ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးသည့် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲတွင် ဖတ်ကြားရန် ပေးပို့ထားသော စာတမ်းအချို့ ဖတ်ကြားခွင့် မရခြင်းအပေါ် စာတမ်းရှင်များ ဝေဖန်

ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးသည့် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲတွင် ဖတ်ကြားရန် ပေးပို့ထားသော စာတမ်းအချို့ ဖတ်ကြားခွင့် မရခြင်းအပေါ် စာတမ်းရှင်များ ဝေဖန်
Published 17 November 2016
ကျော်ဇင်ဝင်း

ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးသည့် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲတွင် ဖတ်ကြားရန်ပေးပို့ထားသည့် စာတမ်းအချို့ ဖတ်ကြားခွင့်မရသဖြင့် စာတမ်းရှင်များက ဝေဖန်ပြောကြားသည်။
 
အဆိုပါ  “ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေ စာတမ်း ဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ် ဈေးရောင်းပွဲတော်” ကို ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
 
ထိုသို့ စာတမ်း ဆိုင်းငံ့ခံရသူများထံသို့ နိုဝင်ဘာ ၁၅ ရက်က ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်း ဖတ်ပွဲဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး လက်မှတ်ရေးထိုး၍ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက စာတမ်း ဆိုင်းငံ့သည့် အကြောင်းကြားစာများ အသီးသီး ပေးပို့ခဲ့သည်။
 
စာတမ်း ဆိုင်းငံ့ခံရသူထဲတွင် တစ်ဦးပါဝင်သည့် မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေနှင့် စာရေးဆရာတစ်ဦးဖြစ်သူ ဦးသိန်းသန်းဦးထံသို့ ပေးပို့သည့်စာတွင် ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပမည့် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲတွင် ဖတ်ကြားနိုင်ရန် ပေးပို့လာသော စာတမ်းများကို စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် စာတမ်းဖတ်ပွဲကို ကြီးကြပ်မည့် သဘာပတိအဖွဲ့ဝင်များက ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၈ ရက်၌ လဲလှယ်ဖတ်ရှုပြီး စာတမ်းဖတ်ပွဲတွင် ဖတ်ကြားရမည့် စာတမ်းများကို ရွေးချယ်ခဲ့ကြောင်း၊ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲတွင် ဖတ်ကြားနိုင်ရန် လူကြီးမင်းက “ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ နောက်ပိုင်း သမိုင်းခေတ်ပြိုင် သမိုင်းမော်ကွန်းများ စာတမ်း ပေးပို့လာကြောင်း၊ လူကြီးမင်း၏စာတမ်းသည် ယခုဖတ်ကြားမည့် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်း ခေါင်းစဉ်နှင့် အနည်းငယ် ကွဲလွဲသည်ဟု ယူဆသောကြောင့် ဆိုင်းငံ့ထားရန် ကော်မတီဝင်များနှင့် သဘာပတိအဖွဲ့ဝင်များက ဝမ်းနည်းစွာ ဆုံးဖြတ်ခဲ့ကြောင်းနှင့် နောင်ပြုလုပ်မည့် စာတမ်းဖတ်ပွဲများတွင် ပါဝင်ဖတ်ကြားနိုင်ရေး လူကြီးမင်းကို ဆက်လက် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ကော်မတီအနေဖြင့် အသိပေးပြန်ကြားအပ်ပါသည်”  ဟု ရေးသားထားသည်။
 
“ဒါလားဟဲ့ ဒီမိုကရေစီ။ ဒါလားဟဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်းပြောရင် စာပေဗိမာန်လို အဖွဲ့အစည်းမျိုးမှာ စာတမ်းပေးဖို့ စိတ်ကူးမရှိဘူး။ သို့ရာတွင် ကျွန်တော်တို့ လေးစားတဲ့ စာရေးဆရာ ထက်မြက်က စာရေးဆရာများသမဂ္ဂဥက္ကဋ္ဌ အနေနဲ့ တောင်းလို့ ကျွန်တော်တို့က ပေးတာ။ သူတို့အကြောင်းကို ကျွန်တော်တို့သိပြီးသား။ သူတို့ ဘယ်လိုအဖွဲ့အစည်းဆိုတာ ကျွန်တော်တို့သိပြီးသား။ သို့ရာတွင် ကျွန်တော်တို့ လေးစားတဲ့ စာရေးဆရာ ထက်မြက်က တောင်းတဲ့အတွက် ကန့်သတ်မှု ဘာမှမရှိဘူးဆိုလို့ တင်လိုက်တာ။ ကျွန်တော်ရေးတာ ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီးကို မှတ်တမ်းတင်တာပဲဗျာ။ ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီးကို မှတ်တမ်းတင်တာ ဘာများ ခွင့်မပြုနိုင်စရာ ရှိသလဲ။ စစ်အစိုးရလက်ထက်မှာတောင် ပြောခွင့်ရ။ ကျွန်တော်တင်ပြတဲ့ စာတမ်းထဲမှာပါတဲ့ အချက်တွေက ရှစ်ဆယ့်ရှစ် ပထမဆုံး န ၀ တ စစ်အစိုးရလက်ထက် က ရေးခဲ့တဲ့စာတချို့နဲ့ နောက် ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရေးခဲ့တဲ့သတင်းစာထဲက စာတချို့ကို ကျွန်တော်တို့ပေါင်း တင်တာဗျ။ အဲဒါတွေကို စာပေဗိမာန်က ခွင့်မပြုဘူးဆိုတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး” 
ဟု ဦးသိန်းသန်းဦးက ဆိုသည်။
 
