မြန်မာ့ပို့ကုန် အချို့ကို တရုတ်ဘက်မှ အဖမ်းအဆီးများ ရှိနေခြင်းအပေါ် နှစ်နိုင်ငံ ဆွေးနွေးမည်

မြန်မာ့ပို့ကုန် အချို့ကို တရုတ်ဘက်မှ အဖမ်းအဆီးများ ရှိနေခြင်းအပေါ် နှစ်နိုင်ငံ ဆွေးနွေးမည်
Published 8 November 2016
နီလာ

မြန်မာနိုင်ငံမှ အဓိက လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်နှင့် ပြောင်း အပါအဝင် ပို့ကုန်အချို့ကို တရုတ်ဘက်မှ အဖမ်းအဆီးများ ရှိနေခြင်းအပေါ် မြန်မာ-တရုတ်နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။“လယ်သမားတွေ ထွက်တဲ့ ရာသီဆိုတော့ ဈေးကွက်မှာလည်း အဖမ်းအဆီး များနေတယ်။ ဖမ်းဆီးတာက ဆန်ချည်းပဲ မဟုတ်ဘူး။ တရားမဝင်ကိစ္စ အားလုံးကို ဖမ်းဆီးတဲ့ အနေအထား ဖြစ်နေတယ်။ တရားမဝင် ပစ္စည်းပို့တဲ့ ကိစ္စ သွင်းတဲ့ကိစ္စတွေကို ဖမ်းဆီးတဲ့ဟာကို သူတို့ဘက်က လုပ်နေတယ်။ အဲဒီလို ကိစ္စကိုလည်း အောက်ခြေအဆင့် ညှိနှိုင်းဖို့ဟာကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပါဆိုပြီး စခန်းတာဝန်ခံတွေကို အကြောင်းကြားထားပြီးပြီ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။မြန်မာနိုင်ငံမှ ပို့ကုန်အများစုကို နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နေခြင်း ဖြစ်သော်လည်း တရုတ်ဘက်မှမူ တရားဝင်အဖြစ် သတ်မှတ်မထားသဖြင့် မကြာခဏ ဆိုသလို အဖမ်းအဆီးများ ပြုလုပ်နေခြင်း ဖြစ်သည်။မြန်မာနိုင်ငံမှ ဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ Quota ခွဲတမ်းဖြင့် တင်ပို့မှသာ တရားဝင် တင်ပို့ခြင်း ဖြစ်သဖြင့် တရုတ်သို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တစ်ဆင့် ဆန်တန်ချိန် လေးသိန်းကို တရားဝင် တင်ပို့ခွင့်ရရေး သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။“အဓိကကတော့ Quota ရမှပဲ။ တရားဝင်ကတော့ အခုကတော့ တရားဝင်တဲ့ဟာက ဘာတစ်ခုမှ မရှိသေးဘူး။ ဆန်ရော ပြောင်းရော သူတို့ဘက်ကတော့ တရားဝင်လို့ သတ်မှတ်ပေးမထားသေးဘူး။ မှောင်ခိုလို့ သတ်မှတ်ထားတာ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပထမအကြိမ်အဖြစ် ဆန်တန်ချိန် တစ်သိန်း တင်ပို့ရန် Quota ပေးထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ကြောင်း အဆိုပါတန်ချိန် တစ်သိန်းအနက် လက်ရှိအချိန်အထိ တန်ချိန် ခုနစ်သောင်းကျော်ခန့်သာ တင်ပို့နိုင်ခဲ့သည်။လက်ရှိ အချိန်၌မူ တရုတ်သို့ ပင်လယ်ရေကြောင်းမှ မြန်မာ့ဆန်တန်ချိန် နှစ်သိန်း၊ နယ်စပ်ကုန်သွယ်ရေးမှ ဆန်တန်ချိန်နှစ်သိန်းကို Quota ထပ်မံ ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဟု သိရသည်။