UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၏ အလုပ်အဖွဲ့ JMC လုပ်ငန်းစဉ်များ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး

UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၏ အလုပ်အဖွဲ့ JMC လုပ်ငန်းစဉ်များ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး
Published 10 November 2016
ကျော်ဇင်ဝင်း၊ ဇာလီမြင့်ဦး၊ ဝီရမိုးနေ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏  အထောက်အကူပြုအလုပ်အဖွဲ့တို့ဲJMC လုပ်ငန်းစဉ်များအား တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့သည်။အဆိုပါအစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ လက်ရှိအခြေအနေနှင့် ဆောင်ရွက်ထားမှုများအား JMC နည်းပညာအထောက်အကူပြုအဖွဲ့က ရှင်းလင်းတင်ပြခြင်း၊ DPN ၏ နည်းပညာအထောက်အကူပြုအဖွဲ့က မရှင်းလင်းသည်များ မေးမြန်းခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်း၊ နှစ်ဖက်နည်းပညာ အထောက်အကူပြုအဖွဲ့များ ဆက်လက်ညှိနှိုင်း ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။“ကျွန်တော်တို့ JMC အလုပ်အဖွဲ့ကနေ ပြီးတော့ JMC လုပ်ငန်းတွေ လာရှင်းလင်းချပြတဲ့ကိစ္စနဲ့ပဲ အဆုံးသတ်ပါတယ်။ အခြားထူးထွေတော့ ဘာမှမဆွေးနွေးခဲ့သေးဘူး။ ဘာမှ မပြောဘူးလေ။ JMC အလုပ်အဖွဲ့ကနေပြီးတော့ DPN အလုပ်အဖွဲ့တွေကို လာပြီးတော့ ရှင်းလင်းချပြတာပါ။ JMC-U ရဲ့ ToR  နဲ့ ပတ်သက်တာတွေ သူတို့လာရှင်းလင်းချပြတဲ့ အစည်းအဝေးပါပဲ။ အလွတ်သဘော ရှင်းလင်းပွဲပေါ့။ ကျွန်တော်တို့ မရှင်းတာတွေ၊ သိလိုတာတွေ မေးတာပဲ ရှိတာပေါ့နော်။ တခြားထူးထွေတော့ မရှိဘူး”ဟု DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောကြားသည်။ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ NCA လက်မှတ် ရေးထိုးရခြင်းမရှိသေးသည့် အဖွဲ့များဖြစ်သည်။“အဓိကတော့ အားလုံးကြားမှာ စိုးရိမ်တာက DPN ဘက်က စိုးရိမ်တာလည်း NCA လက်မှတ်ထိုးလိုက်ပြီးရင် တိုက်ပွဲတွေ ပြန်ဖြစ်မှာလားပေါ့။ ဒါမဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဒီစိုးရိမ်ချက်ကတော့ တူတယ်။ အစိုးရဘက်မှာလည်း ဒီအတိုင်းပဲ။ တပ်မတော်ဘက်မှာလည်း ဒီအတိုင်းပဲ။ ကျွန်တော်တို့ JMC-U အနေနဲ့လည်း လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေ နဲ့ တိုက်ပွဲဖြစ်လို့ရှိရင် ကျွန်တော်တို့အတွက်လည်း မကောင်းဘူးဆိုတော့လည်းလေ JMC ခိုင်ဖို့ဆိုတာ ရည်မှန်းချက်တူကြတော့ ဆွေးနွေးရတာ အများကြီး အပြုသဘောဆောင်ပါတယ်”ဟု JMC-U အထောက်အကူပြုအလုပ်အဖွဲ့ ပင်မရုံး ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။ထိုသို့ DPN အဖွဲ့နှင့် JMC အလုပ်အဖွဲ့ တွေ့ဆုံမှုသည် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN အဖွဲ့တို့၏ နိုဝင်ဘာ ၁၀ ရက်တွင် ရန် ကုန်မြို့ NRPC ပင်ကျင်းပမည့် တတိယအကြိမ် အစည်းအဝေး၏  အကြိုညှိနှိုင်းမှုဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က  ၎င်း၏ၤ Facebook မှတစ်ဆင့် သတင်းထုတ်ပြန်သည်။DPN အဖွဲ့က JMC နှင့်စပ်လျဉ်းပြီး မေးမြန်းမှုနှင့် ပတ်သက်၍ ဒေါက်တာမင်းဇော်ဦးက “အချက်တွေကတော့ အများကြီးပါ။ ဘာကြောင့် ဒါကိုရေးထားရတာလဲ။ ရေးထားရတဲ့ ရည်ရွယ်ချက်တွေက ဘာလဲ စသည်ဖြင့်ပေါ့။ ဥပမာဆိုပါစို့ ဘာကြောင့်မို့လို့ Union (ပြည်ထောင်စု) အဆင့်မှာ အရပ်သားနဲ့ ပြည်နယ်အဆင့်မှာ အရပ်သား ဘာကြောင့်နည်းရတာလဲ စသည်ဖြင့်ပေါ့နော်။ ဒါမျိုးလေးတွေ မေးတဲ့ဟာတွေ ရှင်းပြတာရှိပါတယ်။ အဓိကတော့ ကျွန်တော်တို့ပြန်ရှင်းပြတာ ဒီ JMC-U  လုပ်ငန်းတွေ အားလုံးက အစိုးရကလည်း တစ်ဖက်သတ်ရေးလို့ မရဘူး။ EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ) ကလည်း တစ်ဖက်သတ်ရေးလို့ မရဘူး။ အားလုံးက စုပေါင်းပြီးတော့ အားလုံးရဲ့သဘောတူညီမှုနဲ့ ရေးသားပြီးတော့ အကောင်အထည်ဖော်တာဖြစ်တယ်ဆိုတာကို ရှင်းပြခဲ့တယ်။အဓိက တချို့ဟာတွေ မရှင်းလင်းတာရှိတယ်ပေါ့နော်။ ဒါတွေကတော့ဖြင့် Bilateral ထိုးတာနဲ့ ကိုက်ရဲ့လားပေါ့။ ကျွန်တော်တို့ကလည်း ဘယ်လိုကိုက်တာဆိုတာ ပြန်ပြီးတော့ ရှင်းပြပါတယ်”ဟု ပြောကြားသည်။ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ နိုဝင်ဘာ ၁၀ ရက် တွေ့ဆုံမှုတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပါအဝင် အာမခံချက်ရှိပြီး အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် အစိုးရထံ အဆိုပြုထားသော အချက်ကိုးချက် နှင့်ပတ်သက်၍ ဆွေးနွေးမည်ဟု DPN အဖွဲ့ ခေါင်းဆောင် ခူဦးရယ်က ပြောကြားသည်။နေပြည်တော်တွင် အောက်တိုဘာ ၁၅ ရက်က ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ တွေ့ဆုံရာတွင် UNFC ၏ အစိုးရထံအဆိုပြုချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ထိုစဉ် အချိန်က အဆိုပြုချက် ရှစ်ချက်အနက် လေးချက်အား သဘောတူညီသည့်ပုံစံ ရရှိခဲ့ကြောင်း ပြောဆိုမှုများရှိသော်လည်း တောင်းဆိုချက်များနှင့် သဘောတူညီချက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ နိုဝင်ဘာ ၈ ရက်တွင် UNFC က  ၎င်းတို့၏ အဆိုပြုချက် ကိုးချက်အား တရားဝင်ထုတ်ပြန်ခဲ့သည်။“အကြောင်းအရာပေါ် မူတည်ပြီးတော့ အဲဒီတုန်းက ကျွန်တော်တို့ပြောခဲ့ကြတာပါ။ အဲဒီတော့ ကျွန်တော်တို့ Process ကို ဘယ်လို သွားမယ်ဆိုတဲ့ သဘောတူညီမှုပါပဲ။ ရှင်းရှင်း ပြောရရင်တော့ အချက်အလက်တွေကို သဘောတူတဲ့ဟာမျိုးတော့ မဟုတ်ပါဘူး။ ဒီအချက်တွေပေါ်မှာ မူတည်ပြီးတော့ ဘယ်လိုဆက်သွားမယ်။ ဘယ်လို ညှိနှိုင်းသွားမယ်ဆိုတဲ့ ဟာကိုပြောတာပေါ့နော်။ ကျွန်တော်တို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လိုဆက်ပြုပြီးတော့ ညှိနှိုင်းဆောင်ရွက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးပါမယ်။ တစ်ရက်နဲ့ လုံလောက်မယ်လို့ ယူဆပါတယ်။ (တစ်ရက်နဲ့မပြီးရင်) ဒါက အခြေအနေပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ နှစ်ဖက်သဘောတူညီမှုအရ ဆက်လုပ်ဖို့လိုရင် ဆက်လုပ်ပါမယ်”ဟု ခူဦးရယ်က ပြောကြားသည်။ 

Most Read

Most Recent