူမှုများ ရှိနေပြီး ကျေးရွာစားကျက်မြေများ၊ သစ်တောမြေများ၊ မြေလွတ်မြေရိုင်းများ ရောင်းချနေမှု ဖြစ်နေသဖြင့် စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးသော ကျေးရွာများ ရေရှည်အတွက် စိုးရိမ်မှုများ ဖြစ်နေကြောင်း ပြောကြားသည်။
မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသ ခေါင်ဖူးရွာသစ်ကျေးရွာမှ တောင်သူဦးဝင်းက “ကျွန်တော်တို့ရွာမှာ နောင်ဆိုရင် ထင်းကိုရှားတော့မှာ။ တောရိုင်း၊ တောကြမ်းတွေ အားလုံးရောင်းကုန်ကြပြီ။ တရုတ်က ငှက်ပျောစိုက်မယ်လို့ ပြောနေကြတယ်။ မြေယာပြဿနာလည်း ရှင်းလို့မကုန်ဘူး ဖြစ်နေတာ။ ကျေးရွာပိုင် မြေလည်းပျောက်၊ ဘုန်းကြီးတွေ ထိန်းသိမ်းတဲ့ မြေလည်းပျောက်၊ စားကျက်မြေလည်း ပျောက်ကုန်ပြီ။ ဒီလိုဆိုရင် ကျွန်တော်တို့ မြေးတွေလက်ထက် ဘာသွားလုပ်စားကြမလဲ။ အငှားဆိုရင် နောင်ပြန်ရဦးမယ်။ အခုက ဧကရာထောင်ချီပြီး ရောင်းစားကြတာ။ နောက်ကျရင် ဘာဖြစ်ကြဦးမယ် မပြောတတ်ဘူး” ဟု ပြောကြားသည်။
ရွာသစ်ကျေးရွာအုပ်စု ဦးလောက်ကျေးရွာမှ ဦးအောင်ထက်ဦးက “တစ်ရွာလုံးလည်း မြေတွေရောင်းနေကြတာ ပြောင်သွားပြီ။ မြေပိုင်တာ လေးငါးဦးပဲ ကျန်မယ်။ အရင်ကတော့ ဧရာဝတီမြစ်ထဲက ရွှေအားကိုးလို့ရတယ်။ အခုက ရွှေလည်းသိပ်မထွက်ဘူး။ ရွာသားတွေက နေ့စားနဲ့ ဈေးရောင်းတာရှိတယ်။ နောင်နှစ်ဆိုရင် ထင်းတောင် ဝယ်သုံးရတော့မှာ။ ရွာသားတွေက ဆင်းရဲတာများတော့ မြေယာကိုလည်း ငွေထည့်ပြီး မလုပ်နိုင်ကြဘူး။ တစ်ဧက ရှစ်သိန်းဈေးတော့ ပေါက်တယ်။ ရောင်းတာရော၊ ငှားကြတာရောရှိတယ်။ ရောင်းတာကို ငှားတဲ့စနစ်နဲ့ လူကြီးတွေက ကန့်သတ်နိုင်ရင် ကောင်းမှာပေါ့” ဟု ပြောကြားသည်။
တစ်ရှူးငှက်ပျော လုပ်ငန်းကို တရုတ်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက လာရောက် စိုက်ပျိုးနေကြခြင်းဖြစ်ပြီး ဧကပေါင်းထောင်ချီ၍ စာရင်းပျောက်နေကြောင်း ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ပြောကြားသည်။
၎င်းက “အခုစာရင်းကောက်နိုင်တာ ဝိုင်းမော်တစ်မြို့နယ် တည်းမှာပဲရှိတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့က ၂၀၁၆ ခုနှစ် သြဂုတ်အတွင်း ဝိုင်းမော်မြို့နယ် တစ်ခုတည်းတွင် ကုမ္ပဏီ ၁၃ ခုမှ စိုက်ဧကပေါင်း ၁၆၆၈၂ ဒသမ ၁၄ ဧက စိုက်ပျိုးနေတယ်လို့ သိရတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ဗန်းမော်၊ မံစီ၊ မိုးမောက် မြို့နယ်တွေမှာ စိုက်နေကြတယ်။ ခန့်မှန်းသတင်းအရတော့ ဧကထောင်ကျော်တွေပါ။ ကျွန်တော်တို့လည်း အောက်ခြေကို စာရင်းကောက်ခိုင်းတော့ တချို့နေရာတွေက နယ်မြေအခြေအနေကြောင့် စာရင်းမကောက်နိုင်ဘူးဆိုတော့ ဘာမှလုပ်မရသေးဘူး။ အခွန်အခလည်းမရဘူး။ အရင်အစိုးရကလည်း ဒါကိုစနစ်တကျ မပြုနိုင်ခဲ့ဘူး။ ပြည်ထောင်စုရဲ့ လုပ်ပိုင်ခွင့်ဆိုတော့ ပြည်ထောင်စုကို တင်ပြဆဲပါ။ ဥပဒေရှိတယ်။ နည်းဥပဒေရှိတယ်။ ညွှန်ကြားချက် မထွက်တော့ ဘာမှလုပ်မရဘူး။ ရပ်ကျေးအဆင့် တွေမှာလည်း မြေယာပြဿနာနဲ့ ပတ်သက်ပြီး ရှင်းလို့မပြီးနိုင် ဖြစ်နေတယ်။ အခုက အိမ်ရှင်နှင့် သူခိုး ပေါင်းသလိုဖြစ်ပြီး လုပ်နေတော့ ကျွန်တော်တို့က ဆွဲထုတ်လို့ကို မရအောင် ဖြစ်နေတာ။ တရုတ်နိုင်ငံ ဘက်ကလည်း အကျိုးတူပဲဖြစ်ဖြစ်၊ ငှားရမ်းပြီးတော့ဖြစ်ဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးတွေ တရားဝင် ကမ်းလှမ်းလာပေမယ့် အောက်ခြေပြဿနာကို ရှင်းလို့မပြီးနိုင်သေးဘူး” ဟု ပြောကြားသည်။
ကချင်ပြည်နယ် တစ်ခုလုံးအတွက် ၂၀၁၆ ခုနှစ် သြဂုတ် ၁၆ ရက် စာရင်းအရ ကချင်ပြည်နယ်တွင် ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့နယ်များကိုသာ စာရင်းကောက်ယူ ထားနိုင်ခြင်းဖြစ်ပြီး ကောက်ယူထားသော စာရင်းအရ ကုမ္ပဏီပေါင်း ၁၃ ခုရှိပြီး ဧကပေါင်း ၃၄၃၀၉ ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ထုတ်ပြန်သော မြေလွတ်၊ မြေရိုင်းစီမံခန့်ခွဲရေး နည်းဥပဒေအရ နှစ်ရှည်သီးနံှ စိုက်ပျိုးမြေဖြစ်ပါက တစ်နှစ်လျှင် တစ်ဧက ကျပ်  ၃၀၀၀၊ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမြေ ဖြစ်ပါက တစ်နှစ်လျှင် ကျပ် ၂၀၀၀ အခွန် ရှိပြီး ငှက်ပျောစိုက်ဧကများနှင့် ပတ်သက်၍ ကောက်ခံရရှိမှု မရှိသေးကြောင်း သိရသည်။
ယင်းငှက်ပျော စိုက်ခင်းများတွင် တရုတ်နိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များ လာရောက် လုပ်ကိုင်မှုများရှိနေပြီး လဝကစာရင်းအရ အဝါရောင်ကတ်ဖြင့် ခွင့်ပြုထားသူ ၅၈ ဦး၊ အစိမ်းရောင် (အလုပ်သမားကတ်) ဖြင့် ခွင့်ပြုထားသူ ၂၅၀ ဝန်းကျင်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် စိုက်ပျိုးမြေဧက ခုနစ်သိန်းခြောက်သောင်းကျော်ရှိပြီး အများဆုံးမှာ လယ်စိုက်ဧကဖြစ်ကာ စိုက်ဧက သုံးသိန်းရှစ်သောင်းကျော်၊ ယာစိုက်ဧက နှစ်သိန်းကျော်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်မှ ထွက်ရှိသော ငှက်ပျောများကို တရုတ်နိုင်ငံမှ ကားကြီးများဖြင့် တိုက်ရိုက်တင်သွင်းမှုကို ကချင်ပြည်နယ် အစိုးရအဖွဲ့က၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်း ကတည်းက ကက်ဘိနက် အစည်းအဝေးတွင် ကန့်ကွက်ခဲ့ကြောင်း သိရပြီး ငှက်ပျောကုန်တင်ကားများ မြန်မာနိုင်ငံအတွင်း တိုက်ရိုက်မဝင်ရောက်ရန် တင်ပြမှုများ ရှိခဲ့သည်။
                                      

Most Read

Most Recent