အခြေခံသိပ္ပံပညာ၏ နေရာ

အခြေခံသိပ္ပံပညာ၏ နေရာ
Published 16 November 2016
မြေနီသစ္စာ

“အပင်နှင့် သတ္တဝါများသည် သက်ရှိများ ဖြစ်ကြသည်။ လူနှင့် တိရစ္ဆာန်အမျိုးမျိုးကို စုပေါင်း၍ သတ္တဝါများ ဟုခေါ်သည်။ သတ္တဝါများသည် အပင်များကို အမှီပြုလျက် အသက်ရှင် နေထိုင်ကြသည်။ သက်ရှိများ၊ အသက်ရှင် နေထိုင်ရန် လေထုနှင့် ရေထုတို့လည်း လိုအပ်သည်”
တတိယတန်း ကျောင်းသား ကလေးငယ်၏ စာအံသံဖြစ်သည်။ ယင်းကလေးငယ်သည် ကျွန်တော့်မြေး သီဟကိုကို၏ သား၊ မြစ်ကလေး ကောင်းကောင်းကိုကို ဖြစ်သည်။
တိုင်းပြည်ကြီးပွား တိုးတက်ရေးတွင် သိပ္ပံပညာသည် အမှန်တကယ် အရေးပါအရာရောက်သော နေရာက ရပ်တည် ပို့ဆောင်ပေးနိုင်သည်ကို မိမိယုံကြည်သည်။ အထူးသဖြင့် ကလေးသူငယ်တို့၏ ပညာရေးတွင် အခြေခံသိပ္ပံပညာ၏ ထိရောက်မှုကို မိမိသိရှိသည်။ နားလည်သည်။
အခြေခံသိပ္ပံပညာနှင့် အတော်ရင်းနှီးနေသော စာသင်သားကလေးတို့ကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ယင်းကလေးတို့သည် တစ်နေ့သ၌ သိပ္ပံပညာရှင်ကြီးများ ဖြစ်လာအောင် အမှန်ပင် သိပ္ပံပညာက ပြုစုပျိုးထောင်ပေးနိုင်ပေသည်။
မြစ်ကလေး ကောင်းကောင်း စာအော်ဖတ်နေလျှင် အထူးသဖြင့် အခြေခံသိပ္ပံပညာကို စာအံနေသည်ဆိုပါက သူသည် လမ်းကြောင်းဖြောင့်မှန်နေပြီဟူသော အသိဖြင့် ကျွန်တော်ဝမ်းသာသည်။ ကြည်နူးမိသည်။ပညာရှင်တို့သည် မူလတန်းအခြေခံ သိပ္ပံပညာကို ရေးသားပြုစုရာတွင် ရည်ရွယ်ချက် ငါးရပ်ကို ထားရှိသည်။
သဘာဝဖြစ်စဉ်များတွင် ဤကမ္ဘာပေါ်မှာ စူးစမ်းလေ့လာနိုင်စရာ အများကြီးရှိသည်။ ပထမဦးဆုံးက စာသင်သားကလေး သူငယ်တို့ သဘာဝဖြစ်စဉ်တို့ကို စိတ်ဝင်စားဖို့လို၏။ စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်လာပြီဆိုပါက သူငယ်တို့ စူးစမ်းလေ့လာလိုကြမည်။ ယင်းသို့ သဘာဝဖြစ်စဉ်များကို စိတ်ဝင်စားပြီး စူးစမ်းလေ့လာလိုသော အလေ့အကျင့်များ ရရှိလာစေရန် မူလတန်း၊ အခြေခံသိပ္ပံပညာကို သင်ကြားခြင်းပင် ဖြစ်သည်။