ထို့ပြင် မြန်မာ့နိုင်ငံရေး လေ့လာသည့် ဆောင်းပါးများ ရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်း၏ “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကျပ်အတည်း” ခေါင်းစဉ်ဖြင့်ရေးသားခဲ့သည့် စာတမ်းနှင့် စာရေးဆရာ နောင်ကျော်၏ “ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက် မတ်စောက်သော လမ်းများ”  ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့်စာတမ်းများမှာ လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိသည်ဟု ယူဆသောကြောင့် ဆိုင်းငံ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံ ပေးပို့ထားသည့်စာများအရ သိရသည်။
 
“ဒါဟာ ဒီမိုကရေစီ တကယ်ရှိနေလား၊ မရှိဘူးလားဆိုတာကို သက်သေပြချက်ပဲဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီမိုကရေစီ မရှိသေးဘူးဆိုတာကို ဒါက သက်သေပြချက်ပဲပေါ့ဗျာ” ဟု စာရေးဆရာ နောင်ကျော်က ပြောကြားသည်။
 
စာတမ်းဖတ်ပွဲသည် မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲအတွက် လိုအပ်သည်ဟု နားလည်ကြောင်း၊ ထို့ကြောင့် ကော်မတီ၏ကိုယ်စား ကော်မတီဒုတိယဥက္ကဋ္ဌက စာတမ်းတောင်းသည့်အတွက် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ စာတမ်းအပေါ်တွင် ဆင်ဆာဖြတ်ခြင်း၊ ရွေးချယ်ခြင်းမျိုး လုပ်ဆောင်မည်ဟု အသိပေးခဲ့ခြင်း မရှိသည့်အတွက် ယုံကြည်မှုအပြည့်ဖြင့် စာတမ်းကို ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က စာတမ်းတောင်းသည်မှာ မှန်သော်လည်း ကော်မတီတစ်ရပ်လုံးကို ကိုယ်စားပြုပြီး တောင်းခြင်းဖြစ်သည့်အတွက်ကြောင့် ကော်မတီတစ်ရပ်လုံးအနေဖြင့် စာတမ်းတောင်းမှုအပေါ်မှာ ပြန်လည်ဖြေရှင်းပေးရန် လိုအပ်ကြောင်းနှင့် တိုင်းပြည်၏ အေ့ပြာင်းအလဲ ကာလတွင် ပညာရှင်တွေအချင်းချင်းကြား၊ လေ့လာသုံးသပ်သူတွေ အချင်းချင်းကြား အပြန်အလှန်လေးစားမှု၊ တန်ဖိုးထားမှု၊ အသိအမှတ်ပြုမှုသည် အရေးကြီးကြောင်း ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။
 
