ဇီကာဗိုင်းရပ်စ် သံသယ လက္ခဏာများ တွေ့ရှိခဲ့သည့် လမ်းမတော်မြို့နယ်မှ ခြောက်နှစ်အရွယ် ကလေးငယ်တွင် ရောဂါပိုး ကူးစက်ထားခြင်း မရှိကြောင်း ကျန်းမာရေးဌာန အတည်ပြု

ဇီကာဗိုင်းရပ်စ် သံသယ လက္ခဏာများ တွေ့ရှိခဲ့သည့် လမ်းမတော်မြို့နယ်မှ ခြောက်နှစ်အရွယ် ကလေးငယ်တွင် ရောဂါပိုး ကူးစက်ထားခြင်း မရှိကြောင်း ကျန်းမာရေးဌာန အတည်ပြု
Published 17 November 2016
အိသဉ္ဇာကျော်

ဇီကာဗိုင်းရပ်စ် သံသယလက္ခဏာများ တွေ့ရှိခဲ့သည့် လမ်းမတော်မြို့နယ်မှ ခြောက်နှစ်အရွယ် ကလေးငယ်တွင် ဇီကာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ထားခြင်း မရှိကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က နိုဝင်ဘာ ၁၇ ရက်က အတည်ပြု ပြောကြားသည်။
“ဇီကာရောဂါ လက္ခဏာတွေ တွေ့ခဲ့လို့ အဲဒီကလေးကို ဇီကာသံသယ လူနာအဖြစ် သတ်မှတ်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ အားလုံးလုပ်ပါတယ်။ ဒီနေ့ (နိုဝင်ဘာ ၁၇ ရက်)မှာ အဖြေရပါတယ်။ ရောဂါပိုးကူးစက်မှု မရှိပါဘူး။ ဇီကာရောဂါပိုး မတွေ့ဘူးဆိုပေမယ့် ကလေးကဖျားတယ်။ ခန္ဓာကိုယ်မှာ အနီစက်တွေ တွေ့ရတဲ့အတွက် ဝက်သက်၊ ဂျိုက်သိုး၊ သွေးလွန်တုပ်ကွေး စတဲ့ ရောဂါတွေကိုလည်း စစ်ဆေးနေပါတယ်” ဟု ဒေါက်တာ သန်းထွန်းအောင်က ပြောကြားသည်။
ဇီကာရောဂါပိုး ကူးစက်ခံခဲ့ရသည့် လူနာတစ်ဦး ရန်ကုန်မြို့တွင် တွေ့ရှိခဲ့ပြီးနောက် ရောဂါလက္ခဏာပြခြင်း (သို့မဟုတ်) သံသယ ရှိခြင်းတို့ကြောင့် ရောဂါကူးစက်မှု ရှိ မရှိ ကျန်းမာရေး ဌာနများသို့ လာရောက်စစ်ဆေးမှု ခံယူသူများ ရှိသည့်အတွက် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရောဂါပိုး ထပ်မံကူးစက်ခံရသူ မရှိကြောင်း သိရသည်။
လက်ရှိအချိန်အထိ သံသယလူနာ ၅၀ ဦးထံမှ သွေးနှင့်ဆီး ဓာတ်ခွဲနမူနာများ ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဇီကာဗိုင်းရပ်စ်ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ပြီး လူနာအားလုံးတွင် ဇီကာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု မတွေ့ရှိရကြောင်းနှင့် ဆေးရုံအခြေပြု ရောဂါစောင့်ကြပ် ကြည့်ရှုမှုအရ ဇီကာဗိုင်းရပ်စ် ရောဂါကြောင့် ဖြစ်ပွားသည့် ဦးခေါင်းသေးငယ်သော ကလေးမွေးဖွားမှုများ လက်ရှိအချိန်အထိ  မတွေ့ရှိရကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ 
မည်သည့် ကိုယ်ဝန်ဆောင်မဆို မွေးလာသည့် ကလေးများ၌ ဦးခေါင်းသေးခြင်း အပါအဝင် အခြားမွေးရာပါ ချို့ယွင်းချက်များ ရှိပါက ဇီကာဗိုင်းရပ်စ် ကူးစက်မှု ရှိ မရှိ စစ်ဆေးနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနသို့ သတင်းပို့ရန် ညွှန်ကြားထားကြောင်း သိရသည်။
ဇီကာရောဂါ ဖြစ်ပွားသည့် နိုင်ငံများသို့ သွားရောက်သူများနှင့် အလုပ်လုပ်ကိုင်နေသူများ နိုင်ငံတွင်းသို့ ပြန်လာစဉ် သံသယရောဂါ လက္ခဏာများ တွေ့ရှိပါက ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနသို့ ဆက်သွယ် အကြောင်းကြားရန် သတိပေး နှိုးဆော်ထားသည်။
 

Most Read

Most Recent