97 အဆင့်မြင့်စက်သုံးဆီ အစားထိုးတင်သွင်းရန် စက်သုံးဆီလုပ်ငန်းရှင်များက ဝန်ကြီးဌာနသို့ တင်ပြမည်ဟုဆို

97 အဆင့်မြင့်စက်သုံးဆီ အစားထိုးတင်သွင်းရန် စက်သုံးဆီလုပ်ငန်းရှင်များက ဝန်ကြီးဌာနသို့ တင်ပြမည်ဟုဆို
Published 8 November 2016

97 အဆင့်မြင့်စက်သုံးဆီ အစားထိုးတင်သွင်းရန် စက်သုံးဆီလုပ်ငန်းရှင်များက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြသွားမည်ဟု စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များနှင့် ဆီဆိုင်လုပ်ငန်းရှင်များပါဝင်သည့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများက ပြောကြားသည်။
အောက်တိန်း 95 အစား 97 ကို အစား ထိုးအသုံးပြုရန်စီစဉ်ရခြင်းမှာ ကောင်းမွန် သည့် ယာဉ်အမျိုးအစားများ အသုံးပြုရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်ရန် ရည်ရွည်ခြင်းဖြစ်ကြောင်း၊ တင်သွင်း သည့်ဈေးနှုန်းအရလည်း တစ်စည်လျှင်နှစ် ဒေါ်လာခန့်သာ ကွာခြားချက်ရှိမည်ဖြစ် ကြောင်း မြန်မာနိုင်ငံစက်သုံး ဆီတင်သွင်း ရောင်းချဖြန့်ဖြူး ရေးအသင်းအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
အတွင်းရေးမှူး ဦးဝင်းမြင့်က “92 အမျိုးအစားကိုလည်း အဆင့်မြင့်တဲ့ဟာသွင်းဖို့ လုပ်နေတယ်။ အဓိကတော့ အရည်အသွေးမြင့်ပြီး ဈေးသိပ်မကွာတာ အသုံးပြုနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်” ဟုပြောကြားသည်။ လက်ရှိတွင် ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များအနေဖြင့် ပြည်ပမှ တစ်လလျှင် စက်သုံးဆီတန်ချိန် သုံးသိန်းခန့် တင်သွင်းလျက်ရှိသည်။
တင်သွင်းသည့် စက်သုံးဆီများ၏ နှုန်းထားများကို  ဆိပ်ကမ်းအရောက်တန်ဖိုး၊ အခွန်၊ သိုလှောင်ကန် ငှားခအပါအဝင် သယ်ယူပို့ဆောင်စရိတ်၊ ဝန်ထမ်းစရိတ်၊ မီတာခ၊ မြေငှားရမ်းခ၊ ဆီအလျော့အပါအဝင် စုစုပေါင်း အထွေထွေကုန်ကျစရိတ်များ တွက်ချက်ပြီးစီးသည့် ပမာဏအပေါ် ရောင်းချသည့် လုပ်ငန်းရှင်များမှ အမြတ်လေးရာခိုင်နှုန်း ထည့်သွင်းသတ်မှတ်ကာ ရောင်းချနေသည်။