သဘာဝအရင်းအမြစ်များသည် မိမိတို့ နေ့စဉ်ဘ၀ ရပ်တည်မှုကို အကျိုးပြုလျက်ရှိ၏။ ယင်းသို့ အကျိုးပြုပုံတို့ကို စာသင်သားကလေးတို့ သိရှိဖို့လို၏။ မိမိတို့၏ နေ့စဉ်ဘ၀ ရပ်တည်မှုတွင် သဘာ၀ အရင်းအမြစ်များ၏ အကျိုးပြုပုံကို သိရှိအသုံးချတတ်ရန် အတွက်လည်း အခြေခံသိပ္ပံပညာကို ကလေးသူငယ်တို့အား သင်ကြားပေးရခြင်းပင်။
စာသင်သားကလေးတို့ အနေဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် ချစ်ခင်မြတ်နိုးစိတ် ကိန်းဝပ်နေအောင် အခြေခံသိပ္ပံပညာက ပြုစုပျိုးထောင်ပေးရပေမည်။ ယင်းသို့ ပြုစုပျိုးထောင်ပေးရုံ သာမက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်နှင့် ပြုစုပျိုးထောင်တတ်ကြစေရန်ကိုလည်း သင်ကြားပေးသွားရပေမည်။
ကလေးတို့သည် ငယ်စဉ်လူမှန်းသိစ အချိန်ကစ၍ တစ်ကိုယ်ရေ ကျန်းမာရေးသည် မရှိမဖြစ် ကျင့်သုံးတတ်ရပေမည်။ ထို့အတူ ကလေးတို့အဖို့ မိသားစု ကျန်းမာရေးဆိုင်ရာ အသိပညာသွတ်သွင်းပေးမှု သာမက မိသားစု ကျန်းမာရေးဆိုင်ရာ အသိပညာနှင့်အညီ နေထိုင်စားသောက်တတ်ရန်လည်း ဆရာများက သင်ကြားပေးသွားကြရပေမည်။
စားသုံးရန်အတွက် ကုန်ထုတ်လုပ်မှုသည် မရှိမဖြစ် လိုအပ်၏။ ကုန်ထုတ်လုပ်မှု တိုးတက်ရေးကို သိပ္ပံပညာဖြင့် ချီးမြှင့် တည်ဆောက်ပေးနိုင်၏။ ကုန်ထုတ်လုပ်မှု တိုးတက်ရေးတွင် သိပ္ပံပညာ၏ အရေးပါပုံကို သိရှိကြရန် ဆရာများက စာသင်သားကလေးတို့ကို သင်ကြား ပို့ချပေးသွားရပေမည်။
ကျောင်းသားသူငယ်တို့သည် ပျော်ရွှင်မှုကို နှစ်သက်ကြ၏။ ပညာပေးမှုကို ပျော်ရွှင်မှုနှင့် ပေါင်းစပ်ပေးနိုင်ပါလျှင် ပညာသင်ကြားခြင်း၏ ထိရောက်မှုကို ပေးစွမ်းနိုင်ပေလိမ့်မည်။ ယင်းကြောင့် ဆပ်ပြာဖြင့် ပူဖောင်းကလေးတွေ ဖြစ်ပေါ်လာအောင် ကလေးတို့ ကစားခြင်းဖြင့် ပျော်ရွှင်မှု ရလာကြပေမည်။ အလားတူ ပြေးခုန်ပစ် ကစားပွဲများတွင်လည်း သိပ္ပံပညာကို ကျန်းမာပျော်ရွှင်ရေးမှာ လေ့ကျင့်ပေးထားခြင်းဖြင့် သိပ္ပံပညာ သင်ကြားပေးခြင်း၏ ရည်မှန်းချက်သည် လိုရာပန်းတိုင်သို့ ရောက်အောင် စွမ်းဆောင်ပေးနိုင်ပါလိမ့်မည်။
