Pee Mak မင်းသား Mario Maurer ပါဝင်သည့် Penshoppe Fashion Show ကို နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ Inya Lake Hotel ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Fashion Show တွင် ဥက္ကာမင်းမောင်၊ ဆန်းတိုးနိုင်၊ ပိုင်တံခွန်၊ ထူးအောင်၊ မိုးစက်ဝိုင်၊ ရွှေအိမ်စည်၊ ချွန်ချွန်၊ အိန်ဂျယ်လမုန် အစရှိသည့် မော်ဒယ်များအပြင် အခြားသောမော်ဒယ်များမှ Penshoppe Brand များကို ဝတ်ဆင်ပြသခဲ့ပြီး ထိုင်းမင်းသား Mario မှ ပရိသတ်များ မေးမြန်းထားသည့် မေးခွန်းများကို ဖြေကြားပေးခဲ့သည်။
“ကျွန်တော် အရမ်းပျော်ပါတယ်။ မြန်မာက Fan တွေနဲ့တွေ့တဲ့အခါ အရမ်းကိုဖော်ရွေစွာ ကျွန်တော့်ကို ကြိုဆိုကြတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ယဉ်ကျေးမှုတွေ၊ မြန်မာလူမျိုးတွေရဲ့ နွေးထွေးပျူငှာမှုတွေကို အရမ်းသဘောကျတယ်။ နောက်ဒီ Penshoppe က ဒီဇိုင်းတွေကိုလည်း အရမ်းသဘောကျတယ်။ အဲဒါကြောင့် ဒီ Penshoppe ရဲ့ Brand Ambassador အဖြစ် လက်ခံလိုက်တာပါ” ဟု ထိုင်းမင်းသား Mario Maurer က ဆိုသည်။
ထို့ပြင် အဆိုပါ Show ပွဲနှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mario Maurer က “မြန်မာနိုင်ငံကို နောက်ထပ်တစ်ကြိမ် လာခွင့်ရမယ်ဆိုရင် လာချင်ပါတယ်။ မြန်မာနဲ့ ထိုင်းဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းရင်လည်း လက်ခံမှာပါ” ဟု ပြောကြားသည်။
အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲတွင် မီဒီယာအသီးသီးမှ မေးမြန်းသည့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ၎င်း၏ မြန်မာပရိသတ်များနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ၎င်း၏အနုပညာ လှုပ်ရှားမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ စသည်တို့ကို Mario Maurer က ပြန်လည်ဖြေကြားခဲ့သည်။
Mario Maurer သည် ယခုအကြိမ် လာရောက်ခြင်းသည် ဒုတိယအကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး အလည်အပတ်ခရီးစဉ်အဖြစ် ထပ်မံလာရောက်ရန် ဆန္ဒရှိကြောင်း သိရသည်။