“ပြည်သူလူထုအများစု ဆန္ဒနဲ့ရွေး ကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရ လက်ထက်မှာ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့လိုအပ်တယ်လို့ မြင်တယ်။ ဥပမာ နိုင်ငံရေးနဲ့ပတ် သက်တဲ့ စာတမ်းဖတ်ပွဲတွေမှာ ဆိုလို့ရှိရင် အကန့်အသတ်တွေ တတ်နိုင်သမျှ နည်းဖို့ လိုအပ်တယ်။ နောက်ပြီးတော့ အားလုံးပါဝင်တဲ့ ပုံစံမျိုးဖြစ်ဖို့ လိုအပ်တယ်။ အဲဒီလိုပုံစံမျိုးနဲ့ သွားမှသာလျှင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကလည်းပဲ ထိထိရောက်ရောက်နဲ့ အလုပ်ဖြစ်နိုင်မယ်လို့ မြင်တယ်။ လက်ရှိကျွန်တော် အပါအဝင်ပေါ့လေ။ စာတမ်းအချို့ကို ဆိုင်းငံ့ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဒါဟာ အစိုးရသစ်အနေနဲ့ပေါ့လေ။ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို တကယ်ပဲသွားနေရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ဒီလိုစာတမ်းတွေ၊ စာအုပ်တွေကို ပိတ်ပင်တာတို့၊ တားမြစ်တာတို့၊ ကန့်သတ်တာတို့၊ ဆင်ဆာဖြတ်တာတို့ဆိုတာ တကယ်တမ်းကတော့ အာဏာရှင်စနစ် ကျင့်သုံးတဲ့နိုင်ငံတွေမှာပဲ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အထမျိုးပေါ့။ ဒါပေမဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံတွေမှာလည်းပဲ ညှိနှိုင်းထိန်းကျောင်းတဲ့ သဘောတွေတော့ ရှိတယ်။ သို့သော်လည်းပဲ ခုနကပြောသလို စာတမ်းကို တိုင်းပြည်နဲ့ပြည်သူလူထုအကျိုးအတွက် တကယ်ကို ထိထိရောက်ရောက်နဲ့ လိုအပ်တဲ့စာတမ်းမျိုးတွေကိုတော့  ခွင့်ပြုဖို့ လိုအပ်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့နိုင်ငံလိုမျိုး ဒီမိုကရေစီ အပြောင်းအလဲကို သွားနေတဲ့နိုင်ငံမျိုးမှာဆိုရင် များများဆွေးနွေးဖို့ လိုတယ်။ များများပြောဖို့လိုတယ်။ များများငြင်းခုံဖို့ လိုတယ်။ ဒါမှသာလျှင် ကျွန်တော်တို့ဟာ အကောင်းဆုံးအဖြေကို အကောင်းဆုံးနည်း အနီးစပ်ဆုံး အောင်မြင်မှုနဲ့ အနီးစပ်ဆုံးအဖြေကို ရနိုင်မယ်လို့ သုံးသပ်တယ်” ဟု ၎င်းက ပြောကြားသည်။ 
 
“၁၄ စောင်ရွေးတယ်ဆိုတော့ ၁၂ စောင်လောက်က မသုံးဘူးပေါ့ကွာ။ ပယ်တဲ့သဘောပါပဲ။ ရွေးတာကတော့ အသေးစိတ်ပြောရရင်တော့ ခြုံကြည့်တယ်ကွ။ ဆရာလည်း တချို့ဟာတွေက မေ့နေပြီကွ။ ဝန်ကြီးက ချမှတ်ပေးတဲ့အချက် ၁၄ ချက်တို့ ဘာတို့ပါတယ်။ ဒါပေမဲ့ ဆရာသိသလောက် အရင်တုန်းကတော့ စာတမ်းက သူတို့ဖတ်မယ့်စာတမ်းက အရင်အပတ်က ကျင်းပတဲ့ နိုင်ငံရေး စာပေစာတမ်းဖတ်ပွဲ။ အခုအပတ်ကျင်းပမယ့် စာတမ်းကတော့ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ။ အဲဒီတော့ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေနဲ့ ပတ်သက်တဲ့ စာတမ်းတွေပဲ သူတို့ရွေးချယ်ကြတယ်။ အဲဒီလိုရွေးချယ်တဲ့အခါမှာလည်း ဘာမရွေးရဘူး။ ညာမရွေးရဆိုတဲ့ အကန့်အသတ်တွေမရှိပါဘူး။ ဒါပေမဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အဲဒီမူကို အခြေခံတဲ့စာတမ်းတွေကို အဓိကထားပြီး ရွေးပါတယ်။ အထူးအနေနဲ့ နောက်တစ်ခါ စာပေစာတမ်းတွေကို ရွေးပါတယ်။ အဲဒါကြောင့်မို့  အဲဒီပယ်တယ် ဆိုတာကတော့ ခုနကပြောလိုက်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးမူတွေတို့၊ နောက်တစ်ခါ စာပေစာတမ်း မဟုတ်တာတို့ဆိုတဲ့အပေါ်မှာ နောက်တစ်ခါ စာတမ်းရဲ့ဂုဏ်အင်္ဂါနဲ့ မညီညွတ်တာတွေကို ပယ်တာပဲဖြစ်တယ်လို့ အကြမ်းဖျင်းသိတယ်” ဟု စာပေစာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ စာရေးဆရာ ထက်မြက်က ပြောကြားသည်။ 
 
စာတမ်းဖတ်ပွဲတွင် ဖတ်ခွင့်မရသည့် စာတမ်းများ စုစည်း၍ စာတမ်းဖတ်ပွဲ ကျင်းပရန်နှင့် စာအုပ်ထုတ်ဝေရန် စီစဉ်ထားကြောင်း ဦးသိန်းသန်းဦးက ဆိုသည်။

Most Read

Most Recent