ကလေးသူငယ်တို့နှင့် အနီးစပ်ဆုံး ထိတွေ့နိုင်သည့် အရာများသည် အပင်များဖြစ်ကြ၏။ အပင်အများစုသည် ကုန်းပေါ်တွင် ပေါက်ရောက် ရှင်သန်ကြ၏။ အလားတူ ကြာပင်၊ ရေမှော်ပင် စသည်တို့ကတော့ ရေ၌ ပေါက်ရောက်ရှင်သန်သော အပင်များ ဖြစ်ကြပေသည်။ စာသင်သား ကလေးငယ်တို့ကို အပင်များ စိုက်ပျိုးပြသခြင်း၊ လက်တွေ့ လုပ်ခိုင်းခြင်းတို့ဖြင့် ကလေးသူငယ်တို့သည် သစ်ပင်ချစ်သော စိတ်ဓာတ်တို့ကို ပြုစုပျိုးထောင် ပေးသွားနိုင်ပေသည်။
လူသားတိုင်းတွင် ပတ်ဝန်းကျင်ကို သိမြင်၍ ပြန်လည် တုံ့ပြန်နိုင်သည့် စွမ်းရည်တို့ ရှိကြပေသည်။ လူသားတိုင်းပင် အာရုံခံအင်္ဂါများ ပါဝင်ဖွဲ့စည်း တည်ဆောက်ထားမှု ရှိပေသည်။ လူတိုင်းလူတိုင်းတွင် အာရုံခံအင်္ဂါ ငါးမျိုး ရှိသည်။ မျက်စိ၊ နား၊ လျှာ၊ နှာခေါင်းနှင့် အရေပြား တို့ဖြစ်ကြသည်။ မြင်နိုင်ရန်အတွက် မျက်စိကို အသုံးချသည်။ ကြားသိရန်အတွက် နှားနှစ်ဖက်တို့က ဆောင်ရွက်ပေးသည်။ အရသာခံရန် အတွက်မူ လျှာသည် အသုံးကျ အင်္ဂါဖြစ်သည်။
မွှေးသည်၊ နံသည်၊ ညှော်နံ့နှင့် တူးခြစ် နံ့တို့သည် နှာခေါင်းက အနံ့ခံပေးသည်။ ထို့အတူ အရေပြားဟု ဆိုအပ်သော ခြေလက်တို့ကလည်း အတွေ့အထိ အာရုံခံစားနိုင်ရန် အသုံးပြုတတ်ကြသည်ပင်။သိပ္ပံပညာသည် အင်အားနှင့် စွမ်းအင်တို့ ဖြစ်ပေါ်လာမှုကိုလည်း ဖော်ထုတ်ပေးသည်။ အသက်ရှင်ခြင်း၊ ကြီးထွားခြင်း၊ မျိုးပွားခြင်း၊ ခံနိုင်ရည်ရှိခြင်း စသည်တို့ဖြစ်စေရန် လိုအပ်သည့် အင်အားကို စွမ်းအင်ဟု ခေါ်ပေသည်။ လူနှင့် သတ္တဝါတို့အဖို့ အင်အားကို အသက်ရှူခြင်းနှင့် အစာစားခြင်းတို့က ရရှိပေသည်။
လူသတ္တဝါတို့သည် အင်အားကို အသုံးပြုပြီးသော် ကြီးထွားခြင်း၊ ရွေ့လျားခြင်း၊ သယ်ဆောင်ခြင်း၊ မျိုးပွားခြင်းစသော လုပ်ငန်းဆောင်တာတို့ကို လုပ်ဆောင်ခြင်းဖြင့် ရပ်တည်ကြလေသည်။ ယင်းတို့ကို အခြေခံ သိပ္ပံပညာက ဖော်ထုတ်ပေးသည်။
အခြေခံသိပ္ပံပညာသည် တစ်နေ့သ၌ ကမ္ဘာကြီးကို စည်ပင်တိုးတက်အောင် တည်ဆောက်သွားနိုင်ကြမည့် စာသင်သားကလေး သူငယ်တို့အပေါ် ကျယ်ပြန့်စွာ အကျိုးပြုနိုင်သော သက်ရောက်မှုတို့ဖြင့် စွမ်းဆောင်သွားနိုင်ကြမည် ဖြစ်ပါကြောင်း သုတအဖြာဖြာကို တင်ပြလိုက်ရပါသည်။

Most Read

Most Recent