လှိုင်သာယာမြို့နယ်တွင် ရဲအရာရှိဟုဆိုကာ အမျိုးသမီးတစ်ဦးကို ရိုက်နှက်၍ ရွှေထည်များ လုယူပြီး မဖွယ်မရာ ပြုလုပ်သူအား ဖမ်းဆီး

လှိုင်သာယာမြို့နယ်တွင် ရဲအရာရှိဟုဆိုကာ အမျိုးသမီးတစ်ဦးကို ရိုက်နှက်၍ ရွှေထည်များ လုယူပြီး မဖွယ်မရာ ပြုလုပ်သူအား ဖမ်းဆီး
Published 15 November 2016
သန့်ဇင်ကျော်

လှိုင်သာယာမြို့နယ်တွင် ရဲအရာရှိဟု ပြောဆိုပြီး အမျိုးသမီးတစ်ဦးအား ရိုက်နှက်ကာ ရွှေထည်ပစ္စည်းများ လုယူ၍ မဖွယ်မရာ ပြုလုပ်သူအား ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။နိုဝင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီခွဲခန့်က လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်တွင် နေထိုင်သည့် မ.... (၂၄ နှစ်) သည် ၎င်း၏ခင်ပွန်း၊ ယောက္ခမ၊ ခဲအိုဖြစ်သူတို့နှင့် အတူ လှိုင်သာယာမြို့နယ် (၈)ရပ်ကွက် ရွှေရင်အေးဘုရားပွဲမှ စက်ဘီးစီးပြီး ပြန်လာစဉ် ရွှေလင်ပန်းရွာ မူကြိုလမ်းဆုံအနီး အရောက်၌ အရပ်ဝတ်ဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ၎င်းမှာ ရဲအရာရှိတစ်ဦးဖြစ်ကြောင်း ပြောဆိုကာ စစ်ဆေးရန် ရှိသည်ဟု ပြောကြားခဲ့သည်။ထို့နောက် မ.... (၂၄ နှစ်) တို့အဖွဲ့ ဝတ်ဆင်ထားသည့် ပုဆိုးနှင့် ထဘီများကို ဖြန့်ခါခိုင်းခဲ့ကြောင်း သိရသည်။ထိုသို့ ဖြန့်ခါခိုင်းခဲ့ပြီးနောက် မ....(၂၄ နှစ်) အား စစ်မေးရန်ရှိသဖြင့် ရွှေလင်ပန်းရွာ ရာအိမ်မှူး၏အိမ်သို့ လိုက်ခဲ့ရမည်ဟု ပြောဆိုပြီး  မ.... အား ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ထိုသို့ ခေါ်ဆောင်သွားစဉ် ရွှေလင်ပန်း စက်မှုဇုန် ဦးမြဲလမ်းရှိ ဆောက်လုပ်ရေးစက်ရုံတစ်ခု အနီး အရောက်တွင် ဆိုင်ကယ်အားရပ်ပြီး အဆိုပါ ရဲအရာရှိဟု ဆိုသူက မ.... ၏ ပါးအားရိုက်ကာ ဆွဲကြိုးကို ချွတ်ခိုင်းသဖြင့် မ.... က ရဲစခန်းရောက်မှ ချွတ်ပေးမည်ဟု ပြောဆိုရာ ထပ်မံချွတ်ခိုင်းသဖြင့် လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးအား ချွတ်ပေးလိုက်ကြောင်း သိရသည်။ယင်းသို့ ဆွဲကြိုးအား ချွတ်ပေးလိုက်ပြီးနောက် လက်တွင်ဝတ်ထားသော ရွှေဟန်းချိန်းကိုပါ ၎င်းရဲအရာရှိဟု ဆိုသူက ချွတ်ယူခဲ့ပြီး မ.... ၏ ခန္ဓာကိုယ် နေရာအချို့အား မဖွယ်မရာ ကိုင်တွယ်ခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။ထိုသို့ ပြုလုပ်နေစဉ် မ.... ၏ ခင်ပွန်းဖြစ်သူနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ရောက်ရှိလာသည့်အတွက် အဆိုပါ ရဲအရာရှိဟု ဆိုသူမှာ ထွက်ပြေးသွားခဲ့ပြီး လိုက်လံ ဖမ်းဆီးခဲ့သည်။ထိုသို့ လိုက်လံဖမ်းဆီးရာ ရဲအရာရှိ ဟန်ဆောင်ခဲ့သည့် လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက်နေ ရဲထွဋ်ဝင်း (၄၄ နှစ်) အား ယင်းပတ်ဝန်းကျင် အနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်မှ ရဲအရာရှိ အယောင်ဆောင်သူ ရဲထွဋ်ဝင်းအား လှိုင်သာယာမြို့မ ရဲစခန်းက (ပ)၂၄၄၁/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/၃၅၄/၁၇၀ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။